စီးပွားဖြစ်ကြက်မွေးမြူထုတ်လုပ်မှုကို သုံးသပ်ခြင်း
မြန်မာနိုင်ငံတွင် စားသုံးမှုအများဆုံးမှာ ကြက်သားဖြစ်ပြီး အဆီဓာတ် နည်းပါးခြင်း၊ အစာကြေလွယ်ခြင်း၊ အရသာကောင်းမွန်ခြင်း၊ အာဟာရပြည့်ဝခြင်းတို့ကြောင့် နာလန်ထစလူမမာများအတွက် ကြက်စွပ်ပြုတ်၊ ကြက်ပေါင်း စသည်ဖြင့် အထူးပြင်ဆင် ချက်ပြုတ်ထားသော ဟင်းလျာများကို စီမံကျွေးမွေးလေ့ရှိပါသည်။ ကြက်သားဟင်းမှာ အလှူအတန်းများတွင် မပါမဖြစ်သော ဟင်းလျာ တစ်မျိုး လည်းဖြစ်ပြီး ကြက်ဥမှာ မြန်မာ လူမျိုးများ နေ့စဉ်စားသုံးသည့် အာဟာရပြည့်ဝ၍ စီးပွားရေးအရ တွက်ခြေ ကိုက်သော အသားဓာတ် တစ်မျိုး လည်း ဖြစ်ပါသည်။ ဗမာကြက်ဟု အများခေါ်ဝေါ်သည့် တိုင်းရင်း ကြက်ကို မြန်မာနိုင်ငံနေရာ အနှံ့အပြားတွင် မွေးမြူကြပြီး အထူးသဖြင့် ကျေးလက်နေပြည်သူများ၏ စီးပွားရေးကို များစွာအထောက်အကူပြုသော မွေးမြူရေး တိရစ္ဆာန်အဖြစ် တည်ရှိနေပါသည်။ စစ် တကောင်း၊ အင်ပင်ဝ၊ လည်ပြောင် စသည့် တိုင်းရင်း ကြက်မျိုးများကို “အိမ်နောက်ဖေး ဈေးဆိုင်တည်” ဆိုသော စကားရပ်နှင့်အညီ တစ်နိုင်တစ်ပိုင် မွေးမြူကြပြီး ဈေးကောင်းကောင်းနှင့် ရောင်းချနိုင်သဖြင့် ကြက်မတစ်အုပ်မွေးမြူထားပါက မိသားစု အသုံးစရိတ် ကာမိအောင် ဝင်ငွေရရှိနိုင်ပါသည်။
တိုင်းရင်းကြက် မွေးမြူရေးလုပ်ငန်း သည် ရှေးပဝေသဏီကာလကပင် တည်ရှိ နေပြီး အသားစား ကြက်မျိုး များကို ၁၉၉၅ ခုနှစ်တွင် ပြည်ပမှ တင်သွင်း၍ စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းအဖြစ် စတင်မွေးမြူ လာ ခဲ့ကြသည်။ ဆယ်စုနှစ်တစ်ခုကို ကျော်ဖြတ် ပြီးနောက် အသားစားကြက်မွေးမြူရေး သာမက ဥစားကြက် မွေးမြူရေး လုပ်ငန်းပါ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး အချိန် တိုကာလအတွင်း အကျိုး အမြတ်ရရှိစေနိုင် သည့် စီးပွားဖြစ်ကြက်မွေးမြူရေးလုပ်ငန်းတစ်ခုအဖြစ် အခိုင်အမာရပ်တည်လျက်ရှိ နေပါသည်။ စားသုံး သူများအတွက်လည်း ကြက်သားနှင့် ကြက်ဥတို့ကို ရာသီမရွေး၊ ဈေးမရွေး သင့်တင့်သော ဈေးနှုန်းဖြင့် ဝယ်ယူ ရရှိနိုင်သည့် အနေအထားတွင် ရှိပါ သည်။
စီးပွားဖြစ် ကြက်မွေးမြူထုတ်လုပ်မှု လုပ်ငန်းကို နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီး မြှုပ်နှံသည့် ကုမ္ပဏီများအပြင် ပြည်တွင်း လုပ်ငန်းရှင်များက ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေကြပြီး မွေးမြူရေးနှင့်ကုသရေး ဦးစီး ဌာနက ၂၀၁၈ ခုနှစ်တွင် စာရင်းကောက် ယူမှုအရ ပြည်တွင်း ဥစား/အသားစား ကြက် မွေးမြူရေးအခြေအနေမှာ ပြည်တွင်း စားသုံး မှုထက် ပိုလျှံအောင် ထုတ်လုပ်နိုင်သော အနေအထားတွင်ရှိကြောင်း တွေ့ရှိခဲ့ ရပါ သည်။ အခြား တစ်ဖက်တွင်လည်း ကြက် ပေါက်ဈေးနှုန်းနှင့် အစာဈေးနှုန်း မတည်ငြိမ် ခြင်း၊ လိုအပ်သောအချိန်တွင် လိုအပ်သော သွင်းအားစုများ မရရှိခြင်းနှင့် ဈေးကွက် အနေအထား လျင်မြန်စွာ ပြောင်းလဲနေမှု တို့ကြောင့် မွေးမြူ ထုတ်လုပ်သူများ အကျိုး အမြတ်ရရှိမှု နည်းပါးသည်ဟု မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ တစ်ဆင့် သိရှိရပါသည်။
ဈေးကွက်စီးပွားရေးစနစ်၏ သဘော တရားအရ ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော ကုန်ပစ္စည်းများကို ဝယ်လို အားနှင့်ချိန်ညှိ၍ အချိန်ကိုက်ထုတ်လုပ် ရောင်းချနိုင်မှသာ အကျိုးအမြတ်ရရှိမည် ဖြစ်ပေရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန နှင့် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် တို့ ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ် မေလတွင် မျိုးခြံများနှင့် ဥဖောက်စက်များသို့ online စနစ်ဖြင့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီ ၁၃ ခု နှင့် နိုင်ငံခြား သားရင်းနှီးမြှုပ်နှံသော ကုမ္ပဏီခုနစ်ခု စုစုပေါင်းကုမ္ပဏီ ၂၀ ကို မေးခွန်းပေးပို့၍ မျိုးခြံနှင့်ဥဖောက်စက်များ ၏ ထုတ်လုပ်နိုင်မှုအခြေအနေကို စစ်တမ်း ကောက်ယူခဲ့ပါသည်။ အဆိုပါ ကုမ္ပဏီများ အနက် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီ ၁၀ ခုနှင့် နိုင်ငံခြားသားပိုင် ကုမ္ပဏီခုနစ်ခုမှ စစ်တမ်းဖြေဆိုပေးခဲ့ပြီး မျိုးခြံ စုစုပေါင်း ၁၄၄ ခြံနှင့် ဥဖောက်စက် စုစုပေါင်း ၁၈ ခုရှိကြောင်း စာရင်းရရှိခဲ့ပါသည်။ မျိုးခြံနှင့် ဥဖောက်စက်များမှာ ရန်ကုန် တိုင်းဒေသ ကြီးအတွင်းတွင် အများဆုံးတည်ရှိပြီး ပဲခူး တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ် တို့တွင်လည်း တွေ့ရှိရ ပါသည် (ပုံ-၁)။
စစ်တမ်းဖြေ ဆိုသော ကုမ္ပဏီ ၁၇ ခုအနက် မျိုးခြံနှင့် ဥဖောက်စက်တွဲဖက်လုပ်ကိုင်သည် မှာ ကုမ္ပဏီ ၁၃ ခုရှိပြီး ကျန်ကုမ္ပဏီလေးခု မှာ ဥဖောက်စက်လုပ်ငန်းကိုသာ လုပ်ကိုင်လျက်ရှိ သည်ကို တွေ့ရှိရပါသည်။
▲ မျိုးကြက်ဥထုတ်လုပ်မှုအခြေအနေကို ဆန်းစစ်ခြင်း ▲
မျိုးကြက်ခြံများမှ ၂၀၁၈ ခုနှစ်တွင် မျိုးကြက်ဥ စုစုပေါင်း ၁၈၄ ဒသမ ၅ သန်းအထိ ထွက်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ၁၈၂ ဒသမ ၁ သန်း ထုတ်လုပ်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ် အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး စီးပွားရေး လုပ်ငန်းများ ခေတ္တရပ်ဆိုင်းခြင်းကြောင့် မျိုးကြက်ဥထုတ်လုပ်မှုမှာ ၁၀၅ ဒသမ ၄ သန်းခန့် သာရှိမည်ဟု ခန့်မှန်းတွက်ချက်ရပါ သည် (ပုံ-၂)။ မျိုးကြက်ဥများအနက် အသားစား ကြက်မျိုး ကြက်ဥများကို အများဆုံးထုတ်လုပ် ပြီး နိုင်ငံခြားသားပိုင်ကုမ္ပဏီများမှ ထုတ်လုပ် မှုမှာ မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများ၏ ထုတ်လုပ်မှုထက် နှစ်ဆကျော်ရှိပြီး ဥစား ကြက်မျိုးကြက်ဥကို မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများမှ ပိုမို ထုတ်လုပ်ကြောင်း တွေ့ရှိရပါ သည် (ပုံ-၃)။
မျိုးခြံလုပ်ငန်း လုပ်ကိုင်လျက်ရှိသော ကုမ္ပဏီများအနေဖြင့် ပြည်တွင်းထုတ်လုပ်မှု သာမက ပြည်ပမှ ဘိုးဘွားမျိုးရင်း၊ မိဘမျိုးရင်း ကြက်ဥများကိုလည်း တင်သွင်းလျက်ရှိပါသည်။ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၏ စာရင်း ဇယားများအရ အမေရိကန်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘယ်လ်ဂျီယံနှင့် ပြင်သစ်နိုင်ငံ တို့မှ ၂၀၁၉ ခုနှစ်အတွင်း မျိုးကြက်ဥစုစုပေါင်း ၇ ဒသမ ၁ သန်းနှင့် ၂၀၂၀ ပြည့်နှစ်အတွင်း မျိုးကြက်ဥ ၁၁ ဒသမ ၃ သန်းခန့် တင်သွင်းခဲ့ သည်ကို တွေ့ရှိရပါသည် (ပုံ-၄)။
▲ ကြက်ပေါက်ထုတ်လုပ်မှုအခြေအနေကို ဆန်းစစ်ခြင်း ▲
ကြက်ပေါက် ထုတ်လုပ်မှုအခြေအနေ ဆန်းစစ်ချက်အရ နိုင်ငံခြားသားပိုင်ကုမ္ပဏီ များ၏ ဥဖောက်စက်များမှ ကြက်ပေါက် ထုတ်လုပ်မှုသည် ကြက်ပေါက်ထုတ်လုပ်နိုင်မှု စုစုပေါင်းအနက် ၂၀၁၈ ခုနှစ်တွင် ၈၁ ရာခိုင် နှုန်း၊ ၂၀၁၉ ခုနှစ်တွင် ၅၃ ရာခိုင်နှုန်းနှင့် ၂၀၂၀ ပြည့်နှစ်တွင် ၇၆ ရာခိုင်နှုန်းခန့်အထိ ထုတ်လုပ်ခဲ့ကြောင်း ခန့်မှန်းတွက်ချက်ရပါသည် (ပုံ-၅ နှင့် ၆)။
ဥဖောက်စက်လုပ်ငန်းလုပ်ကိုင်လျက်ရှိသော ကုမ္ပဏီများအနေဖြင့် ပြည်တွင်း ထုတ်လုပ်မှုသာမက ပြည်ပမှ ဘိုးဘွားမျိုးရင်း၊ မိဘမျိုးရင်း ကြက်ပေါက်များကိုလည်း တင်သွင်းလျက်ရှိပါသည်။ အမေရိကန်မှ ဘိုးဘွား မျိုးရင်း ကြက်ပေါက်များနှင့် ဩစတြေးလျ၊ မလေးရှား၊ ထိုင်းတို့မှ မိဘ မျိုးရင်းနှင့် စီးပွားဖြစ် မွေးမြူရန်အတွက် ၂၀၁၉ ခုနှစ်အတွင်းတွင် ကြက်ပေါက် စုစုပေါင်း ၀ ဒသမ ၂ သန်းနှင့် ၂၀၂၀ ပြည့်နှစ် အတွင်း ၀ ဒသမ ၀၂ သန်းခန့် တင်သွင်းခဲ့သည် ကို တွေ့ရှိရပါသည် (ပုံ-၇)။
အချုပ် အားဖြင့် စီးပွားဖြစ်ကြက်မွေးမြူရေးလုပ်ငန်းအတွက် လိုအပ်သည့် မျိုးကြက်ဥနှင့် ကြက်ပေါက် ထုတ်လုပ်မှုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသော ကုမ္ပဏီများမှ ၇၆ ရာခိုင်နှုန်းခန့်ရှိပြီး မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအနေဖြင့် ၂၄ ရာခိုင်နှုန်း ခန့်ရှိကြောင်း ခန့်မှန်းသိရှိရပါသည်။ ကြက်ပေါက်ထုတ်လုပ်မှုကို နိုင်ငံခြားသား ပိုင်ကုမ္ပဏီများမှ လွှမ်းမိုးထားပြီး ပြည်တွင်း ရှိ အသားစားကြက်၊ ဥစားကြက် မွေးမြူ သူအများစုမှာ ကြက်ပေါက်ရရှိရေးအတွက် နိုင်ငံခြားသားပိုင် ကုမ္ပဏီကြီးများအပေါ် မှီခိုနေရသည့် အနေအ ထားတွင် ရှိပါသည်။
▲ ပြည်တွင်း မျိုးကြက်ဥ၊ ကြက်ပေါက် ထုတ်လုပ်မှုနှင့် ပြည်ပတင်သွင်းမှုကို နှိုင်းယှဉ်ခြင်း▲
စီးပွား ဖြစ် ကြက်မွေးမြူရေးဈေးကွက် တွင် ပြည်ပမှ မျိုးကြက်ဥနှင့် ကြက်ပေါက် များ တင်သွင်းခြင်းကြောင့် ဈေးကွက်ပြိုင် ဆိုင်မှုဖြစ်ပေါ်လာပြီး မွေးမြူသူများအတွက် ထိခိုက်နစ်နာရကြောင်း ပြောဆိုမှုများ ရှိပါသည်။ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနအနေဖြင့် မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်နှင့် ညှိနှိုင်း၍ ဈေးကွက် လိုအပ်ချက်အရ မျိုးကြက်ဥနှင့် ကြက်ပေါက် များ ပြည်တွင်းထုတ်လုပ်မှု မလုံလောက် သည့် အချိန်အခါများတွင် ပြည်ပမှ မျိုး ကြက်ဥနှင့် ကြက်ပေါက်များကို တရားဝင်တင်သွင်း ခွင့်ပြုလေ့ရှိပါသည်။ ဇယား (၁) တွင် ဖော်ပြထားသည့်အတိုင်း ၂၀၁၉ ခုနှစ်အတွင်း မျိုးကြက်ဥစုစုပေါင်း ၇ ဒသမ ၈ သန်းနှင့် ကြက်ပေါက်စုစုပေါင်း ၁၂ သန်းခန့်ကို တရားဝင်တင်သွင်းခွင့်ပြုခဲ့ပြီး ထိုပမာဏမှာ ပြည်တွင်း ထုတ်လုပ် နိုင်မှု၏ ၄ ရာခိုင်နှုန်းနှင့် ၇ ရာခိုင်နှုန်းသာရှိသဖြင့် ပြည်ပမှ မျိုးကြက်ဥနှင့် ကြက်ပေါက် တင်သွင်းမှုကို ကန့်သတ်ခြင်းထက် ပြည်တွင်းထုတ်လုပ်မှုကို ဈေးကွက်လိုအပ် ချက်နှင့် ချိန်ညှိထုတ်လုပ်ရန် ပိုမိုအရေးပါ ကြောင်း သိရှိနိုင်ပါသည်။
▲ အသားစားသုံးမှုအခြေအနေကို ဆန်းစစ် ခြင်း ▲
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အသားထုတ်လုပ်မှု ကိန်းဂဏန်းများအရ ၂၀၁၈ ခုနှစ်တွင် လူတစ်ဦးလျှင် ပျမ်းမျှ ကြက်သားစားသုံးမှုမှာ ၃ ဒသမ ၇ ကီလို ဂရမ်နှင့် ၂၀၁၉ ခုနှစ်တွင် ၄ ဒသမ ၂ ကီလို ဂရမ်ရှိပြီး စစ်တမ်းမှ ရရှိလာသော စာရင်း များမှ ၂၀၁၈ ခုနှစ်တွင် လူတစ်ဦးလျှင် ပျမ်းမျှကြက်သား ၅ ကီလိုဂရမ်နှင့် ၂၀၁၉ ခုနှစ်တွင် ၆ ဒသမ ၉ ကီလိုဂရမ် စားသုံး မှုရှိကြောင်း ခန့်မှန်းတွက်ချက်ရပါသည် (ပုံ-၈)။ အမှန် တကယ် စားသုံးမှုအခြေအနေ များကို ပိုမိုတိကျစွာ တွက်ချက်နိုင်ရန် အတွက် စစ်တမ်းများ ဆက်လက် ကောက်ယူရန် လိုအပ်သေးသော်လည်း မြန်မာနိုင်ငံ၏ စီးပွားဖြစ်ကြက်မွေးမြူထုတ် လုပ်မှုလုပ်ငန်းအ နေဖြင့် ပြည်တွင်းစားသုံးမှုကို ဖူလုံအောင် ထုတ်လုပ်ပေးနိုင်သည့် အနေအထားတွင်ရှိကြောင်း စစ်တမ်းအရ သိရှိခဲ့ရပါသည်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အနေဖြင့် ကြက်မွေးမြူရေးလုပ်ငန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်ရန် အတွက် မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်နှင့် ညှိနှိုင်း၍ ဈေးကွက်ပြောင်းလဲမှု အခြေ အနေများ၊ တိုင်းရင်း ကြက်မွေးမြူထုတ်လုပ် မှုအခြေအနေ၊ ကြက်ဥနှင့် ကြက်သား စားသုံးမှုအခြေအနေများကို ဆက်လက် လေ့လာဆန်းစစ်သွားမည်ဖြစ်ပြီး တွေ့ရှိချက် များကို ပြည်သူများ သိရှိနိုင်ရန် ဆက်လက် တင်ပြသွား မည်ဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။ ။
လူငယ်ပညာရှင်အဖွဲ့(မွေးကု)