၂၅-၅-၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၂၁)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မေလ ၂၅ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၂၁)၌ စွန့်ပစ်ပစ္စည်းများမှ အသွင်သစ်ဖြင့် ပြန်လည်အသုံးဝင်လာတတ်သည့် သဘောကို ချဉ်ပေါင်ရိုးလေးကို ပမာပြု၍ တင်ဆက်ထားသည့် “ရှင်သန်နေသော ချဉ်ပေါင်ရိုးလေး များ” မျက်နှာဖုံးကာတွန်း၊ သူငယ်ချင်းနှစ်ဦးဆုံဖြစ်ကြရာ အပြန်အလှန် သဘောကောင်းဟန် ဆောင်ကြပုံအကြောင်း ရေးဖွဲ့ထားသည့် “လည်သူစားကြေး” နှစ်မျက်နှာကာတွန်း၊  မစူးစမ်း မဆင်ခြင်ဘဲ ကိုယ်နဲ့ မဆိုင်သည့်ကိစ္စကို စပ်စုမိရာက ဒုက္ခကြီးစွာ ရောက်ရသော မျောက်တစ်ကောင် ၏ အဖြစ်ကို တင်ဆက်ထားသည့် “စပ်စုမိလို့” နှစ်မျက်နှာကာတွန်း၊ မောင်သုတ၏ ရိုးသားကြိုးစားမှု ကြောင့် အလုပ်ရှင်သူဌေးကြီးထံတွင် အမွေခံသားအဖြစ် မွေးစားခံရပုံအကြောင်း ရေးဖွဲ့ထားသည့် “ရိုးသားမှုတန်ဖိုး” နှစ်မျက်နှာကာတွန်း၊ စာမဆိုချင်သောကြောင့် နည်းလမ်းရှာလိုက်သော ဟန်သီမ အကြောင်း တင်ဆက်ထားသည့် “ဟန်သီမ” တစ်မျက်နှာဟာသကာတွန်းနှင့် ဒူးတွင် ဒဏ်ရာရသည် ကို ချက်ချင်းမငိုသေးဘဲ အမေ့ဆီ‌ရောက်မှ ငိုမည်ဆိုသော ဘယ်ကျော်အကြောင်း တင်ဆက်ထား သည့် “ဘယ်ကျော်” မျက်နှာဝက်ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။


သုတကဏ္ဍတွင် ခေါင်းပွဦးချိုနှင့် ခေါင်းပိတ်ဦးချိုအကြောင်း ကလေးတို့ ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် ချွဲချွဲနှင့် ဂူဂဲဟူသည့် ခွေးမောင်နှမ၏ သခင်မိသားစု အပေါ် ထားရှိသည့် သူတို့၏ ဆန္ဒများအကြောင်း ရေးဖွဲ့ထားပါသည်။ ဝတ္ထုကဏ္ဍတွင် မည်သည့် အလုပ်ကိုပဲ လုပ်လုပ် ကိုယ့်တာဝန်ကို ကျေပွန်အောင် စနစ်တကျဖြင့် သေသေချာချာ ဂရုတစိုက် လုပ်ဆောင်တတ်ရမည်ဖြစ်ကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲ ထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် ရွှေသွေးတို့လက်ရာကဏ္ဍနှင့် မြန်မာနိုင်ငံ တောင်ဘက်စွန်းရှိ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် တည်ရှိသည့် မြိတ်ကျွန်းစု၏ သဘာဝအလှများအကြောင်း ရေးဖွဲ့ထားသည့် ဆရာ မင်းနီခိုင် (မောင်တော)၏ “မြိတ်ကျွန်းစုအလှ” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အတွေ့အများဆုံး၊ အသုံးအများဆုံးဖြစ်သော အီဒီယမ်များ၏ အသုံးကို အပြန်အလှန်စကားပြောဆိုပုံဖြင့် ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ