ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၈ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ်(၂၃)၌ နေမင်းနှင့် ရေဘုရင်ကြီးတို့၏ မိတ်ဆွေအချင်းချင်း အပြန်အလှန် အလေးထား ချစ်ခင် ကြပုံကို ရေးဖွဲ့ထားသည့် “သိပ်ချစ်ကြတဲ့ မိတ်ဆွေနှစ်ဦး” မျက်နှာဖုံးကာတွန်း၊ မိမိအပေါ် သူငယ်ချင်း ကောင်း ပီသသော ကံကောင်းကို ဒုက္ခပေးမိ၍ မိမိကိုယ်တိုင် ဒုက္ခနှင့် ကြုံတွေ့ခဲ့ရသည့် ဆိုးပေအကြောင်း ကို ရေးဖွဲ့ထားသော “မိတ်ဆွေကောင်း” နှစ်မျက်နှာကာတွန်း၊ မိခင်၏ စကားကို နားမထောင်ဘဲ ခွေးကို ခဲနှင့် ပစ်ရာမှ ခွေးလိုက်၍ ထွက်ပြေးခဲ့ရသော ဖြိုးရဲအကြောင်းကို ရေးဖွဲ့ထားသည့် “ဖြိုးရဲနှင့် တန်ပြန် အန္တရာယ်” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းဖြစ်သူအပေါ် စိတ်ကောင်းစေတနာထား၍ မန်ကျည်းပင် သူဌေးဖြစ်သွားသော ကိုကြာအေးအကြောင်းကို ရေးဖွဲ့ထားသည့် “အမေပြောသော ပုံပြင်များ” နှစ်မျက်နှာ ကာတွန်း၊ မိမိကောင်းစားရေးအတွက် သူတစ်ပါးကို ဒုက္ခမရောက်စေလိုသော ဖိုးလပြည့်၏ ဦးဦး အကြောင်းကို ရေးဖွဲ့ထားသည့် “ဖိုးလပြည့်” တစ်မျက်နှာကာတွန်းနှင့် သူငယ်ချင်းဖြစ်သူ ဖိုးတစ်တိုကို နောက်ပြောင်ကာ မွေးနေ့ပွဲဖိတ်ခဲ့သော သူ၏ သူငယ်ချင်းအကြောင်းကို ရေးဖွဲ့ထားသည့် “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။
သုတကဏ္ဍအနေဖြင့် သမုဒ္ဒရာရေတံခွန်များ ဖြစ်ပေါ်လာပုံအကြောင်းကို ကလေးများ ဗဟုသုတ တိုးပွားစေရန်အလို့ငှာ ဗဟုသုတရဖွယ် ရေးဖွဲ့ထားသည့် “သမုဒ္ဒရာရေတံခွန်” သုတဆောင်းပါးကို ထည့်သွင်းဖော်ပြထားပါသည်။ ထို့ပြင် ထိခိုက်ဒဏ်ရာပြင်းထန်စွာရ၍ ခြေထောက်ဖြတ်ကာ ခြေတု တပ်ထားရသော်လည်း ဘဝအတွက် ရည်မှန်းချက်ကြီးမားသော နန်းထွေးလေးအကြောင်းကို ရေးဖွဲ့ထားသည့် “စိတ်ဓာတ်ခွန်အား ကြီးသူလေး” ဝတ္ထုနှင့် ဖခင်၏ ဆုံးမမှုကြောင့် လုပ်အားတန်ဖိုးကို နားလည်သဘောပေါက်ကာ လက်တွေ့လိုက်နာကျင့်သုံးခဲ့၍ ကောင်းကျိုးများ ရရှိခဲ့သော သူဌေးသားလေး အကြောင်းကို အတုယူဖွယ် ရေးဖွဲ့ထားသည့် “အလုပ်ကြိုးစားတဲ့ သူဌေးသား” ပုံပြင်တို့လည်း ပါဝင်ပါ သည်။ ကလေးတို့ပေးပို့သော ပန်းချီလက်ရာများကို ထည့်သွင်းဖော်ပြထားသည့် “ရွှေသွေးတို့ လက်ရာ”၊ ရွှေသွေးဂျာနယ် အထူးထုတ် (၂၀၂၄) တွင် ပါဝင်သော “ကလေးတို့အတွက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ” အတွက် ကလေးများ ပါဝင်ယှဉ်ပြိုင်နိုင်ရန် နှိုးဆော်သည့် ကြော်ငြာနှင့် ကလေးများအနေဖြင့် ပညာ သင်ကြားရန် လိုအပ်ပုံနှင့် ပညာ၏ အရေးပါမှုကို ရေးဖွဲ့ထားသည့် “ကျောင်းပညာက ဘဝအရေး” ကဗျာ တို့ကို ပါဝင်ပါသည်။
အင်္ဂလိပ်စာသင်ခန်းစာသင်ခန်းစာအနေဖြင့် “Useful Everyday Idioms” ခေါင်းစဉ်ဖြင့် စာမှန်မှန် မရေး၍ စိတ်ဆိုးနေသည့် အစ်ကိုဖြစ်သူကို ကျိုးကြောင်းဆီလျော်စွာ ရှင်းပြရန် တိုက်တွန်းပြောဆိုပုံ Idioms အချို့ကို လေ့လာနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။