ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၅ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၁)၌ ဖွေးဥတို့အတန်းက စတင်လိုက်သော အတန်းတွင်းစာကြည့်တိုက်လေးမှ ကျောင်းစာကြည့်တိုက်အထိ တိုးတက်လာသောကြောင့် ကျောင်းသူကျောင်းသားများ ဗဟုသုတ ရရှိကာ ပျော်ရွှင်နေကြပုံအကြောင်း သရုပ်ဖော်ထားသည့် “ကျောင်းစာကြည့်တိုက်” မျက်နှာဖုံး ကာတွန်း၊ ကြီးလာလျှင် မျက်စိအထူးကု ဆရာဝန်ကြီး လုပ်မည်ဆိုသော ဂျိုးဂျိုးနှင့် ကျန်းမာရေး ဗဟုသုတများအကြောင်း သရုပ်ဖော်ထားသည့် “ကီးကီ၊ ဂျိုးဂျိုးနှင့် ကျန်းမာရေး” နှစ်မျက်နှာ ကာတွန်း၊ အိပ်မက်ထဲတွင် ရေဘဝဲကြီးကို နှိမ်နင်းနိုင်ခဲ့သည့်် လူငယ်လေးတစ်ယောက်အကြောင်း သရုပ်ဖော်ထားသည့် “ကျွန်းကလေးပေါ်မှာ” နှစ်မျက်နှာဟာသကာတွန်း၊ ကျောင်းသားဆိုသည်မှာ ရိုးသားပြီး ကြိုးစားရမည်ဖြစ်ကြောင်း သရုပ်ဖော်ထားသည့် “ရန်ပိုင်စိုး” နှစ်မျက်နှာကာတွန်း၊ ဉာဏ်စမ်းမေးခွန်းများ၏ အဖြေကို အချက်ကျကျ ပြန်လည်အဖြေပေးနိုင်သော ချက်ပုအကြောင်း သရုပ်ဖော်ထားသည့် “ချက်ပု- ပေါင်းမယ်၊ နုတ်မယ်” တစ်မျက်နှာကာတွန်း နှင့် “သကြား” ဆိုသော စကားလုံးပါအောင် ဝါကျဖွဲ့ဆိုခဲ့သည့် ဘယ်ကျော်အကြောင်း သရုပ်ဖော်ထားသော “ဘယ်ကျော်” မျက်နှာဝက် ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် မျက်စိနာခြင်းကို ဖြစ်စေနိုင်သည့် နည်းလမ်းများနှင့် မျက်စိကျန်းမာရေး အတွက် သတိထားဆောင်ရွက်နိုင်မည့် နည်းလမ်းကောင်းများအကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် မီးဖြင့် ဆော့ကစားမိသဖြင့် ဒုက္ခရောက်ရသော ပေတူးတို့သူငယ်ချင်းတစ်စု အကြောင်းကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍတွင် မည်သည့်အခက်အခဲ ပြဿနာကိုမဆို အဖြေရှာ ဖြေရှင်းနိုင်မည့် နည်းလမ်းကောင်းတစ်ခုကို လက်တွေ့သင်ယူ သဘောပေါက်သွားသည့် လူငယ်လေးတစ်ယောက်အကြောင်း တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲ ထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် ရွှေသွေးတို့လက်ရာကဏ္ဍ၊ ရွှေသွေးတို့ ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် ဉာဏ်စမ်းကဏ္ဍနှင့် ကားအရုပ်မျိုးစုံဖြင့် ကစားမည်ဆိုသော ကလေးငယ်တစ်ယောက်အကြောင်း ရေးဖွဲ့ထားသည့် ဆရာ မန်းတင့်မော်၏ “သားနှင့် ကားရုပ်များ” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် Two-word Verb ဟု ခေါ်သော Phrasal Verb များ၏ အသုံးများနှင့် ပတ်သက်သည့် အင်္ဂလိပ်စကားပြောများကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။