၈ - ၃ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၀) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ်လ ၈ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ်(၁၀)၌ ငယ်ရွယ်သူ ညီလေး၊ ညီမလေးများသည် အကြီးဖြစ်သူ အစ်ကို၊ အစ်မများ၏ အပြုအမူ များကို အတုယူတတ်၍ အကြီးဖြစ်သူများအနေဖြင့် အမူအကျင့်ကောင်းများကို ပြုလုပ်သင့်ကြောင်း သရုပ် ဖော်ထားသည့် “သမီးမောင်လေး ပိစိကွေး” မျက်နှာဖုံးကာတွန်း၊ ငယ်ရွယ်စဉ်ကတည်းက မိဘများက အလိုလိုက်ထား၍ မည်သည့်ပညာရပ်ကိုမျှ  စိတ်ဝင်စားမှု မရှိသောကြောင့် စောင်းပညာသင်ရာ၌ စောင်း ပညာမတတ်ဘဲ စောင်းကြိုးများသာ ပျက်စီးဆုံးရှုံးသွားပုံကို သရုပ်ဖော်ထားသည့်  “ပိုးသာကုန် မောင်ပုံ စောင်းမတတ်” နှစ်မျက်နှာကာတွန်း၊ မိဘ၏ ဆုံးမစကားကို နားထောင်ခဲ့၍ ကောင်းကျိုးများ ခံစားခဲ့ရ သော ခြင်္သေ့လေးအကြောင်းကို သရုပ်ဖော်ထားသည့် “အိပ်မက်မေ” နှစ်မျက်နှာကာတွန်း၊ သူဌေးကြီး တစ်ဦးကို လိမ်ညာပြောဆိုနိုင်ခဲ့သော ဉာဏ်ပညာထက်မြက်သည့် မောင်သုတအကြောင်းကို သရုပ်ဖော် ထားသည့် “မောင်သုတနဲ့ အလိမ်အညာ” နှစ်မျက်နှာကာတွန်း၊ ကစားမက်သော တူဖြစ်သူကို ဆုံးမစကား ပြောကြားရာ၌ ဥပမာပေးမှားနေသော အဒေါ်ဖြစ်သူအကြောင်းကို သရုပ်ဖော်ထားသည့် “မငွေခင်ပါဝင် သော ကောက်တာချင်း အတူတူ” တစ်မျက်နှာကာတွန်း၊ ကမ္ဘာပေါ်တွင် အမွှေးဆုံးပန်း ဖြစ်သည့် စာရိတ္တ ပန်းအကြောင်းကို သရုပ်ဖော်ထားသည့် “ပန်ပန်” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။

သုတဆောင်းပါးကဏ္ဍတွင် မျက်ခမ်းလှုပ်ခြင်းဖြစ်ပေါ်လာပုံနှင့် ကျန်းမာသော မျက်စိဖြစ်ရန်  ဂရုစိုက်သင့်ကြောင်း ရေးဖွဲ့ထားသည့် “မျက်ခမ်းလှုပ်ခြင်း” သုတဆောင်းပါး ပါဝင်ပြီး မိမိ၏ အနီးအနား တွင်ရှိသော မိတ်ဆွေများ အဝေးသို့ မရောက်ခင် တန်ဖိုးထားဆက်ဆံသင့်ကြောင်း ရေးဖွဲ့ထားသည့် “လူငယ်လေးနဲ့ ရွှေရောင်ငှက်လေး” ပုံပြင်နှင့် မိမိ၏ အမှားကို သိရှိ၍ အချိန်မီပြုပြင်နိုင်ခဲ့သော မောင်အောင်အကြောင်းကို ရေးဖွဲ့ထားသည့် “အဖေ့စကားတစ်ခွန်း” ဝတ္ထုတို့ ပါဝင်ပါသည်။ ပေးထားသော ရုပ်ပုံတို့ကို ကလေးတို့စိတ်ကြိုက် အ‌ရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြရအောင်” ကဏ္ဍ၊  ပေးထားသော ရုပ်ပုံလေးများ၏ အင်္ဂလိပ်စကားလုံးအမည်မှန်များကို ဖြည့်ပေးစေလိုသည့် ဉာဏ်စမ်းနှင့် ‌နွေဦးဆန်းစဖြစ်သည့် တပေါင်းလ၏ သာယာပုံနှင့် ကျင်းပလေ့ရှိသော ရိုးရာပွဲများ အကြောင်းကို သီကုံးစပ်ဆိုထားသည့် “နွေဦးဆန်းစ တပေါင်းလ” ကဗျာတို့ ပါဝင်ပါသည်။ အင်္ဂလိပ်စာ ကဏ္ဍအနေဖြင့် မကြာခဏ ဆူဆူညံညံလုပ်တတ်သော အိမ်နီးနားချင်းများအကြောင်းကို အပြန်အလှန် ပြောဆိုရာ၌ အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူ ပြောနိုင်မည့် “ရွှေသွေးစကားဝိုင်း” ကို လေ့လာနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ