ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ (၅၃)၊ အမှတ် (၂၆)၌ ဖြစ်ပေါ်လာသော အခြေအနေပေါ်တွင် အကြံဉာဏ်ကောင်းများ ထုတ်နိုင်သော ကြွက်ဖခင်အကြောင်းကို ရေးဖွဲ့ထားသည့် “ဉာဏ်ကောင်းတော့” မျက်နှာဖုံးကာတွန်း၊ မှော်နှင်တံ၏ အစွမ်းရှိပုံအကြောင်း ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “ဖိုးလုံးမှော်…” နှစ်မျက်နှာကာတွန်း၊ တိရစ္ဆာန်များကို ကိုယ်ချင်းစာ ကြင်နာသနားစိတ်ထားကာ သဘာဝဘေးမဲ့ သစ်တောဝိုင်းများကို ထိန်းသိမ်းစောင့်ရှောက်တတ်ရမည်ဖြစ်ကြောင်း တင်ဆက်ထားသည့် “ကိုယ်ချင်းစာနာစိတ်” နှစ်မျက်နှာ ကာတွန်း၊ သဘာဝပတ်ဝန်းကျင်ကောင်းကျိုးအတွက် အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်သော သစ်တောသစ်ပင်များအကြောင်း တင်ဆက်ထားသည့် “စိမ်းလန်းပါစေ” နှစ်မျက်နှာ ကာတွန်း၊ လက်ဖက်ရည်တစ်ခွက်လျှင် ခြောက်ရာကျပ်ကျရခြင်းအကြောင်းကို ရှင်းပြနေသော အာတူးအကြောင်းကို ရေးဖွဲ့ထားသည့် “အာတူးရဲ့ ကိုဗစ် တတိယလှိုင်းကို ကြောက်လို့ပါ” တစ်မျက်နှာကာတွန်းနှင့် စကားမပြောတတ်သေးသော ဇူးဇူး၏မောင်လေးအကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ဘယ်ကျော်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် လူသားတို့၏ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံတွင် အဓိကကျသော အရိုးဖွဲ့စည်း တည်ဆောက်ပုံအကြောင်းကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် လူမှုဘဝ နေထိုင်မှုတွင် အချင်းချင်းကိုယ်ချင်းစာတရား ထားတတ်ရန် လိုအပ်ကြောင်းရေးသားထားသည့် “ကိုယ်ချင်းစာမိပါသည်” ဝတ္ထုကို တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍတွင် လောကတွင် ဖြစ်မလာ သေးသော အရာများကို ကြိုတင်တွေးတောပြီး အချိန်ကုန်နေမည့်အစား မိမိလက်ရှိလုပ်ရမည့် အလုပ်ကို အာရုံစူးစိုက်ပြီး သေသေချာချာ လုပ်ဆောင်သင့်ကြောင်း တင်ဆက်ထားသည့် “နက္ခတ်ဗေဒင်ဆရာ” ပုံပြင်ကို ဖတ်ရှုရမည်ဖြစ်သည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထား သည့် ကာတွန်းလက်ရာများကို တင်ဆက်ထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ကလေးတို့ ကိုယ်တိုင် မျက်စိလျင်လျင်ဖြင့် ပါဝင်ဆောင်ရွက်ရမည့် ဉာဏ်စမ်းကဏ္ဍနှင့် ကလေးတို့အနေဖြင့် ကျောင်းနေစာသင်ချိန်တွင် ကျောင်းမှန်မှန်တက်ကာ ပညာကို ကြိုးစားသင်ယူရမည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် “စာသင်ကျောင်းကို သွားကြစို့” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာ ကဏ္ဍအနေဖြင့် သူငယ်ချင်းနှစ်ယောက် လက်ကိုင်ဖုန်းနှင့် စကားပြောနေရာတွင် လိုင်းကောင်းကောင်းမမိဘဲ မကြားရကြောင်းနှင့် ကိုယ်ကာယလေ့ကျင့်ခန်း လုပ်ခြင်းဆိုင်ရာ အပြန်အလှန်ပြောထားသည့် သင်ခန်းစာသစ်အချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။