“အောင်ပန်းဝေ (L.L.B)” ရေးသားသည့် “မြန်မာ့ရုပ်သေး ကြိုးဆွဲနည်းပညာ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“အောင်ပန်းဝေ (L.L.B)” ရေးသားသည့် “မြန်မာ့ရုပ်သေး ကြိုးဆွဲနည်းပညာ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် ၂ဝ၁၇ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“မြန်မာ့ရုပ်သေး ကြိုးဆွဲနည်းပညာ” စာအုပ်သည် မြန်မာ့ရုပ်သေးရုပ်များအား ကြိုးဆွဲကပြရာတွင် ကြိုးဆွဲပုံအခြေခံနည်းပညာများကို ရေးသားတင်ပြထားခြင်းဖြစ်ပါသည်။ ကမ္ဘာ့ရုပ်သေး အမျိုးအစားများနှင့် မြန်မာ့ရုပ်သေးသမိုင်းတို့ကို ဖော်ထုတ်တင်ပြထားသည်။ ရုပ်သေးကြိုးဆွဲရာတွင် အသုံးပြုသည့် ကြိုး၊ ဂျက်၊ ကိရိယာများ၊ တီးကြိုး၊ မောင်းရင်းကြိုး၊ လက်ဖျားကြိုး၊ ကကြိုးများ၏ ဆွဲနည်း၊ သတ်နည်း၊ ကြိုးပြင်နည်း၊ ကြိုးတပ်ဆင်နည်းများကို အသေးစိတ် ရှင်းလင်းရေးသားထားသည်။ 

မင်းသားရုပ်၊ နတ်ကတော်ရုပ်၊ စုန်းမရုပ်၊ ခြင်းလုံးခတ်ရုပ်များနှင့် မြင်း၊ မျောက်၊ ဘီလူး၊ ဇော်ရုပ်များအား ပြင်ဆင်ပုံ၊ ၎င်းအရုပ်များ ကပြရာ၌ ကြိုးတပ်ဆင်ပုံ၊ ကြိုးဆွဲပုံနည်းစနစ်များကို အသေးစိတ်ဖော်ပြသည်။ ထို့ပြင် ဒုတိယကမ္ဘာစစ်အတွင်း ထင်ရှားခဲ့သည့် ရုပ်သေးကြိုးဆွဲပညာရှင်များ အကြောင်းကိုပါ ရေးသားဖော်ပြထားသည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို တန်ဖိုး ၁၈၀၀ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်က ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊ မန္တလေးမြို့  ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
 

အကြံပြုစာ/တိုင်ကြားစာ