သဘာဝပတ်ဝန်းကျင်နှင့် မျက်နှာဖုံး (Mask) ပြဿနာ
ပြီးခဲ့သည့်လအတွင်းက ကိုဗစ်-၁၉နှင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများအကြောင်းကို ဆောင်းပါးရေးသားခဲ့သည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် အသွားအလာများကန့်သတ်ထိန်းချုပ်လိုက်သဖြင့် ကာဗွန်ထုတ်လွှတ်မှုလျော့ကျပြီး သဘာဝပတ်ဝန်းကျင် ပြန်လည်သန့်စင်သွားသည့်အကြောင်းကို ရေးသားခဲ့ခြင်းဖြစ်သည်။
ကိုဗစ်ကြောင့် ကမ္ဘာကြီးသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာတက်ကြွလှုပ်ရှားသူတို့ လိုလားသောအခြေအနေတစ်ရပ်ကို ရောက်ရှိခဲ့ကြောင်း ရေးသားခဲ့သည့် ထိုဆောင်းပါးကြေးမုံသတင်းစာတွင်ဖော်ပြပြီးနောက် မိတ်ဆွေအချို့က ဖုန်းဖြင့်တစ်မျိုး၊ Facebook,Viber တို့မှ Message များပို့၍တစ်သွယ် အထွန့်တက်ကြသည်။ ချစ်စနိုးပြောရရင် ကလိကြသည်ဆိုပါစို့။ ၎င်းတို့ပြောကြသည်က ကိုဗစ်ကြောင့် လူ့ပတ်ဝန်းကျင်ကို တစ်နည်းတစ်ဖုံ ညစ်ညမ်းစေသည်ဆိုသည့်အကြောင်း ဖြစ်သည်။ တစ်ခါသုံးမျက်နှာဖုံးများ (Disposal Face Mask) နှင့် ပလတ်စတစ်မျက်နှာအကာ (Face Shield) များကို စနစ်တကျ မစွန့်ပစ်ခြင်းကြောင့် ပတ်ဝန်းကျင်အမြင် မတင့်တယ်သလို ရေထုနှင့်မြေလွှာကို ညစ်ညမ်းစေသည့်အကြောင်း၊ မသန့်စင်သည့် ဆေးရုံသုံးပစ္စည်းများကို အမှုမဲ့အမှတ်မဲ့စွန့်ပစ်ခြင်းကြောင့် မလိုလားအပ်သည့် ရောဂါပိုးများပြန့်ပွားစေနိုင်သည့်အကြောင်းတို့ ဖြစ်သည်။ ထို့အပြင် လက်ဆေးရန်အတွက် လက်ဆေးကန်ဘေစင်များ နေရာအနှံ့အပြားတွင်ထားရှိပြီး ထိန်းသိမ်းပြုပြင်မှု မရှိခြင်းကြောင့် ရေသုံးစွဲမှုမြင့်တက်လာကာ လေလွင့်ဆုံးရှုံးမှုများဖြစ်ပေါ်ရကြောင်း၊ ပလတ်စတစ်လက်သန့်ဆေးရည်ဘူးများကြောင့် စွန့်ပစ်ပလတ်စတစ်အမှိုက်များ များပြားလာရကြောင်းတို့ ဖြစ်သည်။ စကားနာထိုးမှုသက်သက်ဖြစ်သော်လည်း ၎င်းတို့ထောက်ပြသောအချက်များမှာ မှန်ကန်သောအချက်များ ဖြစ်သည်။ အလေးအနက်ထား ဂရုပြုဆောင်ရွက်ရမည့် ကိစ္စရပ်များဖြစ်သည်။
နေ့စဉ်သုံးပလတ်စတစ်ပစ္စည်းများ
သူတို့ပြောမည်ဆိုလည်း ပြောစရာပင်။ မနက်လမ်းလျှောက်ထွက်တိုင်း လမ်းမပေါ်တွင် မျက်နှာဖုံး (Disposal Face Mask) များကို ဟိုတစ်စဒီတစ်စ စွန့်ပစ်ထားကြသည်ကို တွေ့ရသည်။ မနက်ရုံးသွားဖို့ ဖယ်ရီပေါ်ရောက်တော့ နောက်ဘက်က ဝန်ထမ်းအမျိုးသမီးတစ်ဦးက ၎င်းနေရာတွင် သုံးစွဲပြီးမျက်နှာဖုံးတစ်ခု ရောက်ရှိနေသဖြင့် ဆူညံပူညံပြောဆိုနေသံကို ကြားရသည်။ ပြီးတော့ အဆိုပါအမျိုးသမီးကိုယ်တိုင်ပင် ယင်းမျက်နှာဖုံးကို ကြွပ်ကြွပ်အိတ်တစ်ခုတွင်ထည့်၍ လမ်းပေါ်သို့ ပစ်ချလိုက်သည်ကို တွေ့လိုက်ရသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပလတ်စတစ်နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှု အသိပညာအားနည်းသည်ကိုတွေ့ရှိရသည်။ ယခင် ကိုဗစ် - ၁၉ မဖြစ်ခင်က အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ရာတွင် ပလတ်စတစ်ရေသန့်ဘူးများဝေပေးရာ အခမ်းအနားတစ်ခုပြီးတိုင်း ရေသန့်ဘူးအခွံအများအပြား ပြန့်ကျဲကာ ကျန်ရစ်တတ်လေသည်။ ယခုတော့ ယင်းခေါင်းစဉ်အတွက် ရေသန့်ဘူးစွန့်ပစ်မှု အတန်ငယ်လျော့ကျသွားဖွယ်ရှိသည်။ သို့သော် ခေါင်းထောင်လာသည်က မျက်နှာဖုံးပြဿနာ။
ကိုဗစ်-၁၉ ရောဂါသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်သောရောဂါဖြစ်သဖြင့် နှာခေါင်းနှင့်ပါးစပ်ကို အဓိက အကာအကွယ်ပြုရသည်ဖြစ်ရာ မျက်နှာဖုံး (Mask) တပ်ဆင်ခြင်းသည် ရောဂါပိုး ဝင်ရောက်မှုမှ ထိရောက်စွာ ကာကွယ်ပေးသည်ကို အားလုံးသိရှိ လက်ခံထားပြီး ဖြစ်ပါသည်။ သို့ဖြစ်ရာ မျက်နှာဖုံး (Mask) တပ်ဆင်ခြင်းနှင့် လက်ဆေးခြင်းတို့သည် ရောဂါပိုးကိုကာကွယ်သော အလေ့အထတစ်ခုအဖြစ် လူ့အသိုက်အဝန်းတွင် လက်ခံကျင့်သုံးလာကြ သည်။ ယခုအခါ နေရာတိုင်းလိုလိုတွင် Mask ကို မဖြစ်မနေ တပ်ဆင်ရန် စည်းကမ်းသတ်မှတ်ချက်များထုတ်ပြန်ကြသည်။ လိုက်နာဆောင်ရွက်ရေး လှုံ့ဆော်အားပေးမှုများ ပြုလုပ်ကြသည်။
တိုးတက်များပြားလာသော Mask ထုတ်လုပ်မှု
သို့ဖြစ်ရာ Mask ထုတ်လုပ်ရောင်းချမှုသည် ယခင်ကထက် သိသိသာသာတိုးတက်များပြားလာခဲ့သည်။ United Nations Conference on Trade and Development (UNCTAD) ၏ဖော်ပြချက်အရ ၂၀၁၉ ခုနှစ်က ကမ္ဘာပေါ်တွင် Mask ထုတ်လုပ်ရောင်းချမှုသည် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ဝန်းကျင်သာရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁၆၆ ဘီလီယံအထိ ရှိလာမည်ဟု ခန့်မှန်းထားသည်။ ထုတ်လုပ်မှုနှင့်အတူ စွန့်ပစ်မှုဖြစ်စဉ်သည်လည်း ပေါ်ပေါက်လာမည်ဖြစ်ရာ ယခု ၂၀၂၀ ပြည့်နှစ်အတွင်း သန်းနှင့်ချီသော Disposal Face Mask များသည် ကမ္ဘာ့ရေထုနှင့် မြေလွှာအတွင်းသို့ စွန့်ပစ်ခြင်းခံရမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ University College London မှ သုတေသနပညာရှင်များ၏ ခန့်မှန်းချက်အရ ဗြိတိန်နိုင်ငံရှိလူတိုင်း တစ်နေ့လျှင် တစ်ခါသုံးမျက်နှာဖုံး (Single-Use Mask) ကို တစ်နှစ်ကြာ အသုံးပြုမည်ဆိုပါက ၎င်းတစ်နိုင်ငံတည်းပင် ပလတ်စတစ်စွန့်ပစ်တန်ချိန် ၆၆၀၀၀ ရှိမည်ဖြစ်ကြောင်း သိရသည်။
မျက်နှာဖုံး (Face Mask) များကို တပ်ဆင်ရန်အသိပေးကြေညာခြင်း၊ စည်းမျဉ်းစည်းကမ်းများချမှတ်ပြီး လိုက်နာဆောင်ရွက်စေခြင်းတို့ကို လုပ်ဆောင်ကြသော်လည်း အသုံးပြုပြီး Mask များကို မည်သို့ ကိုင်တွယ်ဆောင်ရွက်သင့်ကြောင်း ဖော်ပြသူနည်းလှသည်။ စွန့်ပစ်မျက်နှာဖုံးများကို မည်သို့ စွန့်ပစ်၍ ရှင်းလင်းဆောင်ရွက်ကြသည်ကိုလည်း အများကျယ်ကျယ်ပြန့်ပြန့် မသိရှိကြချေ။ ပလတ်စတစ်အန္တရာယ်သည် ကိုရိုနာဗိုင်းရပ်စ်မပေါ် ပေါက်မီအချိန်ကတည်းက ကမ္ဘာကို ခြိမ်းခြောက်နေသော ပြဿနာကြီးတစ်ရပ်ဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကြီးဖြစ်ပေါ်လာသောအခါ မြွေပူရာကင်းမှောင့်ဆိုသလို တစ်ခါသုံးမျက်နှာဖုံးများ (Single-Use Mask) များ စွန့်ပစ်မှုသည် ကမ္ဘာကြီးကို အရုပ်ဆိုးအကျည်းတန်စေသည်။ ဆိုရသော် မျက်နှာဖုံးစွန့်ပစ်မှုပြဿနာသည် ကိုဗစ်-၁၉ ကပ်ရောဂါကြီး၏ ဘေးထွက်ဆိုးကျိုးသဖွယ်ပင်။
ပြင်သစ်၊ အမေရိကန်နိုင်ငံများနှင့်ဟောင်ကောင်တို့ရှိ ကမ်းခြေများပြန်လည်ဖွင့်လှစ်လိုက်ရာတွင် ကမ်းခြေများ၌ Mask များစွန့်ပစ်ထားသည်ကို တွေ့ရှိရကြောင်း၊ ယင်း Mask များကြောင့် ရေနေသတ္တဝါများ၏ ရှင်သန်နေထိုင်မှုနှင့် မျိုးပေါက်ပွားမှုတို့အပေါ် သက်ရောက်မှုများ ရှိလာမည်ကို စိုးရိမ်မိကြောင်း ပြောကြားလာသည်။
သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့စေဖို့
သို့သော် ကိုဗစ်-၁၉ ရောဂါကြီးဖြစ်ပွားမှုတာရှည်လာသည်နှင့်အမျှ ယင်းပြဿနာကို မျှော်တွေးလာသော ပညာရှင်များက ကောင်းမွန်သော အကြံဉာဏ်များကို မျှဝေလာကြသည်။ မိမိတို့ရုံးဝန်ထမ်းများအတွက် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက Mask များလှူဒါန်းမည် ဆိုသောအခါ Single-Use Mask များအစား လျှော်ဖွပ်၍ ပြန်လည်အသုံးပြုနိုင်သော Reusable Masks များ လှူဒါန်းပေးပါရန် ပန်ကြားခဲ့သည်။ ဝန်ထမ်းများအနေဖြင့် ယင်းမျက်နှာဖုံးများကို လျှော်ဖွပ်၍ ပြန်လည်အသုံ းပြုနိုင်သဖြင့် စီးပွားရေးအရ တွက်ခြေကိုက်သလို ရုံးပတ်ဝန်းကျင်တွင်လည်း ညစ်ညမ်းမှုမဖြစ်တော့ပေ။ ဝန်ထမ်းများအား တပ်ဆင်ပြီးမျက်နှာဖုံးများကို အသုံးပြုပြီးပြီးချင်း လျှော်ဖွပ်ရန်နှင့် မျက်နှာဖုံးများလျှော်ဖွပ်ရာတွင် ဆပ်ပြာဖြင့်သန့်စင်စွာ လျှော်ဖွပ်ရန်၊ ဖြစ်နိုင်ပါက ရေနွေးဖြင့်စိမ်၍ လျှော်ဖွပ်ရန်မှာကြားရသည်။ တစ်ခါသုံး မျက်နှာဖုံးများ စွန့်ပစ်လဲလှယ်ရာတွင်လည်း သေချာစွာထုပ်ပိုး၍ သတ်မှတ်အမှိုက်ပုံးများတွင် စွန့်ပစ်ရန်နှင့် မျက်နှာဖုံးလဲလှယ်ပြီးပြီးချင်း လက်ကိုဦးစွာဆေးကြောရန် ပြောရသည်။ ယခုအခါ အထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်သည်နှင့်ကျောင်းဝန်းကျင်တွင် ပလတ်စတစ်စွန့်ပစ်အမှိုက်များနှင့်အတူ မျက်နှာဖုံးများကို တွေ့လာရဖွယ်ရှိသည်။ မျက်နှာဖုံးများတပ်ဆင်ဖို့ပြောသလို မျက်နှာဖုံးများ ကိုင်တွယ်အသုံးပြုပုံနှင့် စနစ်တကျ လုံခြုံစွာစွန့်ပစ်ဖို့လည်း မှာကြားရန်လိုအပ်မည်ဖြစ်သည်။ ဈေးများ၊ ကျောင်းများနှင့် အများပြည်သူသွားလာရာ နေရာများတွင် မျက်နှာဖုံးများစွန့်ပစ်နိုင်ရန်တတ်နိုင်ပါက သီးခြားအမှိုက်ပုံးများ ထားရှိပေးသင့်သည်။
သိပ္ပံပညာရှင်တို့က သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသော မျက်နှာဖုံးများ၊ အကာအကွယ်ပြုပစ္စည်းများ ထုတ်လုပ်ရန် ကြိုးပမ်းလျက်ရှိကြသော်လည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ဖို့က အချိန်ယူကြ ရပေဦးမည်။ လူ့သဘောသဘာဝကလည်း လွယ်ကူ လက်လှမ်းမီသောအရာကို ပိုမိုအသုံးပြုလိုကြသည်။ ယင်းမတိုင်မီ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုလျော့နည်းကျဆင်းစေရန်နှင့် မိမိတို့နေထိုင်ရာကမ္ဘာကြီးနှင့် သက်ရှိများ ရေရှည်တည်တံ့စေရန် တစ်ဦးကအစ အများဆိုသလို လိုက်နာကျင့်သုံးဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
စည်သူကျော်