Skip to main content

ကိုလိုနီခေတ်ဦးကာလက သတင်းစာထုတ်ဝေမှုများ

မော်လမြိုင်မြို့မှ သတင်းစာများ

ဗြိတိသျှတို့ စိုးမိုးမှုအောက်တွင် မော်လမြိုင်၌ အခြေချလာသော စက်မှုလုပ်ငန်းများထဲတွင် စာပုံနှိပ်စက် လုပ်ငန်းသည် လည်း တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။ စာပုံနှိပ်စက်ကို ၁၃ဝ ပြည့်နှစ်ခန့်တွင် ခရစ်ယာန် သာသနာပြုများက စတင်တည်ထောင်ခဲ့ကြသည်။ ခရစ်ယာန် သာသနာပြုရေးအတွက် ခရစ်ယာန် ကျမ်းစာ များကို ပုံနှိပ်ထုတ်ဝေနိုင်ရန် ရည်ရွယ် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ အမေရိကန် သာသနာပြု ဆရာကြီး Rev. C.Bennett ယူဆောင်လာကာ စတင်တည်ထောင်ခဲ့သော Free School Press မှာ ပထမဦး ဆုံးသော စာပုံနှိပ်စက် ဖြစ်မည် ဟုယူဆရသည်။ ဘင်းနက်သည် အစိုးရအခမဲ့ကျောင်းတွင် ကျောင်းအုပ်အဖြစ် လုပ်ကိုင် ရင်း ကျောင်းအုပ် အလုပ်နှင့်အတူ သာသနာပြု အလုပ်၊ ပုံနှိပ်စက် အလုပ်တို့ကို ပူးတွဲလုပ်ကိုင်ခဲ့သည်။ ဘင်းနက် ၏စက်သည် သစ်သားလက်ကိုင် လက်လှည့် ပုံနှိပ်စက်များသာဖြစ်သည်။ ၁၈၃၂ ခုနှစ်တွင် အမေရိကန်မှ မစ္စတာဘော်လီတီးကတ္တားက ပုံနှိပ်စက်တစ်လုံးနှင့်အတူ ရောက်ရှိလာခဲ့ ပြန်သည်။ မစ္စတာ ကတ္တားယူ ဆောင်လာခဲ့သော ပုံနှိပ်စက်မှာ အမေရိကန် ခရစ်ယာန်အဖွဲ့က သာသနာပြု လုပ်ငန်းအတွက် လက်ဆောင် ပေးလိုက်သော စက်ဖြစ်ပြီး သံကိုယ်ထည်ဖြင့် ပြုလုပ်ထားသော Power Machine ဖြစ်သည်။

ခရစ်ယာန်သာသနာပြု စာပေကျမ်းဂန်များကို ထုတ်ဝေရန် ရည်ရွယ်ခဲ့သော စာပုံနှိပ်စက်လုပ်ငန်းမှာ အရင်းရှင် စီးပွားရေးလုပ်ငန်းများ တိုးတက်စည်ပင်လာသော မော်လမြိုင်တွင် သတင်းစာ စတင်ထုတ်ဝေရေးဆီသို့ လမ်းကြောင်းပြောင်းသွားခဲ့သည်။ တနင်္သာရီဝန်ရှင်တော် မင်းကြီး ဗလန်ဒယ်၏ အားပေးမှုကိုလည်း ရရှိသဖြင့် ၁၈၃၆ ခုနှစ် မတ်လ ၃ ရက်တွင် The Maulmain Chronicle သတင်းစာကို ဘင်းနက်၏ Free School Pressမှ စတင်ထုတ်ဝေခဲ့သည်။ မော်လမိန်းခရော်နီကဲလ် ကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာတို့ဖြင့် အပတ်စဉ် တစ်စောင်စီ ထုတ်ဝေခဲ့ သည်။

အရင်းရှင်ကူးသန်းရောင်းဝယ်ရေးနှင့် ကုန်ထုတ်လုပ် ရေး လုပ်ငန်းများက သတင်းစာကို များစွာအားထ | အသုံးချကြရသည်။ သင်္ဘောများဆိုက်ကပ်ချိန်နှင့် ထွက် ခွာချိန်သတင်းများ၊ သင်္ဘောနှင့်အတူ ရောက်ရှိလာသော ကုန်ပစ္စည်းများသတင်း၊ ရောင်းချရန် ပစ္စည်းကြော်ငြာ များနှင့် ဈေးနှုန်းသတင်းများကို သတင်းစာများက ဖော်ပြ ခဲ့ကြသည်။ မော်လမြိုင်တွင် သတင်းစာများ ထပ်မံပေါ် ထွက်လာသည်နှင့်အမျှ စာပုံနှိပ်စက် ဦးရေကလည်း တိုးပွား လာခဲ့သည်။ မော်လမိန်းခရော်နီကဲလ်သတင်းစာ ပေါ်ထွက်ပြီးနောက် ၁၈၄၇ ခုနှစ်တွင်အ င်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော The Maulmain Almanac သတင်းစာ၊ ၁၈၄၆ ခုနှစ်တွင် The Maulmain Free Press သတင်းစာ၊ The Maulmain Advertiser သတင်းစာ၊ The Friend of Burma သတင်းစာနှင့် ၁၈၆၅ ခုနှစ်တွင် The Maulmain observer သတင်းစာများ ပေါ်ထွက် ခဲ့သည်။

ဗြိတိသျှခေတ်ဦး သတင်းစာလုပ်ငန်းများ

ဗြိတိသျှတို့စိုးမိုးစ ခေတ်ဦးပိုင်းကာလဖြစ်သော ၁၈၃၀ မှ ၁၈၈၅ ခုနှစ်အထိ ကာလများအတွင်းက မော်လမြိုင်တွင် စာပုံနှိပ်စက်ကြီး ခြောက်စက်မှာ ထင်ရှားခဲ့ သည်။ အစောဆုံးတည်ထောင်သော Free School Press ၁၈၄၄ ခုနှစ်တွင် တည်ထောင်သော Mission Press ၁၈၇၃ ခုနှစ်တွင် တည်ထောင်သော Advertiser ၊၁၈၇၆ ခုနှစ်တွင် တည်ထောင်သော Friend of Maulmain Press ၊ ၁၈၇၇ ခုနှစ်တွင် တည်ထောင်သော Friend of India Press နှင့် ၁၈၈၇ ခုနှစ်တွင် တည်ထောင်သော TenasserimPresso တို့ ဖြစ်ကြသည်။ ထားဝယ်မြို့၌လည်း ၁၈၄၉ ခုနှစ်က တည်ထောင်သော Karen Mission ရှိခဲ့ သည်။ ခရစ်ယာန်သာသနာပြုများ အင်အားကောင်းခဲ့ သည့် တောင်ငူမြို့တွင်လည်း ၁၈၆၈ ခုနှစ်က တည်ထောင်သော Karen Institute နှင့် ၁၈၈၃ ခုနှစ်က တည်ထောင်သော St. Lukes Mission တို့ ရှိခဲ့ကြသည်။

စစ်တွေမြို့တွင်မူ ဆန်စပါး ကူးသန်းရောင်းဝယ်ရေး မှအပ အခြားအရင်းရှင်စီးပွားရေး လုပ်ငန်းများမှာ အခြေချမှု နည်းပါးခဲ့သောကြောင့် မော်လမြိုင်မှာကဲ့သို့ စက်မှု လက်မှုလုပ်ငန်း များမှာ ထင်ထင်ရှားရှားမရှိခဲ့ပေ။ သို့ရာ တွင် ၁၈၅၃-၁၈၅၄ ခုနှစ်ခန့်က Akyab Commercial Advertiser ဟူသောအမည်ဖြင့် သတင်းစာထုတ်ဝေ ခဲ့သည်ကို တွေ့ရှိရသောကြောင့် စာပုံနှိပ်စက်လုပ်ငန်းမှာ ( ၁၈၅၀ ပြည့်နှစ်ခန့်ကတည်းက ရှိနေခဲ့သည်ဟု ယူဆရ သည်။ ၁၈၈၅ ခုနှစ်တွင်မူ စစ်တွေမြို့၌ စာပုံနှိပ်စက်နှစ်လုံး ရှိခဲ့ပြီး Akyab Weekly News နှင့် Akyab Weekly Advertiser သတင်းစာများကို ထုတ်ဝေခဲ့သည်။

ဆန်စပါး ကူးသန်းရောင်းဝယ်ရေး ထွန်းကားမှု ကြောင့် ဆန်စက်များရှိခဲ့သော ပုသိမ်မြို့၌လည်း ၁၈၈၅ ခုနှစ်က စာပုံနှိပ်စက်နှစ်လုံးရှိခဲ့သည်။ စာပုံနှိပ်စက် နှစ်လုံး အနက် တစ်လုံးက ၁၈၈၁ ခုနှစ်တွင် တည်ထောင်သော ခရစ်ယာန်သာသနာပြုပိုင် St. Peter's Institute Press ဖြစ်သည်။

ရန်ကုန်မြို့မှ သတင်းစာများ အောက်မြန်မာနိုင်ငံကို ဗြိတိသျှတို့က သိမ်းယူပြီး နောက်မော် လမိန်းခရော်နီကဲလ် သတင်းစာပိုင်ရှင်ရှေ့နေ H.W, Lewis သည် သတင်းစာတိုက်ကို ရန်ကုန် သို့ပြောင်းရွှေ့ ယူလာကာ ၁၈၅၃ ခုနှစ် ဇန်နဝါရီလ ၅ ရက်၊ ဗုဒ္ဓဟူး နေ့မှစ၍ ရန်ကုန် ခရော်နီကဲလ် အမည်ဖြင့် သတင်းစာ တစ်စောင်ကို စတင်ထုတ်ဝေခဲ့သည်။ မြန်မာပြည်၏ မြို့တော်ဖြစ်လာသော ရန်ကုန်တွင် အစိုးရလုပ်ငန်းနှင့် အရင်းရှင် ကုန်သည်ပွဲစားကြီးများ၊ ကုမ္ပဏီများ၏ စီးပွားရေး လုပ်ငန်းများ အခြေကျတိုးတက်ကာ စည်ပင်လာ သကဲ့သို့ စာပုံနှိပ် စက်များကလည်း အပြိုင်အဆိုင်ဖြင့် မြိုင်မြိုင်ကြီး ပေါ်ထွက်လာခဲ့သည်။

ရန်ကုန်ခရော်နီကဲလ် သတင်းစာ ပိတ်သွားသည့် ၁၈၅၈ ခုနှစ်တွင် The Rangoon Times သတင်းစာ ထွက်ရှိလာခဲ့သည်။ ထို့နောက် ၁၈၆၁ ခုနှစ်တွင် ရန်ကုန် မြို့ရှိ ဗြိတိသျှကုန်သည်ကြီးတစ်စုက The Rangoon Gazette အမည်ဖြင့် သတင်းစာ တစ်စောင်ကို ထုတ်ဝေခဲ့ သည်။ ၁၈၇၈-၁၈၇၉ ခန့်က Rangoon Daily Mail နှင့် Daily Review သတင်းစာ များ ပေါ်ထွက်ခဲ့သော်လည်း ခြောက်လမျှသာခံပြီး ရပ်ဆိုင်းသွားခဲ့သည်။ ၁၈၈၅ ခုနှစ် အရောက်တွင်မူ ရန်ကုန်မြို့၌ The Rangoon Gazette, British Burma Advertiser, The Rangoon Times The Express Advertiser ဟူသော အင်္ဂလိပ်သတင်းစာကြီး လေးစောင်နှင့် မြန်မာဘာသာဖြင့် ထုတ်ဝေသော Burma Herald ခေါ် မြန်မာသံတော်ဆင့်သတင်းစာတို့ကို တွင်တွင်ကျယ်ကျယ် ထုတ်ဝေခဲ့ကြသည်။

သတင်းစာများ စာအုပ်စာတမ်းများ၊ ကျောင်းသုံး စာအုပ်များ၊ အစိုးရကိစ္စဆိုင်ရာ စာရွက်စာတမ်းများ၊ သာသနာပြု ဆိုင်ရာစာအုပ်များ ရိုက်နှိပ်ထုတ်ဝေမှု တိုး တက်လာခဲ့သဖြင့် စာပုံနှိပ်စက်လုပ်ငန်းလည်း တိုး တက်ကာ စာပုံနှိပ်စက်ကြီးများ၏ အရေအတွက်က များ ပြားလာခဲ့သည်။ ၁၈၈၅ ခုနှစ်က ရန်ကုန်တွင် ထင်ရှား သော စာပုံနှိပ်စက်ကြီး ၁၄ လုံး ရှိသည်။ ယင်းတို့အနက် ၁၈၇၆ ခုနှစ်က တည်ထောင်ခဲ့သော Rangoon Central Jail Press မှာ အစိုးရပိုင်ဖြစ်ပြီး ၁၈၆၈ ခုနှစ်က တည် ထောင်ခဲ့သော Rangoon Mission Press နှင့် ၁၈၈၄ ခုနှစ်က တည်ထောင်ခဲ့သော် American Baptist Mission Press တို့မှာ သာသနာပြုများပိုင် ဖြစ်ကြသည်။ ကျန်စက် များကမူ နိုင်ငံခြားသားပိုင် ပုဂ္ဂလိကစက်များ ဖြစ်ကြသည်။

မြန်မာသံတော်ဆင့် သတင်းစာကို ထုတ်ဝေသော မြန်မာသံတော်ဆင့်ပုံနှိပ်တိုက်ကို ၁၈၆၉ ခုနှစ်က တည် မထောင်ခဲ့ပြီး John A Hannay က စတင် ထုတ်ဝေခဲ့ ခြင်းဖြစ်သည်။ ၁၈၇၈ ခုနှစ်တွင် သတင်းစာနှင့်ပုံနှိပ် တိုက်ကို မော်လမြိုင်သား ဦးဘိုးအိုက ဂျွန်ဟန်နေထံမှ ဝယ်ယူပြီးနောက် ရေနွေးငွေ့စက်ဖြင့် မောင်းနှင်ပုံနှိပ်ခဲ့ သည်။ မြန်မာသံတော်ဆင့် မီးစက်ပုံနှိပ်တိုက်ဟု အမည် တပ်ကာ မြန်မာသံတော်ဆင့်သတင်းစာနှင့် စာအုပ်များကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ မြန်မာဂေဇက်ပုံနှိပ်တိုက်၊ ရန်ကုန် ဂေဇက်ပုံနှိပ်တိုက်နှင့် အစိုးရစာ ပုံနှိပ်တိုက်တို့ကလည်း မြန်မာဂေဇက်သတင်းစာ၊ မြန်မာသတင်း( The Burma News) နှင့် လောကီပညာ သုတသတင်းစာများကို အသီးသီး ထုတ်ဝေခဲ့ကြသည်။ ထို့နောက် ၁၈၈၀ ပြည့်နှစ် တွင် စာပုံနှိပ်စက်တစ်လုံး တိုးလာခဲ့ပြန်ရာ ထိုပုံနှိပ်စက် မှာ မြန်မာစာကို ကောင်းစွာ တတ်ကျွမ်းသော Philip H.Ripley က တည်ထောင်သည့် စက်ငယ်ဖြစ်သည်။ ဟံသာဝတီ ပုံနှိပ်တိုက် အမည်ဖြင့် စာပုံနှိပ်လုပ်ငန်းများကို လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းတွင်မူ ဟံသာဝတီ သတင်း စာကိုပါ ထုတ်ဝေခဲ့သည်။ စာပုံနှိပ်စက်များနှင့် ပုံနှိပ် လုပ်ငန်းသည် လူမှုစီးပွား တိုးတက်မှုကို ရှေးရှုဖြည့်ဆည်း သော စက်မှုလုပ်ငန်းများဖြစ်ခဲ့သည်။ ခရစ်ယာန် သာသနာ ပြုများက စတင်တည်ထောင်ခဲ့ကြသော်လည်း အရင်းရှင် စီးပွားရေး၏ အကိုင်းအခက် တစ်ခုအဖြစ် ဖွံ့ဖြိုးစည်ပင် တိုးတက်ခဲ့သော စက်မှုလုပ်ငန်းများလည်း ဖြစ်ကြပေသည်။

သတ္တုတူးဖော်ရေးလုပ်ငန်းများ

နိုင်ငံခြားသားအရင်းရှင်များအဖို့ ၁၈၇၀ ပြည့်လွန် နှစ်ကာလအထိ မြန်မာပြည်၌ သတ္တု တူးဖော်ရေး လုပ်ငန်းကို စိတ်ဝင်စားမှု နည်းလျက်ရှိနေသေးကြသည်။ တနင်္သာရီ၊ မြိတ်၊ ထားဝယ်ဒေသတို့တွင် ခဲမဖြူ၊ သံ၊ ကျောက်မီးသွေးတွင်းများရှိကြောင်းနှင့် ရွှေကျင်နှင့် တောင်ငူဝန်းကျင်တွင ်ကြေး၊ဂလီနာ၊ ခဲမဖြူ၊ ခနောက်စိမ်း များ တူးဖော်ရရှိနိုင်ကြောင်းကို သိရှိကြပြီးဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် အရင်းရှင်ကြီး များ က စိတ်ဝင်စားမှု နည်းနေကြခြင်းဖြစ်သည်။ အကျိုး အမြတ်ရှိအောင် ခေတ်မီနည်းများဖြင့် ရှာဖွေတူးဖော်ရန် လိုအပ်ခြင်း၊ အရည်ကျိုစက်နှင့် သတ္တုသန့်စင်စက်စသော စက်နှင့်စက် ပစ္စည်းများကို တင်သွင်းရမည်ဖြစ်ခြင်း၊ လမ်းများ ဖောက်လုပ်ခြင်း စသည်တို့အတွက် ငွေပင် ငွေရင်း များစွာစိုက်ထုတ်မြှုပ်နှံရန် လိုအပ်ခြင်းကလည်း စိတ်ဝင် စားမှု နည်းကြခြင်း၏ အဓိက အကြောင်းရင်းခံ ဖြစ်နေသည်။

မြိတ်သေဝန်းကျင်ရှိ မလိဝန်၊ တနင်္သာရီ၊ လေညာ ဘုတ်ပြင်း၊ ချောင်းထနောင်းနှင့် ချောက်ကြီးချောင်း ဟူသောသေ ခြောက်ခုတွင် ခဲမဖြူ သိုက်များ အလွန်ပေါများပြီး မလိဝန်၊ လေညာနှင့် တနင်္သာရီတို့တွင် အများဆုံး တည်ရှိနေသည်။ မလိဝန်ရှိ သတ္တုတွင်းများကို ဗြိတိသျှ အစိုးရက တရုတ်လူမျိုးတစ်ဦးအား ၁၈၆၀ ပြည့်နှစ် ဇွန်လမှစ၍ ၁၀ နှစ်တာအတွက် တူးဖော်ခွင့်လိုင်စင် ထုတ်ပေးထားခဲ့သည်။ များသောအားဖြင့် ထိုနယ်မြေ ဒေသများရှိ သတ္တုတွင်းများတွင် တရုတ်လူမျိုးများနှင့် မြန်မာတိုင်းရင်းသားများက အလွန်ရှေးကျသောနည်း များဖြင့်ပင်တူးဖော်ရောင်းချခဲ့ကြသည်။ တရုတ်လူမျိုးများ က လိုင်စင်ယူကာ ငွေကြေးစိုက်ထုတ်လုပ်ကိုင်ကြပြီး မြန်မာတိုင်းရင်းသားများကမူအလုပ်သမားများသာ ဖြစ်ခဲ့ ကြသည်။

ရွှေကျင်ချောင်းနှင့် ချောင်းလက်တက်ငယ်များတွင် ရွှေကျင်ယူသည့်လုပ်ငန်းကို တိုင်းရင်းသား များက သမားရိုးကျနည်းများဖြင့် အစဉ်အဆက် လုပ်ကိုင်ခဲ့ကြ သည်။ ၁၈၆၇ ခုနှစ်တွင် Mr Aber-nethy ဆိုသူ ဩစတြေးလျနိုင်ငံသား ရွှေတူးသမားတစ်ဦးက အစိုးရ၏ အားပေး ကူညီမှုဖြင့် ရွှေကျင်ဒေသတွင် ရွှေတူးသည့် လုပ်ငန်းကို ဥရောပအလုပ်သမားများဖြင့် အကြီး အကျယ် လုပ်ကိုင်ခဲ့သည်။ တရုတ်ရွှေတူးသမားများထက် ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ခဲ့ သော်လည်း မှန်းခြေနှင့် မကိုက်သောကြောင့် နောက်ပိုင်းတွင် လုပ်ငန်းများ ရပ်ဆိုင်းသွား ခဲ့သည်။

မြိတ်ဒေသရှိ သတ္တုတွင်းများ

ဗြိတိသျှအစိုးရက မြိတ်ဒေသရှိသတ္တုတွင်းများကို ဥရောပသားအရင်းရှင် ကုမ္ပဏီကြီးများအား လုပ်ကိုင် စေလိုခဲ့သည်။ ထို့ကြောင့်ပင် ၁၈၇၀ ပြည့်နှစ်တွင် မလိဝန် သတ္တုတွင်းကို လုပ်ကိုင်သော တရုတ်လုပ်ငန်း ရှင်၏လိုင် စင်သက်တမ်း ကုန်ဆုံးသွားခဲ့ရာ လိုင်စင်အသစ်ထုတ် မပေးဘဲ ဆိုင်းငံ့ထားကာ ဥရောပကုမ္ပဏီများကို ကမ်း လှမ်း ဖိတ်ခေါ်ခဲ့သည်။ ၁၈၇၁ ခုနှစ်တွင် ဥရောပသား ကုမ္ပဏီများထံမှ လျှောက်လွှာများရောက်လာပြီး ၁၈၇၂ ခုနှစ်ခန့်တွင် စတီးဘရား သားကုမ္ပဏီက မလိဝန်သတ္တု တွင်းအတွက် လိုင်စင်ရရှိကာ လုပ်ငန်းများကို စတင် လုပ်ကိုင်ခဲ့ သည်။ မလိဝန်သတ္တုတွင်း၌ အဖိုးတန်သတ္တု သိုက်များနှင့် သတ္တု၊ကြောများကိုတွေ့ရှိ ခဲ့ရာ အချို့မှာ ကမ္ဘာ့အကောင်းဆုံး Cornish Minesထွက်သတ္တုများနှင့် အရည်အသွေး တူညီ သည်ဟု ပင် ဆိုခဲ့ကြသည်။

စတီးဘရားသားကုမ္ပဏီက တူးဖော်ရရှိသည့် သတ္တု အများစုကို Tin Sand အဖြစ် တင်ပို့ရောင်းချခဲ့သည်။ တရုတ်လုပ်ငန်းရှင်လက်ထက်ကမူ အရည်ကျိုပြီး တင်ပို့ ရင်းချခဲ့သည်။ စတီးဘရားသားကုမ္ပဏီသည် လုပ်ငန်း ကို ရည်မှန်းချက်ကြီးစွာ ထား၍ ခေတ်မီစက်နှင့် စက် ပစ္စည်းများကိုပါ တင်သွင်းကာ အခြေချရန်ကြိုးပမ်းခဲ့သည်။ သို့ရရာတွင် စက်ပစ္စည်းများ အချိန်မီ မရောက်နိုင်သဖြင့် လုပ်ငန်းမတွင်ကျယ်ဘဲ ရှိနေရာမှ နောက်ပိုင်းတွင် တွက်ခြေမကိုက် သဖြင့် အစိုးရထံသို့ လိုင်စင်ပြန်အပ်ကာ လုပ်ငန်းကို ရပ်ဆိုင်းလိုက်တော့သည်။

ကျောက်မီးသွေးကို သရက်မြို့ စီရင်စု၌လည်း တွေ့ရှိ ရသည်။ ထိုကျောက်မီးသွေးတွင်းကို တူးဖော်ခွင့်ရရှိရန် ကာလကတ္တား(ကိုလ်ကတ္တား)မှ Murray Coal Company က ၁၈၈၃ ခုနှစ်ကပင် လိုင်စင်လျှောက်ထားခဲ့ရာ အစိုးရ က သရက်မြို့ စီရင်စု ထုံးတောင်ရွာအနီး ၃ ဒသမ ၅ စတုရန်းမိုင်ရှိ နယ်မြေကိုအနှစ် ၃ဝ အတွက် လုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးခဲ့သည်။ တူးဖော်ရရှိသော ကျောက် မီးသွေးတစ်တန်အတွက် အစိုးရသို့ အခွန်အခအဖြစ် နှစ်ပဲမျှသာပေးရသော်လည်း ၁၈၈၅ ခုနှစ်အထိ မျှော်မှန်း ထားသကဲ့သို့ ကျောက်မီးသွေးကို များများစားစားမတွေ့ ခဲ့ရဟု ဆိုသည်။

ခဲတူးဖော်ထုတ်လုပ်ရေးနှင့် စပ်လျဉ်း၍လည်း Mr. W, Law က တနင်္သာရီ ခဲတွင်းကို တူးဖော်လုပ်ကိုင် နိုင်ရန် ၁၈၈၅ ခုနှစ်ခန့်က လန်ဒန်မြို့၌ ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့သည်။ အစိုးရက အဆိုပါကုမ္ပဏီကို ရှာဖွေခွင့်၊ တူးဖော်ခွင့်လိုင်စင်များ ထုတ်ပေးပြီး ဖြစ်သော် လည်း ၁၈၈၆ခုနှစ်အထိ ကုမ္ပဏီကလုပ်ငန်းစတင်နိုင်ခြင်း ရှိခဲ့ပေ။

သတင်းဆောင်းပါး - သိပ္ပံစာရေးဆရာ ကိုကိုအောင်