ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၆)၊ အမှတ်(၁၁)၌ ကလေးများအနေဖြင့် မိမိအနီးရှိ အရာများကို တန်ဖိုးထားတတ်စေရန် မိမိအနီးနားရှိ ကြက်ဖကြီးကို ဂရုမစိုက်ဘဲ အဝေးရှိ ငန်းရိုင်းကြီးများကိုသာ ဂရုစိုက်နေသော မြို့စားကြီးအကြောင်းကို တင်ဆက်ထားသည့် “မြို့စားနှင့် ကြက်ဖကြီး” မျက်နှာဖုံးကာတွန်း၊ ကြောင်ကလေး ရေနစ်မည်ကို စိုးရိမ်၍ ကယ်တင်ပေးခဲ့သော ခွေးလေး၏ စိတ်ထားကောင်းပုံကို ရေးဖွဲ့ထားသည့် “ဆုရတီအောင်- ခွေးနဲ့ ကြောင်” နှစ်မျက်နှာကာတွန်း၊ မိခင်ကို လုပ်ကိုင်ကျွေးမွေး၍ သုခများခံစားခဲ့ရသည့် ဖိုးအေးနှင့် လောဘ ကြီး၍ ဒုက္ခနှင့် တွေ့ကြုံခဲ့ရသည့် ဦးလောဘအကြောင်းကို ရေးဆွဲထားသည့် “ငါ့ရွှေအိုး ပြန်ပေး” နှစ်မျက်နှာကာတွန်း၊ စကားကို ကတ်တီးကတ်ဖဲ့ ပြောဆိုတတ်သော ဖိုးလပြည့်နှင့် မော်ကြီးတို့ သူငယ်ချင်းနှစ်ယောက်အကြောင်းကို ရေးဖွဲ့ထားသည့် “ဖိုးလပြည့်” နှစ်မျက်နှာကာတွန်း၊ ဖခင် မျက်စိခွဲထား၍ အမြင် ကြည်ကြည်လင်လင်သိပ်မရှိသည်ကို ရေးဖွဲ့ထားသည့် “ပူတင်း - အမြင် မကြည် လင်ဘူး” တစ်မျက်နှာကာတွန်းနှင့် ဂိမ်းကစားလွန်းသော ဖိုးတစ်တိုအကြောင်းကို ရေးဖွဲ့ထားသည့် “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
ကလေးများအား ဗဟုသုတတိုးပွားစေရန်အလို့ငှာ လူ၏ခန္ဓာကိုယ်ရှိ အရိုးများ ဖွဲ့စည်းတည်ရှိပုံ အကြောင်းကို တင်ဆက်ထားသည့် “လူ့ခန္ဓာကိုယ်ရဲ့ အရိုးငြမ်းအဖွဲ့အစည်း” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ မိမိ၏ ဘဝပေးအခြေအနေအရ သူငယ်ချင်းများကဲ့သို့ ငွေကြေးဥစ္စာ မပြည့်စုံ သော်လည်း စာကိုကြိုးစားသင်ယူသင့်ကြောင်း တင်ဆက်ထားသည့် “ဘဝလှေကားထစ်” ဝတ္ထုနှင့် လူတိုင်းတွင် ရှိသင့်သည့် ကာယသတ္တိ၊ စိတ္တသတ္တိနှင့် စာရိတ္တသတ္တိတို့အကြောင်းကို ဗဟုသုတရဖွယ် တင်ဆက်ထားသည့် “သတ္တိ သုံးမျိုး” ပုံပြင်တို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ကာတွန်းလက်ရာများကို ဖော်ပြပေးထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ကလေးတို့အနေဖြင့် ရုပ်ပုံ လေးထဲတွင်ပေးထားသော ကြိုများမှ အာနိုး၊ ကိုထက်နှင့် ဖြိုးရဲတို့ သူငယ်ချင်းသုံးယောက်အနက် ခွေးပိုင်ရှင် မည်သူဖြစ်မလဲဆိုသည်ကို ရှာဖွေပေးနိုင်မည့် ဉာဏ်စမ်းနှင့် ကျောင်းသားများအား ဗလ ငါးတန်နှင့် ပြည့်စုံစေရန် ဖော်ကျူးရေးဖွဲ့ထားသည့် “ဘဝလှစေဖို့” ကဗျာတို့ကို တင်ဆက်ထားပါသည်။
အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍအနေဖြင့် အားလပ်ရက်ရှည်တွင် ခရီးသွားခြင်းနှင့် ပတ်သက်၍ ပြောဆိုရာ၌ အသုံးပြုသည့် Idioms အသုံးများကို တင်ဆက်ထားသည့် “Useful Everyday Idioms” တို့ကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။