Skip to main content

ပြည်သူများ ပေါ့ဆ၍မဖြစ်သေးပါ

၂၀၂၀ ပြည့်နှစ် မတ်လဆန်းက ဖြစ်ပါသည်။ ထိုင်းနိုင်ငံရှိ ချူလာလောင်ကွန် တက္ကသိုလ်၌ ပါရဂူဘွဲ့သင်တန်း တက်ရောက်နေသော တပည့်လေးက မေးမြန်းခဲ့ဖူးသည်။

နိုင်ငံတကာမှာ ကိုဗစ် - ၁၉ တွေ အကြီးအကျယ် ဖြစ်နေကြတာကို မြန်မာပြည်မှာ လုံးဝမတွေ့သေးဘူးဆိုတာ တကယ်ပဲလား တီချယ်

ခုထိတော့ ဘာမှ မကြေညာသေးပါဘူးကွယ်

ဖြစ်နိုင်ပါ့မလား တီချယ်ရယ်

ဒီကိစ္စမျိုးက ဖုံးကွယ်ထားလို့မှမရတာ၊ ဖြစ်ပြီဆိုတာနဲ့ ဘွားဘွားကြီးပေါ်လာမှာ။ ကူးစက်ရောဂါ၊ ကပ်ရောဂါကြီးဆိုတော့ တကယ်တွေ့လာပြီဆိုရင် ကြေညာမှာပါကွယ် တပည့်လေးကဲ့သို့ပင် နိုင်ငံရပ်ခြားမှ မိတ်ဆွေအချို့ကလည်း သံသယစိတ်ဖြင့် စုံစမ်းတီးခေါက် ခဲ့ကြသေးသည်။ အမှန်တော့ ၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကိုဗစ်-၁၉ ရောဂါသည် “ကမ္ဘာ့ကပ်ရောဂါကြီးဖြစ်သည်ဟု ကြေညာခဲ့ပြီး ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ရုတ်ရုတ်သဲသဲဖြစ်လာခဲ့သော ဤကပ်ရောဂါကြီးသည် ကမ္ဘာတစ်ဝန်းလုံး အရှိန်အဟုန်ပြင်းပြင်းကူးစက်ခဲ့ရာ မြန်မာနိုင်ငံမှာတော့ ၂၀၂၀ ပြည့်နှစ် မတ်လနှောင်းပိုင်းမှ စတင်တွေ့ရှိခဲ့ရပါသည်။

နောက်ကျမှရောက်လာသဖြင့် ကြိုတင်ပြင်ဆင်ချိန်ရရှိသလို စီမံမှုလည်း ကောင်းစွာလုပ်ဆောင်နိုင်ခဲ့ပါသည်။ မြန်မာတို့၏ နှစ်သစ်ကူး အတာသင်္ကြန်ကာလသည် အိမ်ထဲမှာသာနေထိုင်ခြင်း (Stay Home) လုပ်ရသောကာလနှင့် တိုက်ဆိုင်နေခဲ့သည်။ တစ်လမ်းလုံး လူသွားလူလာမရှိ။ တစ်အိမ်နှင့်တစ်အိမ် ကူးလူးဆက်ဆံပြောဆိုခြင်းမရှိ။ သင်္ကြန်ကာလ စတုဒိသာကျွေးမွေးခြင်း၊ ဝေငှခြင်းလည်းမရှိ။ ကြိုတင်ပြင်ဆင်စုဆောင်းထားသော အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များ ကုန်သွားသောအခါ တာရှည်ခံသည့် ငါးခြောက်၊ ပုစွန်ခြောက်၊ အခြောက်အခြမ်းများကိုသာ စနစ်တကျ ချွေချွေတာတာစားသုံးရင်း သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားသတင်းများ၊ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ကြေညာထားသောသတင်းများကို နားစွင့်ကြသည်၊ ဖတ်ရှုကြသည်၊ စည်းကမ်းလိုက်နာကြပါသည်။ အကြောင်းကိစ္စ တစ်စုံတစ်ရာမရှိဘဲ အပြင်ထွက်လာသူများရှိပါက နှာခေါင်းစည်းနှင့် မျက်နှာဖုံးအကာမတပ်ဆင်ပါက တာဝန်ရှိသူတို့ ချက်ချင်းရောက်လာပြီး စည်းကမ်းကြပ်မတ်ကြကြောင်း လူမှုမီဒီယာများမှတစ်ဆင့် မြင်တွေ့ ရသည်။ ယခုအခါ ၂၀၂၀ ပြည့်နှစ် မတ်လမှ စတင်ရေတွက်လျှင် ငါးလပြည့်လု နီးပါးအချိန်သို့ ရောက်ခဲ့ပါပြီ။

ဒုတိယ ကိုဗစ်လှိုင်း

ကမ္ဘာပေါ်ရှိ အချို့နိုင်ငံများသည် ကိုဗစ် - ၁၉ ကပ်ရောဂါကြီးကြောင့် ကြီးမားသော ကူးစက်ပျံ့နှံ့ မှုကို ရင်ဆိုင်နေရစဉ် တစ်ချိန်တည်းမှာပင် ကပ်ရောဂါကြီး၏ ဒုတိယလှိုင်းဝင်လာမည်ကို စိုးထိတ်ပြီး ကာကွယ်ထိန်းချုပ်မှုများကို တတ်နိုင်သမျှ ဆောင်ရွက်နေကြရသည်။ ဒုတိယလှိုင်းဆိုတာဘာလဲ။ ပင်လယ်သမုဒ္ဒရာမှလှိုင်းများကို စိတ်ကူးဖြင့် မြင်ယောင်ကြည့်လိုက်ပါ။ ရောဂါဖြစ်ပွားကူးစက်ပျံ့နှံ့မှု တစ်ဟုန်ထိုး မြင့်တက်လာပြီး ပြန်ကျသွားသည်အထိ အချိန်ကာလသည် ကိုဗစ်လှိုင်းလုံးတစ်ခုနှင့် အလားသဏ္ဌာန်တူသည်။ ဒုတိယလှိုင်းလုံးဆိုသည်မှာ နောက်ထပ်တစ်ကြိမ် ပြင်းထန်စွာ ရိုက်ပုတ်ခြင်းပင် ဖြစ်သည်။

ပထမကိုဗစ်လှိုင်းကို ကုသထိန်းချုပ်ပြီး မည်သည့်အချိန်ကာလတွင်မဆို ဒုတိယကိုဗစ်လှိုင်း ကျရောက်နိုင်သည်ဟု ပညာရှင်များက ဆိုကြပါသည်။ ထိုအဆိုအရ ပထမကိုဗစ်လှိုင်း၏ ရောဂါဖြစ်ပွားမှုသည် ကုသကာကွယ် ထိန်းချုပ်မှု၊ စီမံကွပ်ကဲမှုအောက်တွင် ရောဂါဖြစ်ပွားမှု အများအပြား ကျဆင်းသွားရမည်။ ဒုတိယ ကိုဗစ်လှိုင်းဖြစ်ပေါ်လာလျှင် ယခင်က ကျဆင်းနေခဲ့သော ရောဂါဖြစ်ပွားကူးစက်မှုသည် အရှိန်အဟုန်ဖြင့် ပြန်လည်မြင့်တက်လာတတ်သည်။ ယခင်က ကမ္ဘာ့ကပ်ရောဂါကြီးတစ်ခုဖြစ်သော စပိန်တုပ်ကွေးရောဂါ၏ ဒုတိယလှိုင်းသည် ပထမလှိုင်းထက် ပိုမိုပြင်းထန်ပြီး အသက်ဆုံးရှုံးမှု ပိုမိုများပြားသည့် သာဓက ရှိခဲ့ဖူးပါသည်။

နယူးဇီလန်နိုင်ငံ၏ ရောဂါထိန်းချုပ်မှု

နယူးဇီလန်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရာ၌ စောစီးစွာ အောင်မြင်မှုရရှိခဲ့ခြင်း၏ အဓိကသော့ချက်မှာ “မြန်ဆန်ခြင်းပင်ဖြစ်သည်။ ထိုအချက်ကို တရုတ်နိုင်ငံ၏ ကိုဗစ် - ၁၉ ရောဂါစီမံထိန်းချုပ်နိုင်မှုမှ ရရှိခဲ့သည်။ ရောဂါဖြစ်ပွားသောသူများကို မြန်မြန်ရှာတွေ့ပြီး သီးခြားခွဲထုတ်နိုင်ခြင်း၊ ထိုသူတို့နှင့် နီးကပ်စွာရှိခဲ့သူများကို ခြေရာကောက်၍ လျင်မြန်စွာဖော်ထုတ်နိုင်ခြင်းသည် နယူးဇီလန်နိုင်ငံ၏နည်းဗျူဟာဖြစ်သည်။ မရှိမဖြစ်အရေး ကြီးသော ဝန်ထမ်းများမှအပ တစ်နိုင်ငံလုံး အိမ်မှာသာနေရန် အမိန့်ချမှတ်သည်။ ခပ်ခွာခွာနေထိုင်ရန် တင်းကျပ်သည်။ စမ်းသပ်စစ်ဆေးမှုများကို အရှိန်မြှင့်၍ လုပ်ဆောင် သည်။ ခြေရာကောက်သည့် တာဝန်၊ ဆေးကုသသည့် တာဝန်တို့ကို ထိရောက်စွာလုပ်ဆောင်ရင်း ပြည်သူလူထုအား ရှင်းလင်းစွာ အသိပေးသည်။ ကပ်ရောဂါကြီးကို ကာကွယ်၊ ထိန်းချုပ်ရာတွင် အောင်မြင်မှုရနေသော်လည်း ယစ်မူးသာယာနေခြင်းမရှိဘဲ စည်းကမ်းတင်းကျပ်စွာ လိုက်နာကြဆဲဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ဇွန်လနှောင်းပိုင်းတွင် နိုင်ငံခြားပြန်တချို့မှာ ကိုဗစ် - ၁၉ အတည်ပြုလူနာအနည်းငယ်တွေ့ရှိခဲ့၍ သီးခြားခွဲထားပြီး ရောဂါကူးစက်ပြန့်ပွားမှုအနည်းဆုံးဖြစ်အောင် ဆက်လက်လုပ်ဆောင်နေပါသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံအချို့

အမေရိကန်ပြည်ထောင်စု၊ ဘရာဇီးနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင် ကိုဗစ်- ၁၉ ကပ်ရောဂါကူးစက်မှု အများဆုံး ဖြစ်နေသည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံသည် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၅ ရက်နေ့တွင် အတည်ပြုလူနာ ၂၆ ဦးသာ ရှိနေရာမှ ဩဂုတ်လ ၁၄ ရက်နေ့ တစ်ရက်တည်းတွင် အတည်ပြုလူနာပေါင်း ၆၄၅၅၃ ဦးအထိ ရှိလာခဲ့သည်။ သေဆုံးသူ စုစုပေါင်း ၄၉၀၀၀ ကျော် ရှိခဲ့ပြီ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၆ ရက်နေ့တွင် အတည်ပြုလူနာ ၃၅ ဦးသာရှိနေရာမှ မေ၊ ဇွန်၊ ဇူလိုင်လများအတွင်း ထောင်ဂဏန်းများအထိ တရိပ်ရိပ် တိုးမြင့်လာခဲ့ပြီး ဩဂုတ်လ ၁၂ ရက်နေ့ တစ်ရက်တည်း၏ အတည်ပြုလူနာပေါင်း ၂၉၉၅ ဦးအထိ ရှိလာခဲ့သည်။

အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံတွင် မတ်လ ၂၃ ရက်နေ့တွင် အတည်ပြုလူနာ ၃၁၀ ရှိခဲ့ပြီး ဧပြီလ ၂၈ရက်နေ့ နောက်ပိုင်းမှစ၍ အရေအတွက် တဖြည်းဖြည်းကျဆင်းလာခဲ့ရာ ဩဂုတ်လ ၁၂ ရက်နေ့တွင် ငါးဦးသာရှိတော့သည်။

အရှေ့တောင်အာရှနိုင်ငံများအနက် ဗီယက်နမ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လလယ်အထိ ကိုဗစ် -၁၉ ရောဂါကြောင့် သေဆုံးသူလုံးဝမရှိ၊ လပေါင်းများစွာ ပြည်တွင်းကူးစက်မှု လုံးဝမရှိသည့်နိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။ သို့သော် ဇူလိုင်လကုန်တွင် ဒါနန်းမြို့၌ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှု၏ ဗဟိုချက်ဖြစ်လာခဲ့သည်။ ပထမလှိုင်း ဖြစ်ပွားစဉ်က အကောင်းဆုံးဖြစ်အောင် ထိန်းချုပ်နိုင်ခဲ့သော ဗီယက်နမ်နိုင်ငံသည် ကိုဗစ် - ၁၉ ဒုတိယလှိုင်းတွင် သေဆုံးသူများလည်း ရှိလာသည်။ ယခု ဩဂုတ်လ ၁၆ ရက်နေ့အထိ သတင်းများအရ အတည်ပြုလူနာ ၉၅၁ ဦး၊ သေဆုံး လူနာ ၂၃ ဦးရှိကြောင်း သိရသည်။

ဒုတိယလှိုင်း ဖြစ်ပွားမှု၏မှတ်တမ်းများအရ အလုံပိတ်အခန်းများဖြစ်ကြသည့် စားသောက်ဆိုင်များ၊ နိုက်ကလပ်များ၊ ကိုးကွယ်ဝတ်ပြုသည့်နေရာများ၊ လုပ်ငန်းခွင်များတွင် ကူးစက်ခဲ့ကြောင်း သိရသည်။ ထိုနေရာများသည် လေဝင်လေထွက်မကောင်း သောနေရာ၊ လူစုလူဝေးရှိသည့်နေရာ၊ စကားပြောဆိုခြင်း၊ အော်ဟစ်ခြင်း၊ သီချင်းဆိုခြင်းတို့ ပြုလုပ်သောနေရာများ ဖြစ်ကြသည်။ ရောဂါပိုးကို သယ်ဆောင်ထားသော်လည်း ရောဂါလက္ခဏာလုံးဝ မပြသည့်သူ (Asymptomatic person) နှင့် ရောဂါဖြစ်နေသော်လည်း ရောဂါလက္ခဏာမပြသေးသောသူ (Presymptomatic person) တို့မှ ရောဂါကူးစက်ပျံ့နှံ့ ခဲ့ကြောင်းသိရပါသည်။ ဩဂုတ်လ ၂၃ ရက်နေ့အထိ သတင်းများအရ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာပေါင်း ၂၃ သန်းကျော်ရှိနေပြီး ရောဂါပိုးကင်းစင်လာသူပေါင်း ၁၅ သန်းကျော်နှင့် သေဆုံးလူနာပေါင်း ရှစ်သိန်းကျော်ရှိနေကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ

မြန်မာနိုင်ငံတွင် ရောဂါအတည်ပြုလူနာ ၄၅၀၊ ပိုးကင်းစင်လာသူ ၃၄၁ ဦး၊ သေဆုံးသူ ခြောက်ဦးရှိနေခဲ့သည်။

အချို့က ကိုဗစ်ရောဂါအတွက် အသွားအလာကန့်သတ်ထိန်းချုပ်သည့်ကာလသည် မြန်မာနိုင်ငံ၏ နွေရာသီနှင့် တိုက်ဆိုင်နေသောကြောင့် ကိုဗစ် - ၁၉ ဗိုင်းရပ်စ်များ သေကျေပျက်စီးကုန်ပြီဟု ဆိုကြသည်။ အမှန်မှာ ကိုဗစ် - ၁၉ ဗိုင်းရပ်စ်သည် ပူပြင်းသောရာသီဥတု၊ စိုထိုင်းသောရာသီဥတု၊ အေးခဲသောရာသီဥတု မည်သည့်ရာသီဥတုမဆို ကူးစက်နိုင်သည်။ ရာသီဥတုအပေါ်မူတည်နေခြင်း မရှိပါ။ ဤအချက်ကို ကောင်းစွာသဘောပေါက်စေချင်ပါသည်။

ဩဂုတ်လဆန်းမှစ၍ သတိထားကြည့်မိရာ လူအတော်များများက နှာခေါင်းစည်းနှင့် မျက်နှာဖုံးအကာမတပ်ကြတော့။ စားဖွယ်စုံရောင်းချသည့် အချို့လက်ဖက်ရည်ဆိုင်များတွင် ရောင်းချပေးသူ၊ စားပွဲထိုးဝန်ထမ်းများက လွတ်လွတ်လပ်လပ်ပြောဆိုရောင်းချနေသည့်အပြင် စားပွဲများမှာလည်း အကာအကွယ်ပလတ်စတစ်အကြည်သားများ မရှိကြတော့ပေ။

အလုံပိတ်အခန်းများဖြစ်သော ဖုန်းဆိုင်၊ စတိုးဆိုင်နှင့် အဝတ်အထည် ဖက်ရှင်စတိုးအတော်များများ၌ နှာခေါင်းစည်းနှင့် မျက်နှာဖုံးအကာမတပ်ဘဲ ရောင်းသူဝယ်သူနှစ်ဦးနှစ်ဖက် တိုးဝှေ့ရောင်းချနေကြသည်မှာ စိတ်မသက်သာစရာပါ။

ကိုဗစ် ၁၉ ရောဂါ လူအချင်းချင်း မကူးစက်အောင် ကာကွယ်တားဆီးရန် WHO ၏ အကြံပြုချက်များ

- ရောဂါရှိသောသူ၊ အခြားသူများနှင့် နီးကပ်စွာနေထိုင်ခြင်းကို ရှောင်ကြဉ်ပါ။ တစ်မီတာအကွာအဝေးမှ ခပ်ခွာခွာနေပါ။ ရောဂါပိုးရှိသည့်နေရာတွင် ထိုအကွာအဝေးသည် စိတ်မချရသောကြောင့် နှာခေါင်းနှင့် မျက်နှာစည်းတပ်ဆင်ပါ။

- မကြာမကြာ လက်ဆေးပါ။ စက္ကန့် ၂၀ ကြာအောင် သေချာစွာ ဆေးကြောပါ။ နှာချေလျှင်၊ ချောင်းဆိုးလျှင် တစ်ရှူးအုပ်ကာပါ သို့မဟုတ် တံတောင်ဆစ်ကွေးဖြင့် အုပ်ကာပါ။

- တတ်နိုင်သမျှ လူစုလူဝေးရှိရာ နေရာများသို့ မလို အပ်ဘဲ (လုံးဝ) မသွားကြပါရန်၊

- တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြပါရန်၊ ဖြစ်နိုင်ပါက အနည်းဆုံး ခြောက်ပေအကွာမှသာ နေထိုင်ပြောဆို ဆက်ဆံကြပါရန်၊

- အပြင်ထွက်တိုင်းနှင့် လူစုလူဝေး ရှိသည့်နေရာများသို့ သွားသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျ မပျက်မကွက် တပ်ဆင်ကြပါရန်၊

- လက်တွင်ကပ်ပါလာနိုင်သောဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကိုဆပ်ပြာရည်အသုံးပြု၍ အနည်းဆုံးစက္ကန့် ၂၀ ကြာအောင် ဆေးကြောကြရန်တို့ဖြစ်ပါသည်။

အခြားနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ပြီ ဆိုပြီးမှ ဒုတိယလှိုင်းဝင်လာသည်ကို တွေ့ရသောကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “မိမိတို့အနေနှင့် ဒုတိယလှိုင်းကို ဖြစ်နိုင်ပါက လုံးဝကာကွယ်လိုပါကြောင်း၊ ဆိုးရွားစွာမဖြစ်စေလိုပါကြောင်း၊ ပေါ့ဆ၍မဖြစ်သေးပါကြောင်း ပြောကြားခဲ့သည့် စကားအတိုင်း “ပြည်သူများလုံးဝမပေါ့ဆကြပါနှင့်ဟု တိုက်တွန်းလိုက်ရပါသည်။

ဒေါက်တာခင်စန်းမော်