၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၃၂) မဲဆန္ဒနယ်ပြင်ပရောက်ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဆန္ဒမဲပေးနိုင်ရေး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့် နှစ် ဇူလိုင်လ ၂ ရက်နေ့ ရက်စွဲပါကြေညာချက်အမှတ် (၁၁၈ / ၂၀၂၀) ဖြင့် ပြည်ပရောက်မဲဆန္ဒရှင်များက ပုံစံ(၁၅) များကို သက်ဆိုင်ရာသံရုံးများတွင် စတင်ထုတ်ယူနိုင်မည့် နေ့ရက်နှင့် သံရုံးများသို့ ပေးပို့နိုင်မည့်နေ့ရက်များကို ထုတ်ပြန်ကြေညာခဲ့သည်။ တစ်ဆက်တည်းမှာပင် ပြည်တွင်းရှိ သက်ဆိုင်ရာမဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင် များ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ အသိပေး ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဤတွင် မဲဆန္ဒနယ်ပြင်ပ ရောက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်နှင့် မဲစာရင်းတွင် အမည်ပါရေးအတွက် မည်သို့လိုက်နာ ဆောင်ရွက်သွားကြပါမည်နည်း။ အနှစ်ချုပ် မျှဝေပါရစေ။
ပြည်ပရောက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ
ရွေးကောက်ပွဲကျင်းပသည့်အချိန်၌ နိုင်ငံပြင်ပတွင် ရောက်ရှိနေသော ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သံအဖွဲ့ဝင်များ၊ သံရုံးအဖွဲ့ဝင်များ၊ ပညာတော်သင်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအစိုးရ၏ခွင့်ပြု ချက်ဖြင့် နိုင်ငံပြင်ပတွင်ရောက်ရှိ နေသူများနှင့် ယင်းတို့ အသီးသီး၏ အိမ်ထောင်စုဝင်များသည် ကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်ကြသည်။ ထိုသူများသည် သက်ဆိုင်ရာမဲဆန္ဒနယ်၏ ပြင်ပသို့ ရောက်ရှိနေပြီး နိုင်ငံပြင်ပရောက် မဲဆန္ဒရှင်များဖြစ်သည်။
မဲဆန္ဒနယ်ပြင်ပရောက်ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ
ရွေးကောက်ပွဲကျင်းပသည့်အချိန်၌ သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပသို့ ရောက်ရှိနေသော တပ်မတော်သား များ၊ ကျောင်းသားများ၊ သင်တန်းသားများ၊ အချုပ်ခံနေ ရသူများနှင့် ဆေးရုံသို့ တက်ရောက် ကုသခံနေရသူများ သည် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူများ ဖြစ်ကြသည်။ ထိုသူများသည် သက်ဆိုင်ရာ မဲဆန္ဒနယ်၏ ပြင်ပသို့ရောက်ရှိနေပြီး ပြည်တွင်းရှိ မဲဆန္ဒရှင်များဖြစ်သည်။
ပုံစံ ( ၁၅ ) ဆိုသည်မှာ
ပုံစံ ( ၁၅ ) သည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများ၏ နည်းဥပဒေ ၅၆ (က) နှင့် ၅၇ (က) တို့အရ သတ်မှတ်ပေးသည့်ပုံစံဖြစ်သည်။ သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများက ယင်းပုံစံတွင်ဖြည့်သွင်းပြီး ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးခွင့်ပြုရန် တောင်းဆိုသည့်ပုံစံဖြစ်သည်။ ဖြည့်သွင်းရန်အချက် ( ၉) ချက် သတ်မှတ် ထားသည်။
ဖြည့်သွင်းရမည့်အချက် ( ၉ ) ချက်မှာ တောင်းဆိုသူ၏ အမည်၊ တိုင်းရင်းသားလူမျိုး၊ မှတ်ပုံတင်အမှတ်၊ မွေးသက္ကရာဇ် (အသက်)၊ အဘအမည်၊ အမိအမည်၊ တောင်းဆိုသူ၏အမြဲတမ်းနေရပ်လိပ်စာ၊ တောင်းဆိုသူ ယခုရောက်ရှိနေသည့် ရပ်ကွက်/ကျေးရွာ၊ မြို့နယ်/ဌာန (ပြည်တွင်း) နှင့် တောင်းဆိုသူ ယခုရောက်ရှိနေသည့် ရပ်ကွက်/ကျေးရွာ၊ မြို့နယ်၊ နိုင်ငံ (ပြည်ပ) ခွဲခြားဖော်ပြရန် တို့ဖြစ်သည်။
ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး
မဲဆန္ဒနယ်ပြင်ပရောက် (ပြည်တွင်း + ပြည်ပ) ကြိုတင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေးမှာ မဲဆန္ဒရှင် များအပိုင်းက လိုက်နာဆောင်ရွက်ရမည့် အချက်များရှိသည်။ တာဝန်ရှိသူများအပိုင်းက လိုက်နာ ဆောင်ရွက်ရမည့် အချက်များရှိသည်။ နှစ်ဖက်စလုံးက မိမိတို့ လိုက်နာဆောင်ရွက်ရမည့်အပိုင်းတွင် တာဝန် ကျေပွန်စွာဆောင်ရွက်ကြဖို့သည် အရေးကြီးသည်။
ပြည်ပရောက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများလိုက်နာရမည်မှာ
ပြည်ပရောက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် မိမိတို့ကြိုတင်မဲပေးနိုင်ရေးအတွက် ပုံစံ ( ၁၅) များကို ၃-၇-၂၀၂၀ ရက်နေ့မှစ၍ သက်ဆိုင်ရာ သံရုံးများတွင် စတင်၍ ထုတ်ယူနိုင်ကြပါသည်။ ထို့အပြင် ယင်းပုံစံ (၁၅) များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် Website၊ နိုင်ငံခြားရေးဝန်ကြီးဌာန Website နှင့် သက်ဆိုင်ရာသံရုံး Website များမှလည်း Download ရယူနိုင်သည်။
ပုံစံ ( ၁၅) များကို ပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန်ဖြည့်စွက် ပါ။ အထူးအရေးကြီးသည်မှာ မိမိ၏ အမြဲတမ်းနေရပ် လိပ်စာဖြစ်သည့် ပြည်တွင်းကလိပ်စာကိုလည်း မှန်မှန် ကန်ကန် ဖော်ပြရမည်။ မိမိရောက်ရှိနေသည့် ပြည်ပနိုင်ငံ အတွင်းရှိ မိမိနေထိုင်ရာ လိပ်စာကိုလည်း မှန်မှန်ကန်ကန် ဖြည့်တင်းဖို့ လိုအပ်သည်။ ပုံစံ (၁၅) များကို ဖြည့်သွင်းပြီး လျှင် သတ်မှတ်ထားသည့်အတိုင်း ၁၆-၇-၂၀၂၀ ရက်နေ့ မှ ၅-၈-၂၀၂၀ ရက်နေ့အတွင်း သက်ဆိုင်ရာသံရုံးများသို့ ပြန်လည်ပေးပို့ကြရမည်ကို သတိမူကြရပါမည်။
မဲဆန္ဒနယ်ပြင်ပရောက် ပြည်တွင်းရှိကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ လိုက်နာရမည်မှာ
မဲဆန္ဒနယ်ပြင်ပရောက် ပြည်တွင်းရှိကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် ပုံစံ (၁၅) များကို မိမိရောက်ရှိနေသည့် သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်းများ၏ အကြီး အမှူးများထံမှ တောင်းယူပါ။ ပုံစံ (၁၅) များကို မှန်မှန် ကန်ကန် ဖြည့်သွင်းပါ။ အထူးသဖြင့် မိမိအမြဲတမ်းနေထိုင် သည့်နေရာ၏ နေရပ်လိပ်စာတို့ကို မှန်မှန်ကန်ကန် ဖြည့်သွင်းပါ။ ဖြည့်သွင်းပြီးပုံစံများကို အကြီးအမှူးများက သတ်မှတ်ပေးသည့်နေ့ရက်တွင် အချိန်မီပြန်ပို့ပါ။ အကြီးအမှူးသည် ပုံစံ (၁၅) များကို မြို့နယ်ကော်မရှင် အဖွဲ့ခွဲများသို့ ၂၆-၈-၂၀၂၀ ရက်နေ့အရောက် ပေးပို့သွား မည်ဖြစ်သည်။
တာဝန်ရှိသူများအပိုင်း(နိုင်ငံခြားရေးဝန်ကြီးဌာနကဆောင်ရွက်ရမည်မှာ)
နိုင်ငံပြင်ပတွင်ရောက်ရှိနေသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ များက ကြိုတင်၍ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်ငံခြားရေး ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ပေးရမည်ဟူ၍ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၄၇ (ခ) တွင် ပြဋ္ဌာန်းထားသည်။
ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၃-၇-၂၀၂၀ ရက်စွဲဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ မေတ္တာ ရပ်ခံသည့်အနေဖြင့် ပေးပို့သည့်စာ၌လည်း ဤသို့ ဖော်ပြထားသည်-
သက်ဆိုင်ရာသံရုံး၊ အမြဲတမ်းကိုယ်စားလှယ်ရုံးနှင့် ကောင်စစ်ဝန်ရုံးများသည် အတည်ပြုထားသော ပုံစံ(၁၅) များကို သက်ဆိုင်ရာမဲဆန္ဒရှင်များအား ဖြန့်ဖြူးပေးပြီး နောက် မဲဆန္ဒရှင်များက ဖြည့်သွင်းပြီးသည့် ပုံစံ (၁၅) များကို ၁၆-၇-၂၀၂၀ ရက်နေ့တွင် စတင်လက်ခံရမည်။
မဲဆန္ဒရှင်များသည် ပုံစံ (၁၅) များဖြည့်သွင်းပြီး သက်ဆိုင်ရာသံရုံး၊ အမြဲတမ်းကိုယ်စားလှယ်ရုံးနှင့် ကောင်စစ်ဝန်ရုံးများသို့ ၅-၈-၂၀၂၀ ရက်နေ့ နောက်ဆုံး ထား၍ ပေးပို့ရမည်။
နိုင်ငံခြားရေးဝန်ကြီးဌာနသည် မဲဆန္ဒရှင်များက ဖြည့်သွင်းပြီးသည့် ပုံစံ (၁၅) များကို ကော်မရှင်သို့ ၁၉-၈-၂၀၂၀ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရမည်။
ကော်မရှင်သည် နိုင်ငံပြင်ပရှိကြိုတင်ဆန္ဒမဲပေးမည့်သူများအတွက် ဆန္ဒမဲလက်မှတ်နှင့် စာအိတ်များကို ၂၃-၉-၂၀၂၀ ရက်နေ့ နောက်ဆုံးထား၍ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးပို့မည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန သည် နိုင်ငံပြင်ပမှဆန္ဒပြုပြီးသော ကြိုတင်ဆန္ဒမဲလက်မှတ် ပါစာအိတ်များကို ကော်မရှင်သို့ ၂၈-၁၀-၂၀၂၀ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရမည်။
အထက်ပါလုပ်ငန်းစဉ်များ အောင်မြင်ချောမွေ့စေရန် အစိုးရခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲပေးခြင်း ဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက်နှင့် အညီ ဆောင်ရွက်သွားရေးဖြစ်သည်။ ဤသို့ဆောင်ရွက်မည် ဆိုလျှင် နိုင်ငံပြင်ပရောက်ရှိ နေသူများ ကြိုတင်မဲပေးခြင်း လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်သွားနိုင်မည်။
ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကဆောင်ရွက်ရမည်မှာ
သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပသို့ရောက်နေသော (ပြည်တွင်း) တပ်မတော်သားများ၊ သင်တန်းသားများ၊ အချုပ်ခံနေရသူများနှင့် ဆေးရုံသို့တက်ရောက်ကုသခံနေရသူများသည် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် သက်ဆိုင်ရာ မဲဆန္ဒနယ်အတွက် ဆန္ဒမဲပေးနိုင်ရန် သက်ဆိုင်ရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲက စီစဉ်ပေးရမည်ဟူ၍ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများဥပဒေပုဒ်မ ၄၅ (က) တွင် ပြဋ္ဌာန်းထားသည်။
မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသည် သက်ဆိုင်ရာ သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်းများ၏ အကြီးအမှူး များက ပုံစံ ( ၁၅ ) များ တောင်းခံလာလျှင် အသင့်ဖြစ်အောင် စီစဉ်ထားရှိရမည်။ သက်ဆိုင်ရာ သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်းများ၏ အကြီးအမှူးများက မဲဆန္ဒရှင် များ ဖြည့်သွင်းပြီးသည့်ပုံစံများကိုပြန်ပို့၍ လက်ခံရရှိသည့် အခါ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲများသို့ ပေးပို့ရမည်။
ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများသည် မြို့နယ်ကော်မရှင်အဖွဲ့ခွဲက ပေးပို့လာသည့် ပုံစံ ( ၁၅ )များကို လက်ခံရရှိသည့်အခါ မဲဆန္ဒနယ်ပြင်ပရောက် (ပြည်တွင်း) ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်း ပုံစံ (၁-၁) တွင် ဖြည့်သွင်းရမည်။ မိတ္တူတစ်စောင်ကို မိမိတို့ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားရသည်။ ဤသို့ ဖြင့် ကြိုတင်ဆန္ဒမဲပေးခွင့် မဆုံးရှုံးတော့ပါ။
မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် မိမိတို့မြို့နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော် သားများနှင့် အတူနေမိသားစုများ၏ အမည်စာရင်းရရှိစေရေးအတွက် သက်ဆိုင်ရာတပ်မှူးထံမှ တောင်းယူရမည်။ ထိုစာရင်းများရရှိသည့်အခါ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ဆက်လက်ပေးပို့ရမည်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲသည် ယင်းစာရင်းများကိုစိစစ်၍ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးရမည့် တပ်မတော်သားများနှင့် အတူနေ အိမ်ထောင်စုဝင်များ၏ စာရင်းကို ပုံစံ (၁-၂) ဖြင့် ရေးမှတ်ထားရမည်။ ဤသို့ဖြင့် ကြိုတင်ဆန္ဒမဲပေးခွင့် မဆုံးရှုံးတော့ပါ။
မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပေးပို့လာသော နိုင်ငံပြင်ပ ရောက် ကြိုတင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ၏ ပုံစံ (၁၅) များကို လက်ခံရရှိသည့်အခါ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ သို့ ဆက်လက်ပေးပို့ ရမည်။ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲသည် ယင်းစာရင်းများကိုစိစစ်၍ မဲဆန္ဒနယ်ပြင်ပရောက် (နိုင်ငံပြင်ပ) ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ စာရင်း ပုံစံ (၁-၃) တွင် ဖြည့်သွင်းရမည်။ မိတ္တူတစ်စောင်ကို
မိမိတို့ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားရမည်။ ဤသို့ဖြင့် ကြိုတင်ဆန္ဒမဲပေးခွင့် မဆုံးရှုံးတော့ပါ။
အကြီးအမှူး က ဆောင်ရွက်ရမည်မှာ
သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်းတို့၏ အကြီး အမှူးများသည် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများက ဖြည့် သွင်းပြီး တင်ပြလာသော ပုံစံ (၁၅) များကို သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲများသို့ ၂၆-၈-၂၀၂၀ ရက် နေ့အရောက် ပေးပို့သွား ရန်ဖြစ်သည်။ အကယ်၍ ၂၆-၈-၂၀၂၀ ရက်နေ့ နောက်ပိုင်းတွင်မှရောက်ရှိလာသူများရှိခဲ့သော် ယင်းတို့၏ ဆန္ဒမဲပေး ပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက် သွားရန် ဖြစ်သည်။
မဲစာရင်းတွင်အမည်ပါရှိရေးသည် ကနဦးလိုအပ်ချက်ပါ
ယခုဖော်ပြချက်များသည် ဆန္ဒမဲပေးခြင်းအဆင့်သို့ မရောက်သေးပါ။ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင်အမည် ပါရှိရေးကိုဦးတည်ထားသည်။ မဲစာရင်းတွင် အမည်ပါမှ ဆန္ဒမဲပေးပိုင်ခွင့်ရှိမည်ဖြစ်သည်။ မဲစာရင်းတွင် အမည်ပါရှိရေးသည် ကနဦးလိုအပ်ချက်ဖြစ်သည်။ မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ များ မကျန်ရှိရအောင် ပုံစံ (၁-၁)၊ (၁-၂)၊ (၁-၃) မဲစာရင်း များတွင် အမည်ပါရှိရေး သက်ဆိုင်ရာမဲဆန္ဒရှင်များ၊ ဌာန အသီးသီးမှအကြီးအမှူးများ၊ ရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့မှ တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်ကြခြင်းဖြင့်သာ အဆင်ပြေ ချောမွေ့သွား
နိုင်မည် ဟု ယုံကြည်မိကြောင်းပါဗျာ။
မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများအားလုံး မဲစာရင်းတွင် အမည်စာရင်းပါရှိရေး သတ်မှတ်ပုံစံများတွင် ပြည့်စုံမှန်ကန်စွာ ရေးသွင်းဆောင်ရွက်နိုင်ကြပါစေ၊
မဲဆန္ဒရှင်များအားလုံး ဆန္ဒမဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း အကြီးအမှူးများနှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအသီးသီးမှ တာဝန်ရှိသူများက ပြည်သူတို့နှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြပါစေ။ ။
မောင်စာဂ