Skip to main content

စေ့စပ်ဆွေးနွေးခြင်းကသာ

မနေ့က   နံနက်ခင်းတွင်   မမျှော်လင့်သော    ငယ်ပေါင်းသူငယ်ချင်းနဲ့ လမ်းလျှောက်ရင်း  စကားစမြည်ပြော ဖြစ်ကြသည်။

သက်ရှည် ။ သူငယ်ချင်း မတွေ့ဖြစ်တာကြာပြီနော်။

စွမ်းရည် ။ ဟုတ်ပါ့ သူငယ်ချင်း။

သက်ရှည် ။ အလုပ်ကနားတော့ မြေးထိန်းပေါ့ကွာ။

စွမ်းရည် ။ ဟုတ်ပါ့၊ ဟုတ်ပါ့၊ ရောဂါကတစ်မျိုး၊ ကောလာဟလကတစ်မျိုးနဲ့ ဘာကိုယုံရမလဲ မသိကွာ။

သက်ရှည် ။ သူငယ်ချင်းကလည်း ကောလာဟလဆိုတာကလည်း  မှန်တဲ့သတင်း အခြေအမြစ်ပေါ်မှာ မမှန်ကန်တဲ့ သတင်းအချက် အလက်တွေနဲ့ လုပ်ကြံဖန်တီးယူပြီး  ကိုယ်လိုချင်တာ၊ ပြောချင်တာတွေကို ဝါဒဖြန့် ပြောတာမျိုးပဲ မဟုတ်လား သူငယ်ချင်းရာ။

စွမ်းရည် ။ လတ်တလောဖြစ်နေတဲ့ မောင်ရင့်အမြင်ကို ပြောပါဦးကွ။ ဘာတွေ ဖြစ်ပျက်နေတာလဲ။ သူငယ်ချင်းက နှံ့စပ်တော့ မသိတာတွေ သိအောင်တော့ ပြောပြပေးပါကွာ။

သက်ရှည် ။ ကောင်းပါပြီ  သူငယ်ချင်း၊  လာ  ရှေ့ခုံတန်းမှာ    ထိုင်စကား ပြောရအောင်။

စွမ်းရည် ။ အေး အေး။ လတ်တလောကွာ ဒီမိုကရေစီနဲ့ ပတ်သက်ပြီး အဖြစ်အပျက်တွေ၊ Attention တွေနဲ့ သူငယ်ချင်း ရဲ့အမြင်ကို ပထမဆုံး သိချင်တယ်ကွ။

သက်ရှည် ။ အေး သူငယ်ချင်း  သည်အကြောင်းတွေ  မပြောခင် မြန်မာ့တပ်မတော်အကြောင်းကို ပြောချင်တယ်ဟေ့။ တပ်မတော်အနေနဲ့ ခေတ်အဆက်ဆက်မှာ ပြည်သူ့အရေးနဲ့ပတ်သက်ပြီး ပြည်သူသာအမိ၊ ပြည်သူသာအဖ ဆိုတာကို လက်ကိုင်ထားတာကွ။ ပြည်သူတွေ  လိုလား တောင့်တတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကိုလည်း တပ်မတော်အစိုးရကပဲ ဆွေးနွေး ညှိနှိုင်းခြင်းနည်းလမ်းတွေ၊   ဥပဒေလုပ်ထုံးလုပ်နည်းတွေအရ ဆောင်ရွက်ခြင်း နည်းလမ်းတွေအတိုင်း   နိုင်ငံရေးယဉ်ကျေးမှု အပြည့်နဲ့ တည်တည်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်း အသွင်ကူးပြောင်းပေးခဲ့တာ အားလုံးအသိပဲလေ။

စွမ်းရည် ။ အေး  သူငယ်ချင်းပြောမှ     သတိထားမိတယ်ဟေ့။ ဆက်ပါဦးကွ။

သက်ရှည် ။ ဒို့နိုင်ငံမှာ     ဒီမိုကရေစီအသွင်ကူးပြောင်းပြီး   ကြားဖြတ်ရွေးကောက်ပွဲ အပါအဝင် ရွေးကောက်ပွဲလုပ်တာ     ၄ ကြိမ် ရှိပြီလေ။ သည် ရွေးကောက်ပွဲတွေကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့တာ အများအသိပဲလေ။

စွမ်းရည် ။ ဟုတ်တယ်လေ၊ သူငယ်ချင်းရာ၊ ရွေးကောက်ပွဲတိုင်း  အငြင်းပွားမှု ရှိနေတာပဲ၊ ခုကရောကွ။

သက်ရှည် ။ မတူဘူး သူငယ်ချင်းရဲ့။ ပြီးခဲ့တဲ့ အငြင်းပွားမှုတွေက သာမန် အငြင်းပွားဖွယ်ရာအဆင့်တွေ။ အငြင်းပွားမှုတွေ၊ ကန့်ကွက် မှုတွေကိုလည်း   သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်နဲ့  တာဝန်ရှိသူတွေက ဥပဒေနဲ့အညီ ပွင့်လင်းမြင်သာစွာနဲ့ ဖြေရှင်းပေးခဲ့တယ်ကွ။ အဲဒီလို ဖြေရှင်းပေး ခဲ့လို့လည်း  တိုင်ကြားတဲ့သူရော၊ စောဒကတက်တဲ့သူပါ ကျေနပ်လက်ခံခဲ့ကြ တယ်လေ။

စွမ်းရည် ။ အခု တို့နိုင်ငံကသွားနေတဲ့ ပါတီစုံဒီမိုကရေစီစနစ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဟာ  ဒီစနစ်ရဲ့ အသက်ပဲ မဟုတ်လားကွ။

သက်ရှည် ။ သိပ်မှန်တာပေါ့ သူငယ်ချင်းရာ။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှသာ ပြည်သူတွေရဲ့ဆန္ဒအစစ်အမှန် ကို ထင်ဟပ်ပေါ်လွင်မှာပေါ့ကွာ၊ ဒို့နိုင်ငံရဲ့  ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄ မှာလည်း နိုင်ငံတော်၏  အချုပ်အခြာအာဏာဟာ နိုင်ငံသားများ ထံမှ  ဆင်းသက်ပြီး နိုင်ငံတစ်ဝန်းလုံး၌ တည်သည်လို့ ပြဋ္ဌာန်းထားတယ် မဟုတ်လား။

စွမ်းရည် ။ အခု  ကျင်းပပြီးစီးခဲ့တဲ့  ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာရော လွတ်လပ်ပြီး တရားမျှတမှုရှိတယ် မဟုတ်ဘူးလား သူငယ်ချင်း။

သက်ရှည် ။ သူငယ်ချင်း   ငါပြောပြမယ်။   ရွေးကောက်ပွဲပြီးလို့   ရရှိတဲ့မဲစာရင်းတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က မဲစာရင်းတွေ ထုတ်ပြန်ကြေညာတယ်။ အဲဒီလိုကြေညာတဲ့ မဲစာရင်းတွေကို တပ်မတော်က တိုက်ဆိုင်စစ်ဆေးကြတဲ့အခါမှာ နိုင်ငံမှာ မဲပေးပိုင်ခွင့်ရှိသူ ၃၈ သန်းရှိတဲ့အထဲမှာ ၁၀ သန်း ၄ သိန်းကျော် မဲပေးတဲ့ လူဦးရေအားဖြင့် ဆိုရင်တော့ ၄ ပုံ ၁ ပုံ ရာခိုင်နှုန်းနဲ့ ဆိုရင် ၂၅ ရာခိုင်နှုန်းကျော်လောက်ထိကို  မဲမသမာမှု ဖြစ်နိုင်တယ်လို့ တပ်မတော်ကပြောနေတာ တွေ့ရတယ် သူငယ်ချင်း။

စွမ်းရည် ။ ဟာ သူငယ်ချင်းရ၊ မဲစာရင်း မသမာမှုအရေအတွက်က  အဲဒီလောက်အထိတောင် မှားရလားကွ။

သက်ရှည် ။ အေးကွ၊ အဲဒါကြောင့်မို့လို့လည်း တပ်မတော်ဘက်က    ဒီလိုမှားယွင်းမှုဟာ သာမန်မဖြစ်နိုင်ဘူးလို့ ပြောနေတာပေါ့။

စွမ်းရည် ။ ဒီလောက်ပမာဏဆိုရင်တော့     တပ်က  ပြောနေတာဟာ မှန်တာပေါ့ သူငယ်ချင်းရယ်၊ အဲဒီလောက်အထိ  အရေ အတွက်ရှိမှတော့ သာမန်မှားတာတော့ ဘယ်ဟုတ်ပါ့မလဲကွ။ ရည်ရွယ်ချက်ရှိရှိ လုပ်သလိုကို ဖြစ်နေပြီဟေ့။

သက်ရှည် ။ အေးကွ။  ဒါ့ကြောင့်လည်း  တပ်မတော်က     ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး  ထုတ်ပြန်ကြေညာချက် တွေကို ရွေးကောက်ပွဲမကျင်းပမီမှာ ၂ ကြိမ်ထုတ်ပြန်ခဲ့သလို ရွေးကောက်ပွဲကျင်းပ ပြီးချိန်မှာလည်း ၄ ကြိမ်နဲ့ စုစုပေါင်း ၆ ကြိမ်အထိ တရားဝင်ထုတ်ပြန်ခဲ့တာပေါ့။ ရွေးကောက်ပွဲအပြီးမှာလည်း   မဲစာရင်းနဲ့ ပတ်သက်လို့ သူတို့ရဲ့စစ်ဆေး တွေ့ရှိချက် တွေကို စာရင်းဇယားတွေနဲ့ အကြိမ် ၃၀ အထိ အကြိမ်ကြိမ်အလီလီ ထုတ်ပြန်ခဲ့တာ သူငယ်ချင်း သတိမထားမိဘူးလားကွ။

စွမ်းရည် ။ သူငယ်ချင်းအပြောအရဆိုရင်တော့ တပ်မတော်က  သူ့မှာ   အထောက်အထား   အခိုင်အလုံတွေရှိလို့ ထုတ်ပြန် နေတာတော့ သေချာတာအမှန်ပဲလို့ ဆိုနိုင်ပါရဲ့ကွာ။

သက်ရှည် ။ ဒါတင်ဘယ်ကမလည်း သူငယ်ချင်းရယ်၊   မကြာသေးခင်ကမှ လုပ်ခဲ့တဲ့   တပ်မတော်  သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း  စာအုပ်စာတမ်းပေါင်း ၁၃၄၁ အုပ်၊ မဲစာရင်း စစ်ဆေးခဲ့တဲ့ ကွန်ပျူတာစနစ် စတာတွေကို ပြည်တွင်းမီဒီယာတွေသာမက၊ ပြည်ပမီဒီယာ ၅၀ ကျော်ရဲ့ရှေ့မှောက်မှာ အထောက်အထားတွေနဲ့ ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်းခဲ့တာ သူငယ်ချင်းလည်း မြင်ရတာပဲမဟုတ်လား။

စွမ်းရည် ။ လွတ်လပ်ပြီး   တရားမျှတတဲ့  ရွေးကောက်ပွဲ   ဖြစ်/မဖြစ်ဆိုတာ ဘယ်အချက်တွေ၊ ဘာတွေနဲ့ကြည့်ရင် သိနိုင်မလဲ သူငယ်ချင်းရဲ့။

သက်ရှည် ။ သူငယ်ချင်းပြောသလို      လွတ်လပ်ပြီး     တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်/မဖြစ်ဆိုတာ ရွေးကောက်ပွဲကျင်းပတဲ့ ရက်တစ်ရက်တည်းကိုကြည့်ရုံနဲ့ ဘယ်သိနိုင်မှာလဲကွာ။ ရွေးကောက်ပွဲအကြို လှုပ်ရှားမှုကာလ၊ ရွေးကောက်ပွဲကျင်းပပြီးတဲ့ ကာလတွေမှာလည်း လွတ်လပ် ပြီး  တရားမျှတမှုတွေရှိ/မရှိ၊ သံသယကင်းစွာနဲ့ သန့်ရှင်းမှုရှိ/မရှိတွေကို  သုံးသပ်ကြည့်ရှုနိုင်မှပဲ သိနိုင်မှာပေါ့ကွာ။

စွမ်းရည် ။ မဲမသမာမှုတွေနဲ့   ပတ်သက်ပြီး    နိုင်ငံရေးပါတီတွေဘက်ကလည်း ထုတ်ပြန်မှုတွေမရှိဘူးလား။ ဒါသူတို့နဲ့ ဆိုင်တာ လေ မဟုတ်ဘူးလား။

သက်ရှည် ။ ရှိတာပေါ့  သူငယ်ချင်းရဲ့၊   နိုင်ငံရေးပါတီ    ၂၀  က ကြေညာချက် ၂၆ စောင်  ထုတ်ပြန်ပြီးတော့ ခုလို မဲမသမာမှု ဖြစ်နေတဲ့ စာရင်းတွေကို မရှင်းလင်းနိုင်သေးတဲ့ကာလမှာ တတိယအကြိမ်  လွှတ်တော်ကျင်းပရေးကို ဆိုင်းငံ့ထားပေးဖို့ တောင်းဆိုခဲ့ကြတယ်လေ။

စွမ်းရည် ။ ဪ အဲဒီလိုလား၊ ရွေးကောက်ပွဲကော်မရှင်ရဲ့မဲရလဒ်တွေအပေါ်မှာ မဲပေးတဲ့ပြည်သူတွေကရော မတုံ့ပြန်ကြဘူးလား သူငယ်ချင်း။

သက်ရှည် ။ ရှိတာပေါ့ သူငယ်ချင်းရဲ့၊  ရွေးကောက်ပွဲအပြီး   ၁၀-၁၁-၂၀၂၀ ရက်ကနေ  ၂၈-၁-၂၀၂၁ ရက်အထိ  မြန်မာနိုင်ငံ   တစ်ဝန်းမှာရှိတဲ့ မြို့နယ် ၉၇ မြို့နယ်မှာ ဆန္ဒဖော်ထုတ်မှု ၁၁၇ ကြိမ် ပြုလုပ် ခဲ့ကြတာကို တွေ့ရတယ်ကွ။

စွမ်းရည် ။ ဪ အဲဒီလောက်တောင်လား၊   သေချာတောင် သတိမထား မိပါဘူးကွာ၊ မဲစာရင်းနဲ့ပတ်သက်ပြီး တပ်မတော်ရဲ့ ထုတ်ပြန်ချက်တွေအပေါ် သူငယ်ချင်း ဘယ်လိုယူဆသလဲ။

သက်ရှည် ။ တပ်မတော်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) နဲ့  တည်ဆဲဥပဒေတွေကို  လေးစားလိုက်နာမယ်၊ ဒါ့အပြင် ရွေးကောက်ပွဲကိုလည်း  လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်စေဖို့အတွက် ဥပဒေပြဋ္ဌာန်းချက်တွေကို  အများပြည်သူသိရှိအောင် ထုတ်ပြန်     ပေးခဲ့တယ်ကွ။ သူတို့ရဲ့  ထုတ်ပြန်ချက်တွေကိုလည်း မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့  သတင်းစာ၊  ရုပ်မြင်သံကြား၊   တပ်မတော် သတင်းမှန်   ပြန်ကြားရေး Website နဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာလည်း တရားဝင် ထုတ်ပြန်ပေးနေတာတွေ တွေ့ရတယ်။

စွမ်းရည် ။ မီဒီယာတွေကရော အခုလိုကာလမှာ   ထုတ်ပြန်ချက်တွေ မလုပ်ကြဘူးလားကွ။

သက်ရှည် ။ ထုတ်ပြန်ချက်တွေတော့ လုပ်တာပေါ့ကွာ၊ ဒါပေမယ့် သူတို့ကသူတို့လိုရာဆွဲပြီး သတင်းရဲ့ရည်ရွယ်ချက်နဲ့ အချက်အလက် အမှားတွေကို ထုတ်ပြန်ခဲ့ကြတာတွေ့ရတယ်ကွ။ VOA သတင်းဌာနဆိုရင် တပ်မတော်အနေနဲ့  ရွေးကောက်ပွဲ ရလဒ်တွေ  ပြောင်းသွားစေဖို့အတွက် အင်အားသုံးမခြိမ်းခြောက်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောတယ်ဆိုပြီး ဖော်ပြထားပေမယ့် အမှန်တကယ် ပြောကြားခဲ့ခြင်း မရှိတဲ့ မမှန်သတင်းကို ထုတ်လွှင့်ခဲ့သေးတယ်လေ။

စွမ်းရည် ။ တပ်မတော်ရဲ့  ထုတ်ပြန်ချက်တွေထဲမှာ    တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအတွက် သဘောထားရော ပါရဲ့လား သူငယ်ချင်း။

သက်ရှည် ။ ပါတာပေါ့       သူငယ်ချင်း။     တပ်မတော်ရဲ့    ပထမဆုံး Statement  ကို ရွေးကောက်ပွဲမကျင်းပမီ ၂-၁၁-၂၀၂၀ ရက်မှာ ထုတ်ပြန်ခဲ့တယ်။ အဲဒီ ထုတ်ပြန်ချက်မှာ ရွေးကောက်ပွဲအကြိုကာလ မှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေ၊ ရွေးကောက်ပွဲ ကော်မရှင်က တည်ဆဲဥပဒေ တွေကိုကျော်လွန်ပြီး ညွှန်ကြားချက်အမျိုးမျိုး  ထုတ်ပြန်ဆောင်ရွက်နေမှုတွေ၊ ကြိုတင်မဲ ပေးတဲ့အချိန်မှာ ကြုံတွေ့ရတဲ့  ဥပဒေနဲ့ မညီညွတ်မှုတွေ တွေ့ရလို့ ဒါနဲ့ပတ်သက်ပြီး UEC နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ကို သဘောထား ထုတ်ပြန်ခဲ့တယ်။ အဲဒီနေ့မှာပဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း သဘောထား ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့သေးတယ်ကွ။ တိုင်းရင်းသားလက်နက်ကိုင်တွေ အနေနဲ့ကတော့ ဒေသခံတိုင်းရင်းသား ပြည်သူတွေအပေါ် မခြိမ်းခြောက်ဖို့ သူတို့နဲ့ Inline မဖြစ်တဲ့ပါတီ၊ သဘောထား မတိုက်ဆိုင်တဲ့ နိုင်ငံရေးပါတီတွေကို သူတို့နယ်မြေအတွင်း ဝင်ရောက် မဲဆွယ်စည်းရုံး လှုပ်ရှားခွင့်ရရှိရေး ဆောင်ရွက်ပေးဖို့အတွက် သဘောထား ထုတ်ပြန်ကြေညာ ခဲ့တာ တွေ့ရတယ် သူငယ်ချင်း။

စွမ်းရည် ။ တပ်မတော်က ရွေးကောက်ပွဲကော်မရှင်ကို ဘာအကြောင်းကြောင့် မဲစာရင်းကူးယူခွင့် တောင်းခံတာလဲကို သိလား သူငယ်ချင်း၊ ပြောပါဦးဟ။

သက်ရှည် ။ အဓိက ပြည်သူတွေအတွက် ရှေးရှုတယ်လို့ပြောရမယ်ကွ။ မဲစာရင်း ကူးယူခွင့်တောင်းတာကလည်း  သက်သေခံ ဥပဒေ ပုဒ်မ ၇၄ နဲ့ ၇၆ အရ မဲစာရင်းစာရွက်စာတမ်းတွေ ကူးယူခွင့်ကိုပဲ တောင်းခံခဲ့ တာပဲ။ တပ်မတော်သားတွေဟာ ပြည်သူတစ်ယောက်အနေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ညွှန်ကြားချက်ကိုတိကျစွာ လိုက်နာပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲမှာ တပ်တွင်း   မဲရုံတွေမထားဘဲ    ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်အတိုင်း တပ်ပြင်ပမှာရှိတဲ့ မဲရုံတွေ မှာပဲ မဲပေးခဲ့ကြတယ်လေ။ ဒါ့ကြောင့်လည်း နိုင်ငံသားတစ်ဦးရဲ့ရပိုင်ခွင့်ကို ဥပဒေနဲ့အညီ တောင်းခံခဲ့တယ်လို့ တပ်မတော်က ပြောခဲ့တာ။ အဲဒီလို တောင်းခံတဲ့ စာရွက်စာတမ်းတွေဟာ လျှို့ဝှက်စွာသိမ်းဆည်းထားရမယ့် စာရွက်စာတမ်းမဟုတ်ဘူး သူငယ်ချင်း။ သက်ဆိုင်ရာ မဲရုံအလိုက် ကြော်ငြာသင်ပုန်းတွေမှာ အများပြည်သူသိရှိအောင် ကပ်ထားရတဲ့ စာရွက်စာတမ်း တွေကွ။ ထူးပြီးတောင်းခံတာ မဟုတ်ပါဘူး သူငယ်ချင်းရာ။

စွမ်းရည် ။ သူငယ်ချင်းအပေါ်မှာပြောခဲ့သလို တတိယအကြိမ်လွှတ်တော် ကျင်းပဖို့ခေါ်ယူတာကို ခေတ္တဆိုင်းငံ့ထားဖို့  တင်ပြခဲ့သလို ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူပေးဖို့ အတွက် လွှတ်တော်ကိုယ်စားလှယ် တွေကလည်း တင်ပြခဲ့တယ်လို့ ကြားမိသေးတယ်ကွ။

သက်ရှည် ။ မှန်တယ် သူငယ်ချင်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင်  နိုင်ငံရေးပါတီတွေက  လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၂၀၃ ဦးတို့ဟာ အခြေခံဥပဒေနဲ့အညီ ၁၁-၁-၂၀၂၁ ရက်မှာ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ရဲ့ အထူးအစည်းအဝေးကို ခေါ်ယူပေးဖို့တင်ပြခဲ့ကြတယ်။ အဲလိုတောင်းဆိုတာဟာ အခြေခံဥပဒေပြဋ္ဌာန်းချက်နဲ့အညီ လွှတ်တော် အမတ် ၄ ပုံ ၁ ပုံက တောင်းဆိုလာပါက ကျင်းပပေး ရမည် (Must Be)လို့ပြဋ္ဌာန်းထားတာကို တောင်းဆိုခဲ့တာပဲ သူငယ်ချင်းရဲ့။

စွမ်းရည် ။ တပ်မတော်သားတွေနဲ့ မှီခိုသူမိသားစုဝင်တွေ ဘယ်လိုမဲပေးခဲ့ကြတယ်ဆိုတာကို ရှင်းပြပါဦး သူငယ်ချင်း။

သက်ရှည် ။ ဒီနေရာမှာ တပ်မတော်သားတွေနဲ့ မှီခိုသူမိသားစုဝင်တွေဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅  ရွေးကောက်ပွဲတွေမှာ တပ်တွင်း မဲရုံတွေမှာပဲ လွတ်လပ်တရားမျှတစွာ မဲပေးခဲ့ကြပေမယ့်၊ ၂၀၂၀ ရွေးကောက်ပွဲကျတော့  တပ်တွင်းမဲရုံတွေကို  တပ်ပြင်ပထုတ်ပေးရမယ်ဆိုတဲ့  UEC ရဲ့  တောင်းဆိုချက်အတိုင်း တပ်မတော်သားတွေနဲ့ မှီခိုသူမိသားစုဝင်တွေဟာ တပ်ပြင်ပ မဲရုံတွေမှာ ပြည်သူတွေနဲ့အတူ လွတ်လွတ်လပ်လပ် မဲပေးခဲ့ကြတယ် သူငယ်ချင်း။

စွမ်းရည် ။ မဲစာရင်းတောင်းခံတာနဲ့   ပတ်သက်ပြီး    ဆက်ရှင်းပြပါဦး သူငယ်ချင်း။

သက်ရှည် ။ ဒီလိုကွ။ သက်ဆိုင်ရာ   လွှတ်တော်ရွေးကောက်ပွဲ   ဥပဒေ ပုဒ်မ-၁၅ အရဆိုရင် မဲပေးခဲ့တဲ့ မည်သူမဆို မဲစာရင်း ကူးယူခွင့်အား တစ်စောင်လျှင် ၂၅ ကျပ် နှုန်းဖြင့် ကူးယူခွင့်ပြုရမည်ဆိုပြီး အရင် ကတည်းက ပြဋ္ဌာန်းထားတာရှိတယ်ကွာ၊ အဲဒါကြောင့် မဲစာရင်းကူးယူခွင့် တောင်းဆိုတာဟာ တပ်မတော်သားတစ်ဦးအနေနဲ့ရော၊  မဲဆန္ဒရှင်တစ်ဦးအနေနဲ့ပါ ဥပဒေနဲ့ အညီ တောင်းဆိုတာ ဖြစ်တယ်လို့ ပြောတာပေါ့။

စွမ်းရည် ။ သူငယ်ချင်း   အခုလိုရှင်းပြမှပဲ   သဘောပေါက်တော့တယ်၊ ဒါနဲ့ တပ်မတော်ရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာပါတဲ့ ဖော်ပြချက်တွေကိုလည်း ထပ်ရှင်းပြပါဦး သူငယ်ချင်းရဲ့။

သက်ရှည် ။ ဒီနောက်ဆုံးထုတ်ပြန်ချက်ကတော့ အရေးအကြီးဆုံး ထုတ်ပြန်ချက်တစ်ခုလို့ ငါထင်တယ်  သူငယ်ချင်း။  ဘာ့ကြောင့်လဲဆိုတော့ အဲဒီထုတ်ပြန်ချက်မှာ ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးကို ပြန်သုံးသပ်ထားတဲ့ တပ်မတော်ရဲ့ သဘောထား ကို ကွက်ကွက်ကွင်းကွင်း သိမြင်နိုင်လို့ပဲ။ အဲဒီသဘောထားထုတ်ပြန်ချက်မှာ အချက် ၄ ချက်ရှိတယ်လို့  ငါတော့ထင်တယ်။ ပထမဆုံးအချက်ကတော့ တပ်မတော်ရဲ့ရွေးကောက်ပွဲ အပေါ် စိစစ်တွေ့ရှိမှုတွေအရ မဲမသမာမှု ဖြစ်နိုင်တဲ့ စာရင်းတွေထုတ်ပြန် ရခြင်းဟာ လွတ်လပ်ပြီး တရားမျှတတဲ့၊ ပွင့်လင်းမြင်သာတဲ့ အထွေထွေရွေးကောက်ပွဲရလဒ်ကို သံသယကင်းရှင်းစွာ အသိအမှတ်ပြုလိုတဲ့အတွက်  ပြည်ထောင်စု   ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဖြေရှင်းပေးဖို့ဆိုတာရယ်၊ ဒုတိယအချက်အနေနဲ့  လွတ်လပ်ပြီး  တရားမျှတ  ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲရလဒ်ဖြစ်တယ်ဆိုတာကို ထုတ်ဖော်ပြသပေးနိုင်မယ်ဆိုရင် ပြည်သူ့ဆန္ဒ အစစ်အမှန်ကို ထင်ဟပ်စေမှာဖြစ်တဲ့အတွက် တပ်မတော်နဲ့  အခြားနိုင်ငံရေးပါတီတွေကလည်း ပြည်သူ့ဆန္ဒနဲ့ အညီ  လက်ခံသွားမယ် ဆိုတာရယ်၊ တတိယအချက်အနေနဲ့ တပ်မတော်ဟာ နိုင်ငံတော်နဲ့ နိုင်ငံသား တွေရဲ့  အကျိုးစီးပွားကို ရှေးရှုပြီး  ပြည်ထောင်စုလွှတ်တော် ဒါမှမဟုတ် နိုင်ငံတော်အစိုးရ ဒါမှမဟုတ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နည်းလမ်းရှာ ဖြေရှင်းပေးဖို့ သဘောထားထုတ်ပြန်တာဖြစ်တယ် ဆိုတာရယ်၊ စတုတ္ထအချက်အနေနဲ့ကတော့ တပ်မတော်က  နိုင်ငံရေးယဉ်ကျေးမှု၊ ဥပဒေ နဲ့အညီ ဥပဒေဘောင်ကို  တစ်ခုမှ မကျော်လွန်ဘဲ ဥပဒေဘောင်အတွင်းကပဲ တောင်းဆိုနေခြင်း ဖြစ်တာကို   နားလည်သဘောပေါက်ပေးစေလိုတယ် ဆိုတာရယ်ပဲကွ။ တောင်းဆိုချက်တွေကိုလည်း  Public မှာ  အများပြည်သူ သိရှိအောင် တရားဝင် ထုတ်ပြန်ခဲ့တယ်လေ။

စွမ်းရည် ။ ဒါဆိုရင် သူငယ်ချင်းရဲ့အပြောအရ တရားဝင်ထုတ်ပြန်ချက်တွေတင်မကဘဲ အခြားနည်းလမ်းတွေနဲ့လည်း ဆောင်ရွက်ခဲ့တာတွေလည်း ရှိတယ်ဆိုတဲ့သဘောလား သက်ရှည်ရ။

သက်ရှည် ။ အမှန်တကယ်ရှိတာပေါ့ သူငယ်ချင်းရာ၊ အဲဒီထုတ်ပြန်ချက်တွေ ထုတ်ပြန်ပြီး ရက်ပိုင်းအတွင်းမှာပဲ နိုင်ငံတော်အဆင့် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေဆီကို  တပ်မတော်ကအရာရှိကြီး ၂ ဦး စေလွှတ်ပြီး ဖြစ်ပျက်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး ဖြေရှင်းပေးဖို့ ထပ်မံတင်ပြပြောဆို ခဲ့တယ်။ အဓိကကတော့ကွာ ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံတော်အစိုးရ၊    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့က ဖြေရှင်းမပေးနိုင်ရင် အခြေခံဥပဒေပြဋ္ဌာန်းချက်တွေနဲ့အညီ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူပေးဖို့ တောင်းဆိုခဲ့တယ်လို့သိရတယ်ကွ၊ ဒါကိုလည်း ငြင်းပယ်ခံခဲ့ရတယ်လို့သိရတယ်၊ ဒါကတော့ ဖြစ်စဉ် အကျဉ်းချုပ်လို့ဆိုရတာ ပေါ့၊ ဒီလောက်ဆိုရင်  သူငယ်ချင်းအနေနဲ့  တပ်မတော်ရဲ့  ထုတ်ပြန်ချက်၆ ခုမှာပါတဲ့ အကြောင်းအရာတွေနဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိလောက်ပြီလို့ ထင်ပါတယ်။

စွမ်းရည် ။ တပ်မတော်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ   အစည်းအဝေးခေါ်ပေးဖို့   တောင်းဆိုချက်ကို ငြင်းဆန်ခံခဲ့ရတော့ နောက်ထပ်ဘယ်လိုဆက်လုပ်သွားမယ်ဆိုတာကို သိချင်သေးတယ် သူငယ်ချင်း။

သက်ရှည် ။ တပ်မတော်အနေနဲ့       ဘာဆက်လုပ်သွားမယ်ဆိုတာကို သတင်းစာရှင်းလင်းပွဲမှာ ရှင်းရှင်းလင်းလင်းပြောထားပြီး ဖြစ်သလို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့လည်း ပြောထားခဲ့ပြီးသားကွ။ တပ်မတော်အနေနဲ့ အခြေခံဥပဒေ အပါအဝင် အခြေခံဥပဒေနဲ့ မဆန့်ကျင်တဲ့  တည်ဆဲဥပဒေတွေကို  လိုက်နာဆောင်ရွက်သွားမယ်လို့ အတိအလင်း ပြောကြားထားတယ် သူငယ်ချင်း။

စွမ်းရည် ။ အခုလိုအချိန်ပေးပြီးတော့    တစ်ချက်ချင်း    ရှင်းပြပေးတဲ့ သူငယ်ချင်းကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ပြီး တော့ တချို့ပြောဆိုမှုတွေမှာပေါ့ အခြေခံဥပဒေကို  ဖျက်သိမ်းဖို့  ပြောဆိုနေတဲ့ အတွက် စိုးရိမ်ပူပန်စရာတွေ ဖြစ်နေတယ်လို့ ကြားသိရတယ် သူငယ်ချင်း။

သက်ရှည် ။ ဒါနဲ့ပတ်သက်ပြီးတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ပြောကြားချက်ကို  မီဒီယာတွေအနေနဲ့  လိုရာဆွဲပြီး  ရေးသားကြလို့ စိုးရိမ်ပူပန်ကြတာပါကွာ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ပြောကြားချက်က အခြေခံဥပဒေကို ဖျက်သိမ်း မယ်လို့ ဆိုလိုတာမဟုတ်ဘူးကွ။ တပ်မတော်ဟာ အခြေခံဥပဒေကိုလိုက်နာပြီး ပြည်သူကိုရှေးရှုတဲ့ တင်ပြတောင်းဆိုချက်  တွေကို  ဥပဒေနဲ့အညီလုပ်ဆောင်နေတာဖြစ်တယ်၊ ဒီအချက်အပေါ်မှာ တစ်ဖက် အဖွဲ့အစည်းတွေအနေနဲ့  အခြေခံဥပဒေကို လျစ်လျူရှုပြီး  အဓိပ္ပာယ်ကို လိုသလို ဖွင့်ဆိုနေကြတဲ့အတွက်  ဥပဒေအတိုင်း  လိုက်နာလုပ်ဆောင်နိုင် ခြင်းမရှိရင် အဲဒီဥပဒေကို ဘာလုပ်ဖို့လိုမလဲ။ ဖျက်ပစ်ဖို့ပဲရှိတော့တာပေါ့လို့ သင်တန်းသားအရာရှိကြီးတွေကို ဥပဒေရဲ့အရေးကြီးပုံနဲ့ ဆက်စပ်ပြီး ရှင်းလင်း ပြောကြားခဲ့တာကွ။

စွမ်းရည် ။ ငါတို့ကတော့ကွာ   သတင်းမီဒီယာတွေရဲ့  ဖော်ပြချက်တွေကိုဖတ်ပြီး တပ်မတော်ရဲ့သဘောထားကို  ခန့်မှန်းနေရ တာဟေ့။ အခုတော့ သူငယ်ချင်းရှင်းပြလို့ တော်တော်လေး ရှင်းသွားပါပြီ။

သက်ရှည် ။ ကောင်းပါပြီ သူငယ်ချင်း၊ တစ်လက်စတည်း ပြောပြီးသားအချက် နှစ်ချက်ကိုပဲ ထပ်ဖြည့်ပြီး ပြောချင်သေးတယ်ကွ။ ပထမအချက်ကတော့  တပ်မတော်ရဲ့ထုတ်ပြန်ချက်တွေမှာ ခြိမ်းခြောက်ထားတဲ့ စကားလုံးတစ်ခုမှ မပါရှိဘူး၊ ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲသွားအောင် ဆောင်ရွက်ပေးရမယ်လို့ တောင်းဆိုထားတာလည်းမရှိဘူး၊ ဒါ့အပြင် လွတ်လပ်ပြီး  တရားမျှတ တဲ့  ရွေးကောက်ပွဲဖြစ်တယ်ဆိုတာကိုပဲ   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပွင့်လင်းမြင်သာစွာနဲ့ ဖြေရှင်းပေးဖို့ကိုပဲ ဦးတည် တောင်းဆိုထားတာ တွေ့ရတယ်ကွ။ ဒုတိယအချက်က တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို  ကျော်လွန်ခြင်းမရှိတဲ့  တည်ဆဲဥပဒေတွေကို ဆက်လက်လိုက်နာဆောင်ရွက်သွားမယ်၊ ပါတီစုံဒီမိုကရေစီစနစ်ကို   တပ်မတော်ကပဲ  စတင်လမ်းခင်းပေးခဲ့တာ ဖြစ်တယ်၊ လက်ရှိဆောင်ရွက်နေမှုတွေဟာ ပါတီစုံ ဒီမိုကရေစီစနစ် မယိမ်းယိုင်စေဖို့ ဆောင်ရွက်နေခြင်းဖြစ်တယ် ဆိုတာရယ်။  တတိယအချက်အနေနဲ့ မဲပေးပိုင်ခွင့်ရှိသူ ၃၈ သန်းထဲမှာ ၁၀ သန်းကျော်အထိ အမှားအယွင်းဖြစ်နေ တာတွေဟာ နိုင်ငံတကာနဲ့ ကမ္ဘာမှာပါ ရွေးကောက်ပွဲရဲ့ပုံရိပ်ကို လွန်စွာ ထိခိုက်စေတဲ့အတွက် တပ်မတော်အနေနဲ့ဆောင်ရွက်နေရတာဖြစ်တယ်လို့ ပြောထားတာကွ။

စွမ်းရည် ။ ဟုတ်ပါပြီ သူငယ်ချင်းရာ၊ အခုလို ထိလွယ်ရှလွယ်  အခြေအနေတစ်ခုမှာ အကောင်းဆုံးအဖြေရလဒ်ကို ရှာဖွေနိုင်တဲ့ အထိ လမ်းကြောင်းမှန်နဲ့ ဆောင်ရွက်ပေးနိုင်ဖို့ မျှော်လင့်သလို အငြင်းပွားမှု တွေဖြစ်လာခဲ့ရင်လည်း   ဖွဲ့စည်းပုံအခြေခံဥပဒေပါ   ဥပဒေတွေအတိုင်း  အေးအေးချမ်းချမ်း ဖြေရှင်းနိုင်ဖို့ မျှော်လင့်မိပါတယ် သူငယ်ချင်း။ အခုလိုအချိန်ပေးပြီး  ရှင်းပြပေးတဲ့ အတွက်လည်း  ကျေးဇူးတင်ပါတယ်။  အချိန်လည်း တော်တော်လင့်နေပြီဆိုတော့ ပြန်ကြဦးစို့ သူငယ်ချင်း။

သက်ရှည်။ ဟုတ်ပါပြီ သူငယ်ချင်း၊ အခုလိုအချိန်ပေးပြီး  နားထောင်ပေးတဲ့အတွက်လည်း  ကျေးဇူးတင်ပါတယ်။  နောင်လည်း အခွင့်ကြုံလျှင်ကြုံသလို ဆွေးနွေးကြတာပေါ့ သူငယ်ချင်းရာ။     ။

သူရ(ပန်းဧရာ)၊ ဝဏ္ဏ(တောင်ကြီး)