“မောင်လွယ်အိတ်” ရေးသားသည့် “ခေတ်သစ်ဂေါတမီ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ပြဇာတ်စာပေ တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“ခေတ်သစ်ဂေါတမီ” စာအုပ်တွင် အခန်းပေါင်း ၃၀ ပါဝင်ပြီး ဇာတ်ကောင်အင်အားများစွာ ပါဝင်သည့် ပြဇာတ်ရှည်ဖြစ်ပါသည်။ စာရေးသူက ကျေးရွာသူ ကျေးရွာသားများ၏ ရိုးရှင်းပွင့်လင်းသော စရိုက်ရှိပုံ၊ တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းကြပုံများ၊ တိုင်းရင်းသားတို့၏ ရိုးသားတည်ကြည်သော စိတ်ဓာတ် များကို နှစ်လိုဖွယ်ဖြစ်အောင် တင်ဆက်ထားသည်။ သံသယနှင့် အုန်းတရားက လမ်းမှားသို့ တင်ပို့ ပေးနိုင်ကြောင်း၊ နားလည်မှုနှင့် ချစ်ခြင်းမေတ္တာတရားက လမ်းမှန်ပေါ်သို့ ပြန်လည်ပို့ဆောင် ပေးနိုင် ကြောင်း စသည့် အသိတရားများကိုပါ ဝေငှထားပေးရာ စာအုပ်ကောင်းတစ်အုပ် ဖြစ်သည့်အပြင် စာဖတ်ပရိသတ်များအဖို့ သုတရသ ရရှိအောင် ရေးသားထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၁၄ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။