Skip to main content

လူဝင်မှုကြီးကြပ်ရေးအကြောင်း သိကောင်းစရာ

အချုပ်အခြာအာဏာပိုင် နိုင်ငံများသည် မိမိတို့၏ နိုင်ငံအတွင်းသို့ ဝင်/ ထွက် သွားလာသူများအား တရားဝင် ခွင့်ပြုချက်ဖြင့်သာ ဝင်/ထွက်ခွင့် ပြုစေပါသည်။ ထို့ကြောင့် မိမိတို့နိုင်ငံနှင့် ကိုက်ညီ သင့်လျော်မည့် လူဝင်မှု ကြီးကြပ်ရေး ဥပဒေနှင့် နိုင်ငံခြားသားများနှင့်ဆိုင်သော ဥပဒေများကို ပြဋ္ဌာန်းပြီး တရားဝင် ခွင့်ပြုချက်မရှိဘဲ ဝင်/ထွက် သွားလာနေထိုင်သူများကို အဆိုပါဥပဒေများဖြင့် အရေးယူ အပြစ်ပေးလေ့ ရှိပါသည်။

ဥပဒေပြဋ္ဌာန်းခြင်းနှင့် ရည်ရွယ်ချက်

လူဝင်မှုကြီးကြပ်ရေးဥပဒေနှင့် နိုင်ငံခြားသားများနှင့်ဆိုင်သော ဥပဒေများ ပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်မှာ သမိုင်းဖြစ်စဉ်အရ အင်္ဂလိပ်-မြန်မာစစ်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ရာ စစ်ပွဲများဖြစ်ပွားပြီးတိုင်း မြန်မာ့ပိုင်နက် နယ်မြေများ ဆုံးရှုံးခဲ့ရပြီး အဆိုပါနယ်မြေများသို့ နိုင်ငံခြားသားများ (အများ အားဖြင့် အိန္ဒိယနှင့် တရုတ်လူမျိုးများ) အတားအဆီးမရှိ အစုလိုက်အပြုံလိုက် ဝင်ရောက်လာခဲ့သဖြင့် ထိန်းချုပ်နိုင်ရန် ၁၈၆၄ ခုနှစ်တွင် “နိုင်ငံခြားသားများ အက်ဥပဒေ” ကို ပထမဆုံးအကြိမ် ပြဋ္ဌာန်းခဲ့ပါသည်။ အဆိုပါ ၁၈၆၄ ခုနှစ် နိုင်ငံခြားသားများ အက်ဥပဒေသည် [The Union of Burma (Adaptation of Laws) Order 1948] အရ ဆက်လက်တည်ရှိခဲ့ပါသည်။

အင်္ဂလိပ်တို့သည် ၁၈၈၅ ခုနှစ် တတိယအကြိမ် အင်္ဂလိပ်-မြန်မာစစ်ပွဲတွင် မြန်မာတစ်နိုင်ငံလုံး သိမ်းပိုက်နိုင်ခဲ့ပြီး နောက်ပိုင်း နိုင်ငံခြားသား များ ဝင်/ထွက်သွားလာမှု ပြဿနာရှုပ်ထွေးလာသဖြင့် “နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေ” ကို ၁၉၄၀ ပြည့်နှစ် မတ်လ ၂၈ ရက်နေ့က အတည်ပြု ပြဋ္ဌာန်းခဲ့ပါသည်။ ၎င်းဥပဒေမပြဋ္ဌာန်းမီ ၁၉၁၁ ခုနှစ် သန်းခေါင်စာရင်းအရ နိုင်ငံခြားသားလူဦးရေမှာ ကိုးသိန်းရှိပြီး နောက် ၁၀ နှစ် ကြာသောအခါ နိုင်ငံခြားသားဦးရေမှာ ၁၅ သိန်းခန့် ရှိလာခဲ့ပါသည်။ အဆိုပါဥပဒေကို ၁၉၄၀ ပြည့်နှစ် မြန်မာနိုင်ငံ အက်ဥပဒေအမှတ် (၇) အရ ပြဋ္ဌာန်းခြင်း ဖြစ်ပါသည်။ နည်းဥပဒေ ပြဋ္ဌာန်းနိုင်ခြင်းမရှိသဖြင့် အက်ဥပဒေမှာ အသက်ဝင်ခြင်း မရှိခဲ့ပေ။

သို့သော် အိန္ဒိယ - မြန်မာနှစ်နိုင်ငံ သဘောတူစာချုပ်အား ၁၉၄၁ ခုနှစ် ဇူလိုင်လတွင် လက်မှတ်ရေးထိုး နိုင်ခဲ့သဖြင့် ထိုနှစ်သြဂုတ်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနကို ဖွဲ့စည်းကာ နိုင်ငံခြားသားများ မြန်မာနိုင်ငံအတွင်းသို့ ဝင်/ထွက်သွားလာမှုကို စတင်ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် နည်းဥပဒေကို “၁၉၄၈ ခုနှစ် နိုင်ငံခြားသား မှတ်ပုံတင်ရေး နည်းဥပဒေ” အဖြစ် ပြဋ္ဌာန်းခဲ့ပြီး ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် အတည်ဖြစ်ခဲ့ပါသည်။

အဆိုပါ နည်းဥပဒေပြဋ္ဌာန်းပြီးနောက် ၎င်းနည်း ဥပဒေနှင့် အကျုံးမဝင်သူများကို ကင်းလွတ်ခွင့်အမိန့် အမှတ် (၄) ဖြင့် ကင်းလွတ် ခွင့်ပြုခဲ့ပါသည်။

အထက်ပါ နိုင်ငံခြားသားများနှင့် သက်ဆိုင်သော ဥပဒေများကို ပြဋ္ဌာန်းခဲ့သော်လည်း မြန်မာနိုင်ငံ အတွင်းသို့ မတရားဝင်ရောက်မှုကို ကာကွယ်နိုင်ခြင်း မရှိသဖြင့် လူဝင်မှုကြီးကြပ်ရေး (လတ်တလော ပြဋ္ဌာန်းချက်များ အက်ဥပဒေ) ကို ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံမခံရမီ ၁၉၄၇ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် ဆက်လက်အတည်ပြု ပြဋ္ဌာန်းခဲ့ပါသည်။ အဆိုပါဥပဒေသည် နိုင်ငံခြားသားများပါမက မြန်မာနိုင်ငံသား များနှင့်လည်း အကျုံးဝင်ပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်/ ထွက် သွားလာနေထိုင်ခြင်း မပြုနိုင်ရန်နှင့် နိုင်ငံခြား တိုင်းပြည်များ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် အရှုပ်အထွေး ပြဿနာမပေါ်ပေါက်စေရန် ရည်ရွယ် ပြဋ္ဌာန်း ရခြင်း ဖြစ်ပါသည်။

ပြဋ္ဌာန်းဥပဒေများသည် ဆက်စပ်မှုရှိခြင်း

နိုင်ငံခြားသားများအား ကြပ်မတ်ထိန်းချုပ်နိုင်ရန် ရှေးဦးစွာ ပြဋ္ဌာန်းခဲ့သော ၁၈၆၄ ခုနှစ် နိုင်ငံခြား သားများ အက်ဥပဒေ၊ ၁၉၄၀ ပြည့်နှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေ၊ ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး နည်းဥပဒေနှင့် နည်းဥပဒေနှင့် အကျုံးမဝင် သူများအား ကင်းလွတ် ခွင့်ပြုသည့် အမိန့်အမှတ်- (၄)၊ ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေနှင့် အဆိုပါဥပဒေများအရ အရေးယူခြင်းခံရသော နိုင်ငံခြားသားများအား ပြည်နှင်ဒဏ် ပေးပြီးနောက် ချုပ်နှောင်ထားရန် ပြဋ္ဌာန်းထားသည့် ၁၉၅၁ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (ချုပ်နှောင်ခြင်း) နည်းဥပဒေများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အခြေခံမူများမှာ တူညီလျက် ရှိသည်ကို တွေ့ရပေမည်။

ဥပမာအားဖြင့် နိုင်ငံခြားသားများ အက်ဥပဒေ ပုဒ်မ-၁ တွင် နိုင်ငံခြားသားဆိုသည့် စကားရပ်မှာ မြန်မာနိုင်ငံ သား မဟုတ်သူကို ဆိုလိုသည်ဟု လည်းကောင်း၊ နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ-၂ (က) တွင် နိုင်ငံခြားသားဆိုသည်မှာ နိုင်ငံခြားသားများ အက်ဥပဒေတွင် အဓိပ္ပာယ်ဖော်ပြထားသည့် နိုင်ငံခြားသားကို ဆိုလိုသည် ဟုလည်းကောင်း၊ သက်သေပြရန် တာဝန်နှင့် ပတ်သက်၍လည်း နိုင်ငံခြားသားများ အက်ဥပဒေပုဒ်မ- ၂ နှင့် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ - ၄ တို့တွင် နိုင်ငံခြားသား ဟုတ်၊ မဟုတ် အငြင်းပွားပါက နိုင်ငံခြားသား မဟုတ်ကြောင်း သက်ဆိုင်ရာကို ထင်ရှားအောင် သက်သေပြရန် တာဝန်မှာ ထိုသူ၏ တာဝန်ဖြစ်စေ ရမည်ဟုလည်းကောင်း၊ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ- ၁၃ (က)တွင် ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေများနှင့် စပ်လျဉ်း၍ နိုင်ငံခြားသားတစ်ဦးဦး ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်ခြင်းသည် သို့တည်းမဟုတ် နေထိုင်ခြင်းသည် တရားဥပဒေနှင့်အညီ ဝင်ရောက်ခြင်း သို့တည်းမဟုတ် နေထိုင်ခြင်း ဟုတ်၊ မဟုတ် ဆုံးဖြတ်ရန်အချက် ပေါ်ပေါက်လျှင် သက်သေခံဥပဒေတွင်မည်သို့ပင် ပါရှိစေကာမူ မိမိသည် တရားဥပဒေနှင့် အညီ ဝင်ရောက်လာကြောင်း၊ သို့မဟုတ် နေထိုင်ကြောင်းကို ထင်ရှားအောင် သက်သေ ပြရန်တာဝန်မှာ အဆိုပါနိုင်ငံခြားသား၏ တာဝန်ပင်ဖြစ်စေရမည်ဟု ပြဋ္ဌာန်းထားပါသည်။

ဥပဒေပြဋ္ဌာန်းချက်များမှာ မတူကွဲပြားသော်လည်း ( ၁၈၆၄ ခုနှစ် နိုင်ငံခြားသားများ အက်ဥပဒေ၊ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး လတ်တလောပြဋ္ဌာန်းချက်များ အက်ဥပဒေ စသည်ဖြင့်) နိုင်ငံခြားသားများ ဥပဒေမဲ့ ဝင်ရောက်နေထိုင်သွားလာခြင်းကို ကန့်သတ်၊ ထိန်းချုပ်၊ကြပ်မတ်ရန် ရည်ရွယ်သောကြောင့် ဥပဒေများမှာ တစ်ခုနှင့် တစ်ခု ဆက်စပ်နေခြင်းဖြစ်ပါသည်။

လူဝင်မှုကြီးကြပ်ရေးဌာန သမိုင်းဖြစ်စဉ်

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း လူဝင်မှုကြီးကြပ်ရေးဌာနကို ၁၉၄၁ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် စတင် ဖွဲ့စည်းချိန်မှစ၍ ဌာန၏ လုပ်ငန်းတာဝန်များကို ရဲတပ်ဖွဲ့မှ ၁၉၅၆ ခုနှစ်အထိ ဆောင်ရွက် ခဲ့ပါသည်။ ၁၉၅၇ ခုနှစ်တွင် သီးခြားဌာနခွဲအဖြစ် ဖွဲ့စည်းပြီး အစိုးရဌာန အသီးသီးမှ အရာထမ်း၊ အမှုထမ်းများနှင့် ပြင်ပမှခေါ်ယူ သော ဝန်ထမ်းများ (ဥပဒေဌာန၊ ပညာရေးဌာန၊ ဘဏ်နှင့်စာရင်းစစ်ဌာန စသည်များ) ဖြင့် ဖွဲ့စည်းခဲ့ပါသည်။

ဖွဲ့စည်းရာတွင် လူဝင်မှုကြီးကြပ်ရေးအရာရှိ (Inspector) နှင့် စာရေးဝန်ထမ်း (Office Staff) ဟူ၍ နှစ်မျိုး ခွဲထားပါသည်။ လူဝင်မှု ကြီးကြပ်ရေး အရာရှိများ၏ ကိုယ်ပိုင်အမှတ်အား (လဝက----) ဟု လည်းကောင်း၊ စာရေးဝန်ထမ်းများ၏ ကိုယ်ပိုင်အမှတ်ကို (ငစရ------) ဟု လည်းကောင်း သတ်မှတ် ထားပါသည်။ လူဝင်မှုကြီးကြပ်ရေး အရာရှိများတွင် ဝန်ထောက်အဆင့်မှာ (ကြယ်သုံးပွင့်) ဖြစ်ပြီး ၎င်းအထက် အရာရှိများမှာ ယူနီဖောင်းဝတ်ရန် မလိုဘဲ လက်ထောက်ဝန်၊ ဒု - ဝန်၊ ကြီးကြပ်ရေးဝန် (Controller) စသည့် ရာထူး အခေါ်အဝေါ်များဖြင့် ဌာနဆိုင်ရာ အကြီးအကဲများအဖြစ် သတ်မှတ်ထား ပါသည်။ စတင်ဖွဲ့စည်းစဉ်က လူဝင်မှု ကြီးကြပ်ရေး အရာရှိမှာ တစ်ထောင့်နှစ်ရာ ကျော်ခန့်ရှိပြီး စာရေး ဝန်ထမ်းမှာ ကိုးရာကျော်မျှသာ ရှိပါသည်။

ဌာနနှင့် ဝန်ထမ်းတာဝန်

ဝန်ထမ်းဌာနတိုင်းတွင် မူဝါဒများရှိသကဲ့သို့ လူဝင်မှု ကြီးကြပ်ရေးဌာနတွင်လည်း မူဝါဒထားရှိပါသည်။ အဆိုပါ မူဝါဒမှာ “မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည်” ဟူသော အသိ၊ သတိရှိသော မူဝါဒ၊ ဆောင်ပုဒ် ဖြစ်ပါသည်။

၎င်းမူဝါဒမှာ ၁၉၂၁ ခုနှစ်တွင် ကျင်းပသော နဝမအကြိမ်မြောက် (ဂျီစီဘီအေ) ကွန်ဖရင့်တွင် ပြောကြားသော ဦးမြဲ၏ မိန့်ခွန်းမှဖြစ်ပါသည်။ အဆိုပါဦးမြဲမှာ ဒီပဲရင်း၊ ဝန်ထောက်ဖြစ်ပြီး မင်းတုန်းမင်းကြီး လက်ထက်တွင် ပထမဆုံး အင်္ဂလန်နိုင်ငံသို့ ပညာတော်သင်သွားရသူ ဖြစ်ပါသည်။ ဦးမြဲ၏ ပြောဆိုချက်ကို လေ့လာသုံးသပ်ကြည့်ပါက ၎င်းအချိန်ကပင် မြန်မာနိုင်ငံတွင် နိုင်ငံခြားသား များ၏ အန္တရာယ်ကို ခန့်မှန်း နိုင်ပါသည်။

“ငါတို့နိုင်ငံဟာ အင်အားကြီး အိမ်နီးချင်းနိုင်ငံများနဲ့ ထိစပ်နေပြီး မိုင်ပေါင်းများစွာ ရှည်လျားတဲ့ နယ်စပ်ဒေသကို၊ ဝန်ထမ်းအင်အား တစ်ထောင်ကျော်လောက်နဲ့ ဘယ်တားဆီးနိုင်မလဲ။ ဒါပေမယ့် ခိုးဝင်လာတဲ့ နိုင်ငံခြားသားတွေကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့အညီ ကိုင်တွယ်ဖြေရှင်းရင် တို့နိုင်ငံထဲကို အဝင်လွယ်ပေမယ့် အနေခက်စေရမယ်” ဆိုတဲ့ ခံယူချက်များထားပြီး တာဝန်ထမ်းဆောင်ခဲ့ကြောင်း ပြန်ပြောင်းသိခဲ့ရပါသည်။ ထို့ကြောင့်လည်း နိုင်ငံခြားသား ပြဿနာမှာ ထိုအချိန်က နိုင်ငံတော် ပြဿနာအထိ မဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။

ဌာနအနေဖြင့်လည်း ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာတွင် လွယ်ကူအဆင်ပြေစေရန်အတွက် ဘာသာစကား သင်ကြားမှုကို ဌာနတွင်း၌ သင်ကြားပေးခဲ့ကြောင်း၊ အဆိုပါ ဘာသာစကားများမှာ တိုင်းရင်းသားဘာသာစကား (ရှမ်း၊ ကချင်စသည်ဖြင့်) အပြင် နိုင်ငံခြားဘာသာ စကားအဖြစ် (တရုတ်၊ အင်္ဂလိပ်) စကားများကို သင်ကြားပေးခဲ့ကြောင်း သိရပါသည်။ ယခုအခါ အဆိုပါ သင်တန်းများ မရှိတော့ပါ။ ထားသင့်သည်ဟု ထင်ပါသည်။

ဌာန သုံးခုပေါင်းခြင်း

ယနေ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ယခင်ကသီးခြားဌာန ဖြစ်သော လူဝင်မှုကြီးကြပ်ရေးဌာနခွဲ၊ သီးခြားဖြစ်သော အမျိုးသားမှတ်ပုံတင်ဌာနခွဲ (မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး) သီးခြားဖြစ်သော သန်းခေါင်စာရင်း ဌာနခွဲများကို ပေါင်းစည်း ဖွဲ့စည်းထားသော ဝန်ကြီးဌာန ဖြစ်ပါသည်။

အဆိုပါ ဌာနခွဲသုံးခုကို ၁၉၇၆ ခုနှစ်တွင် ပူးပေါင်းဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ ထိုဌာနခွဲသုံးခုမှာ သဘော သဘာဝ မတူသော ဌာနများ ဖြစ်သော်လည်း ပူးပေါင်းဖွဲ့စည်းခဲ့သဖြင့် အကျိုးသက်ရောက်မှုမှာ မကောင်းခဲ့ပါ။ သာဓကအားဖြင့် လူဝင်မှုကြီးကြပ်ရေးဌာနသည် နိုင်ငံခြားသားများ မှတ်ပုံတင်လုပ်ငန်း တာဝန်နှင့် မြန်မာနိုင်ငံ အတွင်းသို့ ဥပဒေမဲ့ ဝင်ရောက်သူများအား ကာကွယ်တားဆီးရေးနှင့် တရားမဝင် ဝင်ရောက်လာသူများဖြစ်ပါက လဝက ဥပဒေများနှင့်အညီ တရားစွဲဆို အပြစ်ပေးခြင်းနှင့် ပြည်နှင်ခြင်း လုပ်ငန်းများနှင့် နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြား သံသယရှိသူများအား တရားဝင်နေထိုင်ခွင့် ရှိ၊ မရှိ စစ်ဆေးအရေးယူခြင်းမှာ အဓိက ဖြစ်ပါသည်။

အမျိုးသားမှတ်ပုံတင်ဌာနခွဲမှာ မြန်မာနိုင်ငံ အတွင်းရှိ နေထိုင်သူများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်ပြား ထုတ်ပေးရန် ဖြစ်ပါသည်။ အဆိုပါ သက်သေခံကတ်ပြား ကိုင်ဆောင်ထားသူ တိုင်းကို မြန်မာနိုင်ငံတွင်း၌ တရားဝင်နေထိုင်ခွင့်ရှိသူ အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံသားအဖြစ် လည်းကောင်း (လဝက ဥပဒေ) အရလက်ခံခြင်းမရှိဘဲ စစ်ဆေးအရေးယူမှုများ ရှိခဲ့ပါသည်။ အဆိုပါ သူများအနက် တရားစွဲဆို ပြည်နှင်ဒဏ် ပေးသူများရှိသကဲ့သို့ အချို့ကို နိုင်ငံခြားသား မှတ်ပုံတင် လက်မှတ် (FRC) ကိုင်ဆောင်စေပြီး နိုင်ငံခြားသားအဖြစ် သတ်မှတ်ပေးခဲ့ပါသည်။

သန်းခေါင်စာရင်းဌာနခွဲမှာ ယေဘုယျအားဖြင့် လူဦးရေစာရင်း ကောက်ယူပြီး လိုအပ်သောလူဦးရေ အချက် အလက်များ ရယူခြင်းသာဖြစ်၍ ဌာနခွဲသုံးခု ပူးပေါင်းခြင်းတွင် ပြဿနာတစ်စုံတစ်ရာ မရှိခဲ့ပါ။

ယနေ့ဖြစ်ပေါ်လျက်ရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးပြဿနာ (နိုင်ငံသားများအား အချိန်နှင့်တစ်ပြေးညီ ထုတ်မပေး နိုင်ခြင်း) မှာ သဘောသဘာဝမတူသော ဌာနများ၊ ပူးပေါင်းဖွဲ့စည်း ထားသောကြောင့်ဟု ယူဆပါသည်။ ယင်းကဲ့သို့ ပူးပေါင်းထားသဖြင့် ဝန်ထမ်းများအနေဖြင့် လူဝင်မှု ကြီးကြပ်ရေး လုပ်ငန်းများလည်း သီးသီးသန့်သန့်၊ စူးစူးစိုက်စိုက် မလုပ်နိုင်သလို နိုင်ငံသား ကတ်ပြား ထုတ်ပေးရေး လုပ်ငန်းများကိုလည်း ပီပီပြင်ပြင် မဆောင်ရွက်နိုင်ဟု ထင်မြင်မိပါသည်။ ထို့ကြောင့် နိုင်ငံခြားသား ထိန်းသိမ်းရေးလုပ်ငန်းများတွင် လစ်ဟာမှုမရှိစေရန်၊ နိုင်ငံသားလုပ်ငန်း မှာလည်း တိုးတက် လာသော လူဦးရေနှင့်အညီ အချိုးကျ ဆောင်ရွက်နိုင်ရန် အပြုသဘော အကြံပြု လိုပါသည်။

ဝန်ကြီးဌာန (အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန) အောက်တွင် လူဝင်မှုကြီးကြပ်ရေးဌာန၊ အမျိုးသား မှတ်ပုံတင်ရေးနှင့် သန်းခေါင်စာရင်းဌာနဟူ၍ ယခင်ကအတိုင်း လုပ်ငန်း သဘောသဘာဝ မတူသောဌာနများကို သီးခြားခွဲထား မည်ဆိုလျှင် ပို၍အဆင်ပြေနိုင်မည် ဖြစ်ပါသည်။ သို့မှသာ ဌာနဆိုင်ရာတစ်ခုချင်း၏ လုပ်ငန်းတာဝန်ဝတ္တရားများကို သီးခြားစီဆောင်ရွက် နိုင်မည် ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းအားဖြင့် လုပ်ငန်းများ တိကျမှန်ကန်လာမည့်အပြင် ဝန်ထမ်းများအနေဖြင့်လည်း မိမိဌာနအား ကိုယ်တိုင် တာဝန်ခံရမည့် အနေအထားဖြစ်လာပါမည်။ ထိုသို့ခွဲခြားခြင်းအားဖြင့် ဌာနဆိုင်ရာ တစ်ခုချင်းအလိုက် လုပ်ငန်းများလည်း အချိန်နှင့် တစ်ပြေးညီ ပြီးစီးမည်ဖြစ်ပါသည်။ ယနေ့ဖြစ်ပေါ်နေသော ဝန်ကြီး ဌာန၏ နိုင်ငံသား စိစစ်ရေးလုပ်ငန်း၏ အခက်အခဲ ပြဿနာမှာ သဘော သဘာဝမတူသော ဌာနများကို ပူးပေါင်းထားခြင်း၏ (၁၉၇၆) ခုနှစ်ရလဒ် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

ဌာနများ သီးခြားခွဲပါက ယခင်ကကဲ့သို့ မြို့နယ်များတွင် FRO ရုံး (Foreigners Registration Office) များ ထားခြင်းအားဖြင့် ဌာနေနိုင်ငံခြားသားများနှင့် ပြည်ပမှ ဝင်ရောက်လာသော နိုင်ငံခြားသားများ၊ တရားမဝင် ဝင်ရောက်လာသူများအား ဥပဒေနှင့်အညီ ထိန်းသိမ်း ကြီးကြပ်နိုင်မည်ဖြစ်သကဲ့သို့ အမျိုးသားမှတ်ပုံတင် လုပ်ငန်း (အမတ၊ ယာယီသက်သေခံလက်မှတ်၊ White Card နှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားထုတ်ပေးရေး၊ အိမ်ထောင်စုစာရင်းနှင့် ပုံစံ (၁၀) ကိစ္စများ) မှာလည်း တစ်မျိုး တည်းသာ ဆောင်ရွက်ရခြင်းဖြစ်၍ အချက်အလက်ပြည့်စုံစွာ ရရှိနိုင်မည်ဖြစ်ပါသည်။

သန်းခေါင်စာရင်းလုပ်ငန်းမှာလည်း သတ်မှတ်ကာလ (၁၀ နှစ်တစ်ကြိမ်) ကောက်ယူရရှိသော အချက်အလက် များနှင့် လဝက၊ အမတ ဌာနရှိ အချက်အလက်များနှင့် လုပ်ငန်းညှိနှိုင်း ဆောင်ရွက်ခြင်းအားဖြင့် လိုအပ်သော အချက်အလက်များ ပြည့်စုံစွာရရှိမည်ဖြစ်ပါသည်။

လဝက ဥပဒေ၏ ထူးခြားချက်

၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလော ပြဋ္ဌာန်းချက်များ) အက်ဥပဒေ၏ ထူးခြားချက်မှာ နိုင်ငံတော်သမ္မတက အာဏာလွှဲအပ်ပေးခြင်း ဖြစ်ပါသည်။ ပုဒ်မ- ၂၊ ပုဒ်မခွဲ (၂)တွင် “နိုင်ငံတော် သမ္မတသည် အရာရှိတစ်ဦးဦးအား ဤအက်ဥပဒေအရ သို့တည်း မဟုတ် ဤအက်ဥပဒေဖြင့် ပြုသောနည်းဥပဒေများအရ ပြဋ္ဌာန်းထားသည့် ကြီးကြပ်ရေးဝန်၏ အာဏာတစ်ခုခုကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေ သုံးစွဲရန်အရာရှိ တစ်ဦး ဦး အား လွှဲအပ်နိုင်သည်” ဟု အတိအလင်းပြဋ္ဌာန်း ထားခြင်းဖြစ်ပါသည်။

ထို့ကြောင့် (COVID - I9) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အထက်ပါ ပုဒ်မ-၂၊ ပုဒ်မခွဲ (၂) ကို ကျင့်သုံးလျက် လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ-၃၊ ပုဒ်မခွဲ (၂) ကို ဖြေလျှော့ပေးကာ တရားမဝင် ထွက်ခွာသွားသော မြန်မာနိုင်ငံသားများအား အရေးယူခြင်းမပြုဘဲ ပြန်လည်လက်ခံခြင်း ဖြစ်ပါသည်။

အဆိုပါ ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး ဥပဒေသာမက အထက်တွင် ဖော်ပြခဲ့သည့် နိုင်ငံခြားသားများ အက်ဥပဒေ၊ ၁၉၄ဝ ပြည့်နှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေ၊ ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး နည်းဥပဒေ၊ ကင်းလွတ်ခွင့် အမိန့်အမှတ် - ၄ တို့သည်လည်း နိုင်ငံတော်သမ္မတ၏ ပြဋ္ဌာန်း ဥပဒေများ ဖြစ်သောကြောင့် အကျုံးဝင်ပါသည်။

နိဂုံး

လူဝင်မှုကြီးကြပ်ရေးဥပဒေနှင့် လူဝင်မှုကြီးကြပ်ရေး ဌာန၏ လုပ်ငန်းများမှာ စိတ်ဝင်စားဖွယ် ကောင်းပါသည်။ လူဝင်မှုကြီးကြပ်ရေး ဥပဒေများမှာ မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီက ပြဋ္ဌာန်းခဲ့သော ဥပဒေများဖြစ်သော်လည်း ယနေ့အထိ နိုင်ငံခြားသားများအား ထိန်းချုပ်နိုင်သည့် ဥပဒေဖြစ်ပါသည်။ ထိုခေတ် ထိုကာလကပင် မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံခြားသားများ ဝင်/ထွက်သွားလာခြင်းမှာ ပြဿနာတစ်ရပ်အနေဖြင့် ရှိခဲ့ကြောင်း ကိုလည်းကောင်း၊ ဒီပဲယင်းဝန်ထောက်ဦးမြဲ၏ အနာဂတ်မြန်မာ လူမျိုးများ ပျောက်ကွယ်သွားနိုင်သည့် အန္တရာယ်ကိုလည်းကောင်း၊ လွတ်လပ်ရေး ရပြီးနောက် အသစ်ပြန်လည် ဖွဲ့စည်းခဲ့သည့် (၁၉၅၇ ခုနှစ်) က တာဝန်ထမ်းဆောင်ခဲ့ကြသော ဝန်ထမ်းဟောင်း (ဆရာများ) ၏ “ဝန်ထမ်းအနည်းအများသည် ပဓာနမဟုတ်” ခံယူချက်နှင့် စိတ်ဓာတ်သာအဓိက ဖြစ်ကြောင်း ပြောဆို ချက်များမှာ လေးစားအတုယူဖွယ် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

သိန်းလွင် (လဝက)

ကျမ်းကိုး

- လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနဆိုင်ရာ အက်ဥပဒေနှင့် နည်းဥပဒေများ

- နိုင်ငံခြားသားနှင့် လူဝင်မှုဥပဒေ (ဦးလှကို (B.A, R.L) တရားရုံးချုပ်ရှေ့နေ)