Skip to main content

မြန်မာပြည်မြောက်ဖျားရေခဲဖုံးလွှမ်းရာ အမျိုးသားဥယျာဉ်နှင့် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ ခရီးသွားများအား ကြိုဆိုဖိတ်ခေါ်

သစ္စာ(MNA)

ရေခဲဖုံးတောင်တန်းများတည်ရှိရာ  မြန်မာနိုင်ငံ၏ မြောက်ဖျားအစွန်း ကချင်ပြည်နယ်  နောင်မွန်မြို့နယ်ရှိ  ခါကာဘိုရာဇီအမျိုးသားဥယျာဉ်နှင့် ဖုန်ကန်ရာဇီတောရိုင်း တိရစ္ဆာန်ဘေး မဲ့တောမှ ဇီဝနှင့်  ရုက္ခဗေဒကြွယ်ဝမှုကို  လေ့လာလိုသူ၊ သဘာဝအလှအပကို မြတ်နိုးသူ ပြည်တွင်း ပြည်ပ ခရီးသွားများအား ယခုပွင့်လင်းရာသီတွင် အရောက်လှမ်းလာရန် ကြိုဆိုဖိတ် ခေါ်လျက်ရှိသည်။

ပွင့်လင်းရာသီတွင်   ခါကာဘိုရာဇီအမျိုးသား ဥယျာဉ်ဧရိယာအတွင်း  ရေခဲတောင်များသို့ တောင်တက် ဝါသနာရှင်များနှင့်   အပျော်တမ်း တောင်တက်အဖွဲ့များ  ဒီဇင်ဘာလတွင်  ပိုမို ဝင်ရောက်လျက်ရှိပြီး ရေခဲဖုံးလွှမ်းရာ ဖုန်ကန်ရာဇီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသို့လည်း ခရီးသွား အချို့ ဝင်ရောက်လျက်ရှိသည်။ ပြည်တွင်း  ပြည်ပ ခရီးသွားများ အနေဖြင့်   ရန်ကုန်၊   မန္တလေးနှင့် နေပြည်တော်တို့မှ လေကြောင်းဖြင့် မြစ်ကြီးနား၊ ပူတာအိုခရီးစဉ်ကို  လာရောက် လည်ပတ်နိုင်ပြီး ပူတာအိုမှ နောင်မွန်မြို့နယ် သို့ ကုန်းလမ်းခရီးဖြင့် သွားရောက်နိုင်ကာ ခါကာဘိုရာဇီအမျိုးသားဥယျာဉ် နှင့်  ဖုန်ကန်ရာဇီတောရိုင်းတိရစ္ဆာန်  ဘေးမဲ့တော တို့တွင် အပျော်တမ်းတောင်တက်ခြင်း၊ ဆောင်းခိုငှက်များလေ့လာခြင်းနှင့်     ရေခဲတောင်များနှင့် သဘာဝရှုခင်းအလှများ၊   ရေခဲတောင်သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်အလှများ၊ ဇီဝမျိုးစုံမျိုး ကွဲများ၏ရုက္ခနှင့် ဇီဝကြွယ်ဝမှုများကို တွေ့မြင်ခံစား လေ့လာနိုင်မည်ဖြစ်သည်။

နိုင်ငံအတွက်  ဂုဏ်ယူစရာနေရာ

“မြန်မာနိုင်ငံမှာတစ်ခုတည်းသော ရေခဲတောင် တွေရှိတဲ့ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်နဲ့ ဖုန်ကန် ရာဇီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောဟာ  နိုင်ငံ အတွက်  ဂုဏ်ယူစရာနေရာ တွေပါ။ ရေခဲတောင် ဧရိယာအတွင်းမှာရှိတဲ့ နို့တိုက်သတ္တဝါတွေနဲ့ အပင် တွေကို  ထိန်းသိမ်းစောင့် ရှောက်တဲ့နေရာလည်း ဖြစ်ပါတယ်။  ဆောင်းခိုငှက်အပြင်  ရေခဲတောင် ဂေဟစနစ်မှာပဲ ကျက်စားတဲ့ ငှက်တွေလည်းရှိတယ်။ အပင်မျိုးစုံ၊ ရှားပါးသစ်ခွနဲ့ ဟိမဝန္တာအယ်လ်ပိုင်း သစ်တောမှာ ပေါက်ရောက်တဲ့ ဆေးဖက်ဝင်အပင်တွေနဲ့  တောင်ဇလပ်အပါအဝင်  အခြားမျိုး စိတ် များစွာ ရှင်သန်နေတဲ့နေရာတစ်ခုပါ။ သုတေသနအတွက် စိတ်ဝင်စားစရာတွေ  စုဝေးနေ တဲ့ဒေသ တစ်ခုလည်း ဖြစ်ပါတယ်။ တောရိုင်းတိရစ္ဆာန်၊ အပင်၊ ရေခဲငါးနဲ့ ငှက်မျိုးစုံကြွယ်ဝတဲ့ ဒေသဖြစ်တာကြောင့် ခရီးသွားလုပ်ငန်းအတွက် အလွန်တန်ဖိုးရှိတဲ့နေရာ တစ်ခုပါ။ ဒီလမှာတောင် တက်အဖွဲ့နဲ့ ခရီးသွားအချို့ ဝင်ရောက်နေပြီဖြစ်တဲ့အတွက် ခရီးသွားလုပ်ငန်း စတင်နေပြီလို့ပြောရမှာပါ။  အာဆီယံမှာ  ရေခဲတောင်ရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တာကြောင့် ပွင့်လင်း ခရီးသွားရာသီမှာ နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်တဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။     အထူးသဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမယ်ဆိုရင်  ခရီး သွားတွေ တဖွဲဖွဲဝင်နေမှာပါ။ ဒီဒေသကို ခရီးသွား အဝင်များရင်  မြို့နယ်နဲ့  ကျေးရွာတွေ  ဖွံ့ဖြိုးမှု မြန်ဆန်သွားပြီး ဒေသခံတွေလည်း အလုပ်အကိုင် အခွင့်အလမ်းတွေရတဲ့အတွက် မိသားစုတွေ ဝင်ငွေ တိုးလာစေမှာအမှန်ပါ”ဟု ခါကာဘိုရာဇီအမျိုးသား ဥယျာဉ် သုတေသနနှင့်  အသိပညာပေး လုပ်ငန်း တာဝန်ခံ ဒေါ်အယ်လ်ကေစီယွန်က ပြောသည်။

ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်များကို  လေ့လာနိုင်

မြန်မာပြည်ရှိ ဘေးမဲ့တောများနှင့် သဘာဝ ရေပြင်တို့တွင်    နှစ်စဉ်ဆောင်းခိုလေ့ရှိသည့် ဆောင်းခိုငှက်များသည် မြန်မာပြည်မြောက်ဖျားရှိ အလွန်မြင့်မားသော တောင်တန်း များ ကို ကျော်ဖြတ် ပျံသန်းရသဖြင့် ဆက်လက်ပျံသန်းနိုင်ရန် ခါကာ ဘိုရာဇီအမျိုးသားဥယျာဉ်တွင်  အောက်တိုဘာ လကုန်ပိုင်းနှင့် နိုဝင်ဘာလဆန်းပိုင်းတို့တွင် တစ်ပတ်မှ နှစ်ပတ်အထိ ခေတ္တဝင်ရောက်နားခိုလေ့ ရှိပြီး အင်းတော်ကြီးကန်၊ အင်းလေးကန်၊ မိုးယွန်း ကြီးအင်းနှင့် ဆောင်းခိုကြမည့် သဘာဝရေပြင်များ သို့  ဆက်လက်ပျံ သန်းလေ့ရှိကြပြီး  ဆောင်းခို ငှက်များ  ဆောင်းခိုရာနေရာများမှ  မူရင်းဒေသသို့ ပျံသန်းစဉ် ခါကာဘိုရာဇီနှင့် ဖုန်ကန်ရာဇီမြက်ခင်း လွင်ပြင်တစ်လျှောက် မတ်လတစ်လတာ နားခိုကြ ကာ ခန္ဓာကိုယ်အတွက် လိုအပ်သော အစာအာဟာရ များကို  ဖြည့်တင်းကြ၍ ခွန်အားပြည့်ချိန်တွင် ဆက်လက်ပျံသန်းကြလေ့ရှိရာ    ငှက်ဝါသနာရှင် များအနေဖြင့် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်နှင့် ဖုန်ကန်ရာဇီဘေးမဲ့တောသို့ လာရောက်လည်ပတ်ပြီး ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်များကို  လေ့လာနိုင်သော အခွင့်အလမ်း ကောင်းများကလည်းစောင့်ကြိုလျက် ရှိသည်။

သဘာဝထိန်းသိမ်းရေး ဧရိယာ

နောင်မွန်မြို့နယ်နှင့်   ပန်နန်းဒင်မြို့တို့တွင် ခါကာဘိုရာဇီအမျိုးသားဥယျာဉ်နှင့်  ဖုန်ကန်ရာဇီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော   ထိန်းသိမ်း စောင့်ရှောက်ရေးအတွက်  ရှေ့တန်း စခန်းများ ထားရှိပြီး ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ကို သဘာဝထိန်းသိမ်းရေးဧရိယာအဖြစ်  ထိန်းသိမ်း ဆောင်ရွက်လျက်ရှိရာ သုတေသနပြုတွေ့ရှိချက် များအရ သစ်ခွမျိုးစိတ်ပေါင်း  ၂၀၀ ကျော်နှင့် တောင်ဆိတ်နီ၊ ရေခဲတောင်ဆိတ်၊  သွေးရစ်ငှက်၊ သားမင်း၊  ကတိုးချေ၊  ဖက်ဂျီ၊  ငဟစ်ဝမ်းဖြူ၊ ဟိမဝန္တာရစ်၊ ကြိုးကြာခေါင်းမည်း၊  လည်ပင်းနီ အောက်ချင်းငှက်၊ လိပ်ပြာနှင့် အင်းဆက်ပိုးများ၊ တောရိုင်းတိရစ္ဆာန်များစွာ နေထိုင်ကျက်စားလျက်ရှိ ကာ ကမ္ဘာပေါ်တွင် ကောင်ရေတစ်သောင်းကျော်သာ ကျန်ရှိသော ပန်ဒါနီမျိုးစိတ်အချို့နှင့် ရေခဲကျားသစ် မျိုးစိတ်တို့ ရှင်သန်လျက်ရှိကြောင်း သိရသည်။

အာဆီယံအမွေအနှစ် ဥယျာဉ်

ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ကို   ၁၉၉၆ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် သဘာဝထိန်းသိမ်းရေး နယ်မြေအဖြစ်လည်းကောင်း၊   ၁၉၉၈  ခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင် အမျိုးသား ဥယျာဉ်အဖြစ် လည်းကောင်း၊ ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ်လည်းကောင်း    သတ်မှတ်ခဲ့ပြီး    ဖုန်ကန်ရာဇီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ၂၀၀၃  ခုနှစ်တွင်  စတင်တည်ထောင်ခဲ့ပြီး  ၂၇၀၃ ဒသမ  ၉၅  စတုရန်းမိုင်  ကျယ်ဝန်းကြောင်း  သိရသည်။         ။