၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် ပဏာမအဆင့် စိစစ် ရွေးချယ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ သက်ဆိုင်ရာဘာသာရပ်အလိုက် ပဏာမအဆင့် အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဇူလိုင်လ ၈ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ သက်ဆိုင်ရာဘာသာရပ် စိစစ်ရွေးချယ်ရေးကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာမျိုးသန့်တင်၊ ဦးညွန့်ဆွေ (မောင်ဆွေသက်)၊ ဦးတိုးကျော် (စာတည်းမှူးချုပ်) တို့ တက်ရောက်ခဲ့ကြပြီး ဒေါက်တာတိုးလှက ခွင့်ပန်ခဲ့သည်။
အစည်းအဝေးတွင် ပေးပို့လာသည့် ၂၀၂၀ ပြည့်နှစ်အတွင်း ထုတ်ဝေခဲ့သော သက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာ စာအုပ်များ ပဏာမအဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို တက်ရောက် လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့်အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်သွားမည်ဟု သတင်းရရှိသည်။