ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ ဝတ္ထုတိုပေါင်းချုပ် တတိယဆုရရှိသည့် စာရေးသူ မင်းလပြည့်(ဟားခါး)၏ “နွံထဲက ပန်းရွှေကြာနှင့် အခြားဝတ္ထုတိုများ” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် ဝတ္ထုတို(၁၆)ပုဒ် ပါဝင်သည်။ ချင်းပြည်နယ်၏ သဘာဝအလှ၊ ထုံးဓလေ့များနှင့် နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှု တစ်စိတ်တစ်ပိုင်းကို ဝတ္ထုတိုတစ်ပုဒ်ချင်း ရေးဖွဲ့ထားသည်။ ချင်းတောင်၌ မြူနှင်းများ ဖွေးဖွေးလှုပ်ပြီး တောင်ဇလပ်ပန်းနီနီများ ဖူးပွင့်နေကြပုံ၊ နွေရာသီ ၊ မိုးရာသီတွင် စွယ်တော် ပန်း အဖြူများ လန်းဆန်းနေကြပုံ၊ ထင်းရှူးနံ့ သင်းပျံ့နေကြပုံများနှင့်အတူ “ရိပ်မြုံ” ဝတ္ထုတိုတွင် မြေသယံဇာတများ ပေါများသော ချင်းပြည်နယ်ထဲ၌ အဖိုးတန်သစ်မျိုးစုံအပြင် ဝဥပင်များနှင့် မျောက်ငို ပင်များကို စိုက်ပျိုးကြပြီး နိုင်ငံခြားဝင်ငွေ ရရှိတိုးပွားပုံများ၊ ပြည်ပကို အထင်ကြီး အားကိုးမနေကြဘဲ ကိုယ့်အမိမြေကို တန်ဖိုးထားကြရေး၊ ဒေါသကို မေတ္တာနှင့် ထိန်းရပြီး ဘဝကို အသိနှင့်ထိန်းကာ လမ်းမှန် ပေါ်သို့ ရောက်ရှိရေး၊ “ အလှဆင်သူများ ” ဝတ္ထုတိုတွင် တောင်မြေပြိုမှု ဘေးအန္တရာယ်များမှ ကာကွယ်ခဲ့ ကြသော ချင်းတိုင်းရင်းသား လူငယ်များကို ဂုဏ်ပြုသည့်အနေဖြင့် လောကကြီးကို သဘာဝအလှအပ များနှင့် အလှဆင်သကဲ့သို့ ပရဟိတ အကျိုးဆောင်သော လူငယ်များနှင့်လည်း အလှဆင်နိုင်ကြောင်း၊ “ငါနှင့် ငါ့မြေ” ဝတ္ထုတိုတွင် “ဇာတိချင်းမြေ၊ ငါ့ဌာနေကို၊ သေသော်မခွဲ၊ ငါစိတ်စွဲလည်း” ဟု ဇာတိသွေး ဇာတိမာန်ထက်သန်စွာဖြင့် အသက်ပေးတိုက်ပွဲဝင်ခဲ့သည့် ချင်းတိုင်းရင်းသားလူငယ်တစ်ဦး၏ ရင်နင့်ဖွယ် ဖြစ်ရပ်အပါအဝင် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲဝင်ခဲ့ကြသော ချင်းတိုင်းရင်းသား မျိုးချစ်ခေါင်းဆောင် များ၏ မျိုးချစ်စိတ်ဓာတ် စသည်ဖြင့် လောကဇာတ်ခုံပေါ်မှ ထုံးဓလေ့နှင့် ဘဝမျိုးစုံကို ဆွဲဆောင်မှုရှိစွာ ရေးဖွဲ့ထားသည်။
အဆိုပါစာအုပ်ကို ရောင်းစျေး (၄ဝဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ဝ၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ ဝ၉- ၄၄၉၅၄ဝ၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄ဝ၃ဝ၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ် များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည် လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။