ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ်(၂၉)၌ မိမိတို့၏ လုပ်ဆောင်မှုကြောင့် နောင်ဖြစ်လာမည့် အကျိုးအပြစ်ကို မဆင်ခြင်သည့်အပြင် အသက်အရွယ်ကြီးသူ၏ လမ်းညွှန်ပြောကြားမှုကို မလိုက်နာမိသဖြင့် ဒုက္ခနှင့် ကြုံတွေ့ခဲ့ရသော သစ်ပင်ပျို နှစ်ပင်အကြောင်းကို ရေးဖွဲ့ထားသည့် “တစ်တောတည်းနေ သစ်ပင်နဲ့ ခြင်္သေ့များ” မျက်နှာဖုံးဇာတ်လမ်း၊ လူကို ယစ်မူးစေသည့် အရက်ကိုသောက်၍ ဒုက္ခရောက်ခဲ့ရသော ကွက်ကျားအကြောင်းကို ရေးဖွဲ့ထား သည့် “ကွက်ကျော် ကွက်ကျား- အမှန်အမှား” နှစ်မျက်နှာကာတွန်း၊ တိရစ္ဆာန်တို့၏ သဘာဝကို မသိရှိဘဲ ကြောင်ကလေးကို သစ်ပင်ပေါ်မှ မဆင်းနိုင်ဟု ထင်ကာ ကူညီပေးရန် သစ်ပင်ပေါ်တက်ရာမှ မိမိကိုယ်တိုင် ပြန်မဆင်းတတ်ဖြစ်နေသော ဖြိုးရဲအကြောင်းကို ရေးဖွဲ့ထားသည့် “ဖြိုးရဲ- စေတနာဇော” နှစ်မျက်နှာ ကာတွန်း၊ မူးယစ်စေတတ်သော အရာများသည် လူကိုသာမက တိရစ္ဆာန်ကိုပင် ဒုက္ခရောက်စေနိုင်ကြောင်း ရေးဖွဲ့ထားသည့် “ဖိုးချွန်း၊ ဝိတ်ပေါနှင့် မျောက်” နှစ်မျက်နှာကာတွန်း၊ ဂိမ်းကစားလွန်း၍ မျက်မှန်အထူ ကြီး တပ်ထားရသော ဖိုးတစ်တိုအကြောင်းကို ရေးဖွဲ့ထားသည့် “ဖိုးတစ်တို” တစ်မျက်နှာကာတွန်းနှင့် စကားကို မဆင်မခြင်ပြောဆိုမိ၍ မိမိတို့လျှို့ဝှက်ထားချင်သော အကြောင်းအရာ ပေါ်သွားသည်ကို ဟာသ ဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “မပြောနဲ့ ညီလေး” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။
ကောင်းမှုကုသိုလ်များနှင့် ပြည့်စုံကာ ထူးမြတ်လှသော ဝါဆိုလအကြောင်းကို ဗဟုသုတရဖွယ် ရေးဖွဲ့ထားသည့် “ကောင်းမှုထိုထို လဝါဆို” သုတဆောင်းပါး၊ အသားစားကျူးသည့် မိကျောင်းကို မိတ်ဆွေအဖြစ် ပေါင်းသင်းမိ၍ အသက်ဘေးနှင့် ကြုံတွေ့ခဲ့ရသော ဘဲလေးအကြောင်းကို ရေးဖွဲ့ထားသည့် “ယုံစားမိသူ” ပုံပြင်နှင့် ကျန်းမာရေးမကောင်းသည့် အဒေါ်ဖြစ်သူကို လူနာစောင့်ပေးရာမှ သူနာပြုဆရာမ ဖြစ်အောင် ကြိုးစားတော့မည်ဟု ဆုံးဖြတ်ခဲ့သော မွန်မွန်အကြောင်းကို ရေးဖွဲ့ထားသည့် “စေတနာမှ ဝါသနာသို့” ဝတ္ထုတို့ ပါဝင်ပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ပန်းချီလက်ရာများကို ဖော်ပြထားသည့် “ရွှေသွေးတို့ လက်ရာ”ကဏ္ဍ၊ ကလေးများအား ဉာဏ်ကွန့်မြူးစေမည့် ဂဏန်းသင်္ချာများကို တွက်ချက် နိုင်စေရန် ရေးဆွဲထားသည့် “ဂဏန်းသင်္ချာ တွက်ကြမယ်” ဉာဏ်စမ်းနှင့် ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်ပုံနှင့် ဝါဆိုလတွင် ပြုလုပ်လေ့ရှိသော အကြောင်းအရာများကို ဗဟုသုတရဖွယ် ရေးဖွဲ့ထားသည့် “လမြတ်ဝါဆို” ကဗျာတို့ ပါဝင်ပါသည်။ ပစ္စည်းတစ်ခုကို ဝယ်ယူရာ၌ ၎င်းပစ္စည်းကို မိမိနှင့် အသုံးတည့်ရန်၊ အရည်အသွေး ကောင်းမွန်ရန်နှင့် ဈေးနှုန်းသင့်တင့်ရန် အတွက် ဈေးဝယ်သူနှင့် ဈေးရောင်းသူတို့ အပြန်အလှန် ပြောဆိုပုံကို ရေးဖွဲ့ထားသည့် “Useful Everyday Idioms” အင်္ဂလိပ်စာသင်ခန်းစာတို့ ပါဝင်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။