Skip to main content

“ပြည်သူ့ပခုံး၊ ပြည်သူ့မျက်လုံး”အဖြစ် ခံယူဆောင်ရွက်မယ်ဆိုရင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ အောင်မြင်အောင် ဆောင်ရွက်သွားနိုင်ရမှာဖြစ်

 “ပြည်သူ့ပခုံး၊ ပြည်သူ့မျက်လုံး”အဖြစ် ခံယူဆောင်ရွက်မယ်ဆိုရင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ အောင်မြင်အောင် ဆောင်ရွက် သွားနိုင်ရမှာဖြစ်
ဒေါက်တာစံရွှေဝင်း(ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ)

နိုင်ငံသားများ၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းရန်၊ သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များ အပြည့်အဝ ရရှိစေရန်အတွက် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်တို့နှင့် စတုတ္ထမဏ္ဍိုင် သတင်းမီဒီယာများအကြား တွေ့ဆုံဆွေးနွေးအဖြေရှာရန် စတုတ္ထအကြိမ် မဏ္ဍိုင်(၄)ရပ် အလုပ်ရုံဆွေးနွေးပွဲကို ဩဂုတ် ၂၁ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက် ခဲ့ကြသည့် မဏ္ဍိုင်(၄)ရပ်မှ တာဝန်ရှိသူများ၊ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမေးမြန်းခဲ့သည် များကို စုစည်းဖော်ပြလိုက်ပါသည်-

ဒေါက်တာစံရွှေဝင်း
(ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ)

တတိယအကြိမ်ဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့တဲ့ ကိစ္စရပ်တချို့က ဒီနေ့ဆွေးနွေးမယ့် အချက်တွေထဲမှာ ဆက်လက်ပါဝင်နေတာ တွေ့ရှိရပါတယ်။ ဒါကြောင့် အကောင်အထည် ဆောင်ရွက်မှုအပိုင်းမှာ အားဖြည့်ဆောင်ရွက်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ မြင်ပါ တယ်။ “ ပြည်သူ့ပခုံး၊ ပြည်သူ့မျက်လုံး”အဖြစ် ခံယူဆောင်ရွက်မယ်ဆိုရင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ အောင်မြင်အောင် ဆောင်ရွက်သွားနိုင်ရမှာ ဖြစ်တယ်လို့ အကြုံပြုလိုပါတယ်။ ဒီနေ့အစည်းအဝေး ကျင်းပရာမှာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်တွေနဲ့အညီ ဆောင်ရွက်ထားတာကို တွေ့ရတဲ့အတွက်လည်း ချီးကျူးဂုဏ်ပြုပါတယ်။

ဦးကျော်စွာမင်း
(အတွင်းရေးမှူး၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ)

မဏ္ဍိုင် (၄) ရပ် တွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပတာ အခုဆိုရင် စတုတ္ထအကြိမ်ရှိပါပြီ။ ကျွန်တော်တို့ မီဒီယာကောင်စီအနေနဲ့လည်း မဏ္ဍိုင် (၄) ရပ် တွေ့ဆုံမှုတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် ဒေသမှာ ရှိတဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်တွေနဲ့ သတင်းမီဒီယာသမားတွေ တိုက်ရိုက်ထိတွေ့ခွင့်ရပြီး အခက်အခဲတွေကို ချက်ချင်းအဖြေရှာနိုင်ပါတယ်။ အင်မတန်အောင်မြင်မှုရှိပါတယ်။ ကျွန်တော်တို့ မဏ္ဍိုင်(၄)ရပ် တွေ့ဆုံတယ်၊ သတင်းစာရှင်းလင်းပွဲတွေလည်းလုပ်တဲ့အတွက် မဏ္ဍိုင် (၃) ရပ်က တာဝန်ရှိသူတွေနဲ့ သတင်းသမားတွေ ပိုပြီးထိတွေ့မှုတွေ ရလာတယ်။ ဒါတွေဟာ အင်မတန်ကောင်းတဲ့ ရလဒ်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တတိယအကြိမ် မဏ္ဍိုင် (၄) ရပ် တွေ့ဆုံဆွေးနွေးပွဲမှာ သတင်းမီဒီယာတိုးတက်ဖွံ့ဖြိုးရေးကို ဆောင်ရွက်ရမယ်ဆိုတဲ့ အချက်ပါတာကြောင့် သတင်းမီဒီယာတိုးတက်ဖွံ့ဖြိုးရေးစီမံချက်ကို ကျွန်တော်တို့ ရေးဆွဲပြီးပါပြီ။ သတင်းမီဒီယာဥပဒေအရ သတင်းသမားကျင့်ဝတ်နဲ့မကိုက်ညီတဲ့ အဖွဲ့အစည်းတွေ၊ သတင်း website အတုတွေ၊ သတင်း Page အတုတွေအဖြစ် ကြေညာခဲ့တာတွေ ရှိပါတယ်။

သတင်းမီဒီယာကောင်စီရဲ့ ပင်မအလုပ်က တိုင်ကြားမှုတွေ၊ အငြင်းပွားမှုတွေကို ဖြေရှင်းပေးရတဲ့ တာဝန်ဖြစ်ပါတယ်။ သတင်း မီဒီယာကောင်စီရဲ့ ဒုတိယသက်တမ်းကာလအတွင်းမှာ တိုင်ကြားတဲ့အမှုပေါင်း ၁၉၀ ကျော် ရှိခဲ့ပါတယ်။ ပထမနှစ်သက်တမ်း ကာလနဲ့ နှိုင်းယှဉ်ရင် အခုသက်တမ်းမှာ တိုင်ကြားတဲ့အမှုတွေ ပိုများလာတယ်။ သတင်းမီဒီယာကောင်စီကို တိုင်ကြားတဲ့အတွက် သတင်းမီဒီယာဥပဒေနဲ့အညီ ဆောင်ရွက်ပါတယ်။ သတင်းသမားတွေတရားစွဲခံရတာနဲ့ပတ်သက် ပြီး တာဝန်ရှိသူတွေထံ စာတင်တယ်။ ဥပဒေနဲ့အညီ ဆက်လက်ဖြေရှင်းပေးတာမျိုးတွေ ကျွန်တော်တို့ ကောင်စီအနေနဲ့ ဆောင်ရွက်နေပါတယ်။
ဦးလှထွန်း
(ဒုတိယအမြဲတမ်းအတွင်းဝန်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)

မဏ္ဍိုင်တစ်ခုချင်းစီရဲ့ လုပ်ငန်းသဘောသဘာဝနဲ့ မီဒီယာလုပ်ငန်းသဘောသဘာဝတွေကို အချင်းချင်းအပြန်အလှန် အသိ အမှတ် ပြု လက်ခံပြီး ပူးပေါင်းညှိနှိုင်းကြတာ ဖြစ်တဲ့အတွက် ကောင်းမွန်သော အုပ်ချုပ်မှု (Good Governance ) ပေါ်ထွန်းလာ ဖို့အတွက် အထောက်အပံ့ကောင်းတွေ ရရှိလာနိုင်တဲ့ အလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပါတယ်။ အခုလို ဆွေးနွေးပွဲတွေကို တစ်နှစ်နှစ်ကြိမ် ကျင်းပ ပေးဖို့ အကြံပြုချင်ပါတယ်။ မဏ္ဍိုင်(၄)ရပ်က ပါဝင်သူတွေအချင်းချင်း ထိတွေ့မှု၊ ရင်းနှီးမှုတွေ ပိုမိုရရှိလာပြီး ပွင့်လင်း မြင်သာမှု ပိုရှိလာမှာပါ။ ပြည်သူလူထုကလည်း သတင်းမီဒီယာကိစ္စ တွေနဲ့ပတ်သက်ပြီး သတင်းမှန်ကို အမြန် သိရှိလာနိုင်မှာဖြစ် ပါတယ်။ ဒါမှသာ ဒီမိုကရေစီ နိုင်ငံတိုင်းမှာ ရှိသင့်တဲ့ မဏ္ဍိုင် (၄)ရပ် အပြန် အလှန်ထိန်းကျောင်းမှု အခွင့်အလမ်းတွေ ပေါ်ထွန်းလာမယ်လို့ ယူဆပါတယ်။

ဦးညိုထွန်း
(ဒုတိယညွှန်ကြားရေးမှူးချုပ်၊ E-Government ဌာန၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး)

ဒီဆွေးနွေးပွဲက မဏ္ဍိုင်(၃)ရပ်နဲ့ သတင်းမီဒီယာမဏ္ဍိုင်တို့အကြား တွေ့ဆုံဆွေးနွေးပွဲဖြစ်တဲ့အတွက် သတင်းရယူခြင်းကိစ္စရပ် တွေမှာ တွေ့ကြုံနေရတဲ့ စိန်ခေါ်မှုနဲ့ အခက်အခဲ တွေကို သိရှိရပြီး ပူးပေါင်းညှိနှိုင်းဖြေရှင်းနိုင်လို့ များစွာအကျိုးရှိတဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။ ဒါကြောင့် ဒီဆွေးနွေးပွဲတွေဟာ မဏ္ဍိုင်(၄)ရပ် က တာဝန်ရှိသူတွေအားလုံးနဲ့ ထိတွေ့ခွင့်ရတဲ့အတွက် နှစ်စဉ်မပျက်မကွက် ကျင်းပသင့်တယ် လို့ အကြံပြုလိုပါတယ်။

ဗိုလ်မှူးချုပ် ရဲရင့်အောင်

ဒုတိယညွှန်ကြားရေးမှူး(ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး)ကာကွယ်ရေးဝန်ကြီးဌာန
ဒီအစည်းအဝေးရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ နိုင်ငံသားအားလုံးရဲ့ သတင်းသိပိုင်ခွင့်ကို အပြည့်အဝဖြည့်ဆည်းဖို့ဆိုရင် မဏ္ဍိုင်(၄)ရပ်၊ တစ်နည်းအားဖြင့် ခက်မ(၄)ရပ်က လုပ်ငန်း တာဝန်နဲ့စည်းမျဉ်းတွေကို သိနေဖို့လိုပါမယ်။ ဒါကို နားလည်မှုလို့ ခေါ်ရပါမယ်။ ဒီလို နားလည်မှုရဖို့ အကောင်းဆုံးနည်းလမ်း ကတော့ မဏ္ဍိုင်(၄)ရပ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပဆွေးနွေးခြင်းပဲ ဖြစ်ပါလိမ့်မယ်။ မဏ္ဍိုင်(၄)ရပ် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် များများ ထိတွေ့နေဖို့ လိုပါမယ်။ နယ်ပယ်တိုင်းမှာ ကန့်သတ်ချက်ဆိုတာ ရှိပါတယ်။ ဒီကန့်သတ် ချက်တွေကို ကျော်လွှားဖို့အတွက် များများ ဆွေးနွေးဖို့ လိုပါတယ်။ နောက်တစ်ခုက သတင်းအချက်အလက် ရယူခွင့်ဥပဒေကို Zero Draft အဆင့်ကနေ အမြန်ပြီးပြတ်အောင် ပြဋ္ဌာန်းနိုင်ဖို့ အရေးကြီးပါတယ်။ ဒါမှလည်း တိတိကျကျ ပိုင်းခြားနိုင်မယ့် တာဝန်နဲ့အတူ သတင်းစီးဆင်းမှုကလည်း မှန်ကန်မြန်ဆန်လာမှာဖြစ်ပြီးတော့ အငြင်းပွားစရာကိစ္စတွေ လည်း လျော့နည်းသွားမှာ ဖြစ်ပါတယ်။

ဦးစိုင်းတင်အောင်သိန်း
(လက်ထောက်အတွင်းဝန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန)

သတင်းမီဒီယာသမားတွေအနေနဲ့ အစိုးရ ဌာနတွေရဲ့ သတင်းအချက်အလက်တွေကို သက်ဆိုင်ရာပုဂ္ဂိုလ်၊ ဌာနနဲ့ အဖွဲ့အစည်း တစ်ခုခု ကနေ ရယူပြီးနောက် သတင်းရေးသား တည်ဆောက်ရာမှာလည်း ဆိုလိုရင်းအဓိပ္ပာယ် လွဲမှားမှုမရှိစေဖို့ ဆောင်ရွက် သင့်ပါတယ်။ အကယ်၍ အများပြည်သူအတွက် နားလည်မှု လွဲမှားစေနိုင်တဲ့ သတင်းတွေ ထုတ်ပြန်မိရင်လည်း သတင်းမီဒီယာကောင်စီအနေနဲ့ တာဝန် ယူဖြေရှင်း ဆောင်ရွက်ပေးသင့်ပါတယ်။

ဦးဆွေတင့်ကြူး
(ညွှန်ကြားရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန)

ဆွေးနွေးပွဲတွေ ကျင်းပရာမှာ တစ်ကြိမ် ထက်တစ်ကြိမ် မဏ္ဍိုင်(၄)ရပ်အကြား ပိုမို ပွင့်လင်းပြီး ရင်းနှီးမှု တိုးတက်လာတာကို တွေ့မြင်ရပါတယ်။ အခုဆွေးနွေးပွဲရဲ့ ရည်ရွယ် ချက်တွေဟာ အင်မတန်အရေးပါတဲ့အချက်တွေ ဖြစ်တယ်ဆိုတာ ပြောလိုပါတယ်။ တိုးတက်မှုတွေကိုလည်း ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြဖို့ လိုအပ်ပါတယ်။ မဏ္ဍိုင်တစ်ခုနဲ့တစ်ခုအကြား၊ လူပုဂ္ဂိုလ်တစ်ဦးနဲ့တစ်ဦးအကြား အပြန်အလှန် လေးစားမှု၊ ကျင့်ဝတ်စောင့်ထိန်းမှု၊ နားလည်မှုတွေနဲ့ ယုံကြည်မှုတွေ ပိုပြီးတည်တံ့အောင် ဆက်လက် ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ တတိယအကြိမ်ဆွေးနွေးပွဲမှာ ဖော်ထုတ်ရရှိခဲ့တဲ့ အချက်တွေထဲက အချက်နံပါတ် ၄၊ ၆ နဲ့ ၁၀ မှာပါဝင်တဲ့အချက်တွေကို ဆက်လက်တိုးတက်အောင် ဆောင်ရွက်ခြင်းအားဖြင့် မဏ္ဍိုင်တွေအကြား ယုံကြည်မှုတွေ တိုးတက်လာမယ်လို့ ယုံကြည်ပါတယ်။

ဒေါ်မေရီငြိမ်းချမ်း
(အလုပ်အမှုဆောင်အဖွဲ့ဝင်၊ မြန်မာအမျိုးသမီးသတင်းစာဆရာအဖွဲ့)

မဏ္ဍိုင်(၄)ရပ် ဆွေးနွေးပွဲတွေ အခု ထက်ပိုပြီး ကျင်းပလာနိုင်ဖို့ မျှော်လင့်ပါတယ်။ ဆွေးနွေးပွဲတွေကတစ်ဆင့် သတင်းမီဒီယာနဲ့ ပြည်သူလူထုရဲ့ သတင်းရပိုင်ခွင့်နဲ့ သိပိုင်ခွင့် ပိုမိုရရှိအောင် လုပ်ဆောင်ပေးနိုင်ပြီး မဏ္ဍိုင် (၄)ရပ်အကြား နားလည်မှုတွေ ရလာမယ်လို့ မျှော်လင့်ပါတယ်။ သတင်းသမားတွေ သတင်း ရယူရာမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ဖြေရှင်းဆောင်ရွက်ပေးဖို့ ပြန်ကြားရေးဝန်ကြီး ဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့တို့နဲ့ တွေ့ဆုံပွဲ တွေ မကြာခဏလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒီလိုတွေ့ဆုံပွဲတွေကနေ မဏ္ဍိုင်(၄)ရပ်အကြား နားလည်မှုတွေ ရှိလာပြီး ပြည်သူလူထုရဲ့ သတင်းရပိုင်ခွင့်၊ သိပိုင်ခွင့်တွေ ပိုမိုရရှိလာနိုင် မယ်လို့ ယူဆပါတယ်။ အုပ်ချုပ်ရေး၊ တရား စီရင်ရေးနဲ့ ဥပဒေပြုရေး မဏ္ဍိုင်တွေရဲ့ လုပ်ဆောင်မှုတွေကို မီဒီယာကတစ်ဆင့် ပြည်သူလူထုသိရှိအောင် ဖော်ပြလာနိုင်ပြီး မဏ္ဍိုင်(၃)ရပ်ရဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ပိုမိုသိရှိကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အားလုံးပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။
ဦးဇေယျာမြတ်ခိုင်
(အတွင်းရေးမှူး၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း-ဗဟို)

အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်သာမက စတုတ္ထမဏ္ဍိုင်အဖြစ် သတင်းမီဒီယာမဏ္ဍိုင်ကို အလေးထား၊ အလေးပေးပြီး အခွင့်အရေးပေး၊ နေရာပေးလာတဲ့အပေါ်မှာ ကျေးဇူးတင်ပါတယ်။ မဏ္ဍိုင် (၄)ရပ် တွေ့ဆုံဆွေးနွေးပွဲ ကနေ ထွက်ပေါ်လာတဲ့ ရလဒ်တွေကို စာရွက်ပေါ်မှာ တင်မကဘဲ လက်တွေ့မှာလည်း အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြဖို့ လိုလားပါတယ်။ မဏ္ဍိုင်(၄)ရပ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခုလို တွေ့ဆုံဆွေးနွေးမှုကို (၃)လတစ်ကြိမ် တွေ့ဆုံပြီး ဆွေးနွေး အဖြေရှာ ပေးကြမယ်ဆိုရင် မဏ္ဍိုင် (၄) ရပ်ဟာ တစ်စိတ်တစ်ဝမ်းတည်း၊ တစ်သားတည်း ဖြစ်သွားမယ်လို့ မျှော်လင့်ပါတယ်။
ဒေါ်နန်းဖော့ဂေ
(ဥက္ကဋ္ဌ၊ မူဝါဒရေးရာကော်မတီ)နိုင်ငံတကာမြန်မာအသင်းအဖွဲ့-BNI

ဒီဆွေးနွေးပွဲမှာ နိုင်ငံသားတွေ သတင်းသိရှိခွင့်၊ သတင်းထောက်တွေ သတင်းရယူခွင့်ကို ဆွေးနွေးပါတယ်။ အထူးသဖြင့် တစ်နိုင်ငံ လုံးအတွက် ကောင်းမွန်တဲ့ အုပ်ချုပ်မှုရှိဖို့အတွက် ပူးပေါင်းလုပ်ဆောင်ဖို့လိုတယ်ဆိုတာကို အဓိက ဦးတည်ပြီး ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ သတင်းမီဒီယာသမားတွေကို ပွင့်လင်းမြင်သာမှုရှိစွာ အချက်အလက်တွေ ဖလှယ်ဖို့၊ သတင်းပေးဖို့အတွက် စနစ်တစ်ခု လိုအပ်မယ်လို့ မြင်ပါတယ်။ ဒီနေ့ ဆွေးနွေးပွဲကနေ သတင်း အချက်အလက် စီးဆင်းမှုစနစ်ကောင်းတစ်ခုကို တည်ဆောက်သွား စေချင် ပါတယ်။

 တွေ့ဆုံမေးမြန်း-မျိုးဟိန်း၊ ကေတာ

ဓာတ်ပုံ-ကျော်ဇင်ထိုက်