ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မေလ ၄ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၁၈)၌ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များကို သဘာဝဘေးအန္တရာယ်မှ ကူညီ ကာကွယ်စောင့်ရှောက်ပေးသော မီးသတ်သမားကြီးများအကြောင်း လေးစားအားကျဖွယ် တင်ဆက်ထားသည့် “စွန့်စွန့်စားစား မီးသတ်သမား” မျက်နှာဖုံးကာတွန်း၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးသီးနှံပင်များကို ကိုယ်တိုင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးကို တင်ဆက်ထားသည့် “ဆူးကလေး-စိုက်ပျိုးခင်းရဲ့ ကျေးဇူး” နှစ်မျက်နှာကာတွန်း၊ ကလေးတို့အနေဖြင့် အသက်န္တရာယ် ဖြစ်စေနိုင်သည့် ကစားနည်းများကို သတိထား ရှောင်ရှားသင့်ကြောင်း သရုပ်ဖော်သည့် “ဖြိုးရဲ၏ သတ္တိ” နှစ်မျက်နှာကာတွန်း၊ မသေချာသည့်အရာကို မျှော်လင့်နေခြင်းထက် ဖြစ်နိုင်ခြေရှိသည်ကို ရှာဖွေခြင်းက ပိုအကျိုးရှိသည်ကို လက်တွေ့ပြလိုက်သော ရှဉ့်ညိုနှင့် တောကျီးတို့အကြောင်း ရေးဖွဲ့ထားသည့် “တောကျီးနှင့် ရှဉ့်ညို” နှစ်မျက်နှာကာတွန်း၊ “ပိုင်ရှင်” တစ်မျက်နှာစာမဲ့ကာတွန်း၊ နှင့် ကစားစရာပစ္စည်းများကို ဖွပြီးလျှင် ပြန်သိမ်းလေ့မရှိသော ဘယ်ကျော်အကြောင်း တင်ဆက် ထားသည့် မျက်နှာဝက်ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် Omega-3 fatty acid ပါဝင်သော ငါးကို ပုံမှန်စားသုံးပေးခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရရှိစေကြောင်း တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှ ကာကွယ်ပေးသည့် အိုဇုန်းလွှာ ပါးမသွားစေရန်နှင့် ပေါက်မသွား စေရန် လူတိုင်းတွင် တာဝန်ရှိကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍတွင် သဘာဝ ပတ်ဝန်းကျင်နှင့် ကျေးငှက်တိရစ္ဆာန်များကို ကလေးငယ်တို့ ချစ်ခင်တတ်စေရန်၊ တန်ဖိုးထား စောင့်ရှောက်တတ်စေရန် တင်ဆက်ထားပါသည်။ ထို့ပြင် ရွှေသွေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက် ရမည့် ဆေးရောင်ခြယ်ကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် ရွှေသွေးတို့လက်ရာကဏ္ဍနှင့် စံပြကြက်ခြေနီအသင်းသားများ၏ မွန်မြတ်သော စိတ်ထားနှင့် မြင့်မြတ်သော ဆောင်ရွက်ချက်များအကြောင်း ရေးဖွဲ့ထားသည့် ဆရာ မောင်ထည်ဝါ (ပျော်ဘွယ်) ၏ “စံပြကြက်ခြေနီ” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာ ကဏ္ဍအနေဖြင့် မိမိ နေထိုင်မည့် ပတ်ဝန်းကျင်ဒေသ လူနေရပ်ကွက်နှင့် ပတ်သက်၍ ပတ်ဝန်းကျင် ကောင်း မကောင်း၊ လမ်းများ သန့်ရှင်းမှု ရှိ မရှိ စသည့် အပြန်အလှန် မေးမြန်းပြောဆိုပုံကို အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူပြောထားပုံအကြောင်း ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။