“နိုင်မျိုးသစ္စာ (နမ္မတူ)” ရေးသားသည့် “ကမ္ဘာဆုံးတိုင် မုန်းနေမည် ဝတ္ထုတိုများ” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“နိုင်မျိုးသစ္စာ (နမ္မတူ)” ရေးသားသည့် “ကမ္ဘာဆုံးတိုင် မုန်းနေမည် ဝတ္ထုတိုများ” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ ဝတ္ထုတိုပေါင်းချုပ် ဒုတိယဆု ရရှိသည့် “နိုင်မျိုးသစ္စာ (နမ္မတူ) ၏ “ကမ္ဘာဆုံးတိုင် မုန်းနေမည် ဝတ္ထုတိုများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ဤစာအုပ်တွင် ဝတ္ထုတို (၁၁) ပုဒ် ပါဝင်သည်။ ရှေ့နေ စာရေးဆရာဖြစ်သောကြောင့် ကိုယ်တွေ့ဖြစ်ရပ်မှန် မှုခင်းများကို စာရေးခြင်းအတတ်ပညာဖြင့် ဝတ္ထုတိုများအဖြစ် ခံစားရေးဖွဲ့ထားသည်။ သို့သော် အဆိုပါမှုခင်းဝတ္ထိုတိုများထဲတွင် ရှားပါးပြီး တွေ့မြင်ရခဲသော ရှေ့နေအချင်းချင်း ဖြစ်ပွားသည့် မှုခင်းများလည်း ပါဝင်သည်။ “ရှေ့နေရှေ့ရပ်များသည် အချင်းချင်းဆက်ဆံရာတွင် မိသားစုစိတ်ဓာတ်၊ ရဲဘော်ရဲဘက်စိတ်ဓာတ် ထားရှိအပ်ပါသည်။ ရှေ့နေရှေ့ရပ်များသည် မဟုတ်မမှန် လုပ်ကြံသည့် တိုင်စာပစ်စာများ ရေးသားပေးခြင်း၊ ကိုယ်တိုင်လက်မှတ်ရေးထိုးပေးခြင်း မပြုသင့်ပါ” ဟု ရှေ့နေ ရှေ့ရပ်တို့၏ တာဝန်နှင့်ကျင့်ဝတ်များ ချမှတ်ထားသော်လည်း ဘဝတူချင်းကို ယုတ်မာစွာ လုပ်ကြံသဖြင့် တရားခံဝရမ်းပြေးဖြစ်သွားရသော ရှေ့နေ၏ဖြစ်ရပ်၊ ဥပဒေဘက်တော်သား ရှေ့နေကိုယ်တိုင် ဥပဒေ၏ အရေးယူခြင်းခံရပြီး တရားခံဘဝရောက်သွားသောဖြစ်ရပ်၊ စေတနာကို ဝေဒနာဖြစ်သွားကြရသည့် ရှေ့နေများ၏ဘဝ၊ အသွားမတော်တစ်လှမ်း၊ အစားမတော်တစ်လုတ် ဆိုသကဲ့သို့ ချစ်သူလူငယ်သဘာဝ ခေတ္တခဏ တွေ့ဆုံကြရာမှ တစ်ဘဝစာ ခံစားသွားခဲ့ရသော ရင်နင့်စရာဖြစ်ရပ်၊ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဆိုဆိုသကဲ့သို့ သူငယ်ချင်းနှင့် မမျှော်လင့်ဘဲ ဆုံမိရာမှ မူးယစ်ဆေးမှုဖြင့် အဖမ်းခံ၊ တရားစွဲခံရသည့်ဖြစ်ရပ်၊ ကောက်ကျစ်ယုတ်မာစိတ်ထားပြီး ငွေညှစ်သူ တရားစွဲသူများ၏ အရှက်တကွဲ အကျိုးနည်းဖြစ်ရပ်များ၊ အိမ်ထောင်ရေးဖောက်ပြန်မှု၏ဒဏ်ကို မရှုမလှ ခံကြရသူတို့၏ ဖြစ်ရပ်များ စသည့်မှုခင်းဖြစ်ရပ်မျိုးစုံကို ရင်ခုန်လှိုက်မောဖွယ်ကောင်အောင် ရသ၊ သုတအဖြာဖြာဖြင့် စေတနာပါစွာ ရေးဖွဲ့ထားသည် စာအုပ်ကောင်းတစ်အုပ် ဖြစ်သည်။

အဆိုပါစာအုပ်ကို ရောင်းဈေး ၃၀၀၀ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကား မှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ