ရှေ့နေနှင့် ဇေယျရသစာတမ်းများ
နိဒါန်း
“ဆရာ”
“ဗျာ”
“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”
“ ရှေ့နေနှင့်ဇေယျရသစာတမ်းများပါတဲ့ ”
“ဘာကိုဆိုလိုတာလဲဆရာ”
“စာရေးဆရာကြီး ဇေယျရေးတဲ့ ရသစာတမ်းများ စာအုပ်အကြောင်း ရေးသားတင်ပြချင်တာပါ။”
“စိတ်ဝင်စားပါတယ်ဆရာ”
“ဒါဖြင့် .. ဖတ်ကြည့်ကြစို့ ”
▲ ဇေယျရသစာတမ်းများ ▲
ဇေယျရသစာတမ်းများအမည်ရှိစာအုပ်ကို ရန်ကုန်မြို့ ဓူဝံစာအုပ်တိုက်က ၂၀၁၂ ခုနှစ် မေလတွင် ပုံနှိပ်ထုတ်ဝေသည်။ စာရေးဆရာကြီး ဇေယျ(၁၉၀၀-၁၉၈၂)၏ဓာတ်ပုံ ကို မျက်နှာဖုံးတွင် ဖော်ပြသည်။ သူကြီးဂေဇက်သတင်းစာ တွင် ၁၉၃၂ မှ ၁၉၃၈ ခုနှစ်အတွင်း အပတ်စဉ် ဆရာကြီး ရေးသားခဲ့သော အယ်ဒီတာမှတ်ချက်(စာတမ်း)များကို စုစည်း၍ စာအုပ်အဖြစ် ထုတ်ဝေခြင်းဖြစ်ပါသည်။
ဆရာဇေယျသည် ၁၉၃၀ ပြည့်နှစ် ဇန်နဝါရီလထဲတွင် အလုပ်ဝင်ပြီး ၁၉၃၁ ခု ဇူလိုင်လ ၁၇ ရက်နေ့မှစ၍ အစိုးရအမှုထမ်းဖြစ်လာခဲ့သည်။ ထိုအခါ အစိုးရအမိန့် ကြော်ငြာများကို တာဝန်ယူ၍ မြန်မာ ဘာသာပြန်ဆို ပေးရသည်။ သူကြီးဂေဇက်သတင်းစာအတွက် ရှေးကဗျာ ကောက်နုတ်ချက်နှင့် အဖွင့်ကို ရေးရသည်။ အယ်ဒီတာမှတ်စုနှင့် မှတ်ချက်တို့ကိုလည်း ရေးရသည်။
▲ အယ်ဒီတာမှတ်ချက်ဆိုသည်မှာ ▲
အယ်ဒီတာမှတ်ချက်ဆိုသည်မှာ အခြံအရံ၊ ပျော်ရေး ရွှင်မှု၊ အတတ်နည်းသော်အဆိပ်၊ မိုး၊ ကြောက်ရွံ့မှ အမှုပြီး သည်။ ဆိုးတူကောင်းဖက် စသော ခေါင်းစဉ်များဖြင့် စာတိုကလေးများ ဖြစ်ကြသည်။ ဤသည်မှာ သတင်း မှတ်ချက်သက်သက်မဟုတ်၊ လောကကြောင်းခြင်းရာများကို အတွေးနှောကာ တိုတိုစိစိကလေး ရေးသားထား သော အက်ဆေး(စာတမ်းငယ်)ဆန်ဆန်စာများဖြစ်သည်။ နီတိသံလည်းပါသည်။ ဖတ်ချင့်စဖွယ်လည်းရှိသည်။
▲ ဇေယျစာအုပ်တွင် ဆရာတိုက်စိုး၏အကဲဖြတ်ချက် ▲
ဆရာတိုက်စိုးက-
ဇေယျသည် ရိုးရာစာပေမှ အစီအကုံး အလေ့အကျင့် ရထား၏။ စိတ်ကူးဉာဏ်၊ ဖန်တီးဉာဏ်လည်းရှိ၏။ တစ်ဖန် ကျောင်းနေရင်း၊ အလုပ်လုပ်ရင်း ဘေကွန်နှင့် ကာလိုင်း စသူများ၏ အက်ဆေး (စာတမ်းငယ်) မျိုးတွေကို ဝယ်ယူ ဖတ်ရှုခဲ့လေသည်။ အက်ဆေး(စာတမ်းငယ်)နှင့် ဝေဖန်စာ အလေးကဲသော ဂျွန်အိုလန်ဒန်ဂျာနယ်မျိုးနှင့်လည်း
သူရင်းရင်းနှီးနှီးရှိလေသည်။ ထိုအခါ သူ့သန္တာန်တွင် အက်ဆေး (စာတမ်းငယ်) သဘောသကန် စိမ့်ဝင်နေခဲ့ သည်ဟု ဆိုရလိမ့်မည်။ အက်ဆေး (စာတမ်းငယ်) မည်သည် အကြောင်းကိစ္စတစ်ရပ်ကို အကျိုးသင့် အကြောင်းသင့် တင်ပြရုံသက်သက် စကားမျိုးမဟုတ်။ သတင်းပေးဆောင်းပါးလို ခြောက်ကပ်ကပ်မနေ၊ ထို အဆင့်ကိုကျော်၍ မိမိတွေ့ဆုံ ခံစားချက်ကို ရင်းရင်းနှီးနှီး တင်ပြတတ်သော အတွင်းစိတ် အရိပ်ထင်စေသော စာပုံ သဏ္ဌာန်မျိုးဖြစ်လေသည်ဟု အကဲဖြတ်ရေးသားခဲ့သည်။
▲ မာတိကာ ▲
ဆရာကြီး ဇေယျက စာတမ်းပေါင်း ၁၂၂ စောင် ရေးသားခဲ့သည်ကို ဖတ်ရသည်။ ထိုသို့ရေးသားရာတွင် “စကား၊ မကြောက်အပ်သောအမှားအယွင်းများ၊ အရိပ်နှင့် အကောင်၊ ပညာဟူသည် မြတ်ရွှေအိုး ခေါင်းစဉ် များ
အပါအဝင် လုံ့လဝီရိယ၊ ဖြူစင်သောစိတ်၊ ကိုယ်ကျင့်တရား၊ မမေးဘဲကို မဆိုနှင့် မိမိအပြုအမူ” စသည့် ရသစာတမ်းများ ပါဝင်သည်။ အဆိုပါစာတမ်းများမှာ စာတမ်းအားလုံး အနက် စွဲမက်ဖွယ်အကောင်းဆုံးဖြစ်သည်ဟု ကျွန်တော် မြင်သည်။
▲ စွဲမက်ဖွယ်အကောင်းဆုံးစာစုများ ▲
ဘာကြောင့်စွဲမက်ဖွယ်ဖြစ်သည်ကို အောက်တွင်ဖတ်ရှု ကြည့်စေလိုပါသည်-
▲ စကား ▲
စားကောင်းသောက်ဖွယ်၊ ဟင်းကျွေးဘောဇဉ်၊ အဖျော် ယမကာ စသည်တို့၌သာပင် အချိုအချဉ်၊ အငန်အစပ်၊ အခါးအသက်၊ အဆီအဆိမ့်စသော အရသာများရှိသည် မဟုတ်။ လူတို့၏နှုတ်ခံတွင်းမှ ထွက်အပ်သော စကားများ မှာလည်း အထူးထူးအပြားပြားအရသာများရှိပေသည်။
စကားအရာ၌လည်း အခေါ်ဝေါဟာရ အတူတူပင်ဖြစ် လျက် သုံးတတ်နှုန်းတတ် စပ်တတ်သော သူတို့ပြောဆို စီကုံးသောအခါ နား၌ နှစ်သိမ့်ဖွယ်ရာ၊ ကောင်းစွာသော အရသာများ ပေါ်လာလျက် မသုံးတတ် မဆိုတတ်သော သူတို့၏ နှုတ်ပါးစပ်၌မူကား၊ အထစ်ထစ်အငေါ့ငေါ့ဖြင့် နာပျော်ဖွယ်ရာမရှိ၊ ကြမ်းတမ်းသောစကားများ ဖြစ်လာရ သည်။ ထို့ကြောင့် အရသာကိုလိုက်သဖြင့် အချို့သော စကားမျိုးတို့ကို "နားဝင်ချို၏" ဟူ၍လည်းကောင်း၊ အချို့သောစကားတို့ကိုမူကား “နားခါး၏” ဟူ၍လည်း ကောင်း ပြောဆိုလေ့ပြုကြကုန်ပေသည်။(စာ-၁)
▲ မကြောက်အပ်သော အမှားအယွင်းများ ▲
အမှားအယွင်းဖြစ်မည်ကို ကြောက်ရွံ့သင့်သလောက် ကြောက်ရွံ့ခြင်းရှိပါမူကား မမှားမယွင်းရအောင် သတိကို ဆောင်လျက် တတ်အားသမျှ ရှောင်ရှားနိုင်လာသော ကြောင့် လူတို့၌ အကောင်း ဆုံးသော အထောက်အပံ့ကြီးကို ရရှိစေလေသည်။ သို့တည်းမဟုတ် တစ်ခါက တစ်ကြိမ် တွေ့ဖူးသော အမှားကိုအစွဲအလမ်းကြီးဖြစ်နေပါမူကား အမှားအယွင်းဖြစ်မည်ကိုသာလျှင် ကြောက်ရွံ့စိုးရိမ်နေ သောကြောင့် မည်သည့်အရာကိုမျှမလုပ်ဝံ့၊ မည်သည့် စကားကိုမှမပြောဝံ့ဘဲ ရှိနေတတ်ကြလေသည်။ (စာ-၃)
▲ အရိပ်နှင့်အကောင် ▲
တစ်ရံရောအခါ ခွေးတစ်ကောင်သည် သားတစ် တစ်တုံးကို ကိုက်ချီလျက် သင့်လျော်ရာအရပ်သို့ သွား ရောက်စားသောက်မည်ဟု လာခဲ့ရာ တံတားကလေး တစ်ခုကို ဖြတ်ကူးရလေသည်။ ထိုသို့ တံတားကိုဖြတ်ကူး နေစဉ် မိမိ၏အရိပ်ကို ရေထဲ၌မြင်ရ၍ စိတ်၌အခြားသော ခွေးတစ်ကောင်သည် အခြားသောသားတစ်ကို ကိုက်ချီ လာသည်ဟူသော အမှတ်ဖြင့် ထိုသားတစ်ကိုလည်း ယူမည်ဟုကြံကာ ရေရိပ်ကိုဟပ်လိုက်ရာ ရေရိပ်မှ သား တစ်ကိုကားမရ၊ မိမိကိုက်ချီလာသော သားတစ်ကိုသာ လျှင် ဆုံးရချေသည်။ ဤဒဏ္ဍာရီပုံပြင်ကလေးကား အလွန်ရှင်းလင်းလွယ်ကူလျက် ကလေးသူငယ်တို့အား ပြောပြရန် အသုံးပြုသောပုံပြင်ကလေး ဖြစ်ငြားသော် လည်း လူတို့အဖို့ရာ များစွာမှတ်သားထိုက်၍ အနဂ္ဃထိုက် တန်သော အချက်ကြီးတစ်ချက် ပါဝင်လေသည်။ လူတို့သည် မိမိတို့ လက်ရင်းခံရှိသောအရာထက် အဝေး၌ ဖြစ်သောအရာကိုမျှော်မှန်းတမ်းတတတ်ကြလေသည်။ အထုပ်အထည် ခိုင်ခိုင်မာမာ သေချာမုချဖြစ်သော အရာထက် စိတ်ကူးကို သဘောကျတတ်လေသည်။
▲ ပညာဟူသည် မြတ်ရွှေအိုး ▲
ပညာဗဟုသုတသည် “ကောင်းမြတ်သောမှန်ပါပေ ၏” ဟု ကမ္ဘာအစဉ်အဆက် လူအပေါင်းတို့ ဝန်ခံခဲ့ရပေသည်။ ပညာဗဟုသုတသည်မကောင်း၊ ဆည်းပူးအပ် သောအရာမဟုတ်၊ နှစ်သက်မြတ်နိုး အပ်သော အရာ မမှန်ဟု ထုတ်ဖော်ငြင်းဆိုဝံ့သူဟူ၍ ယခုတိုင် မည်သူ တစ်စုံတစ်ယောက်မျှ မပေါ်မထွက်သေးဖြစ်ပေသည်။ ဤသို့ဖြစ်ပါလျက် အချို့သောသူတို့သည် ငါတို့ကား တောသူတောင်သားဖြစ်၏၊ ငါတို့ကား လယ်သမားဖြစ်၏၊ ငါတို့ကား လုပ်လုပ်စားစားဖြစ်၏၊ ပညာဗဟုသုတကို ဆည်းပူးခြင်းအားဖြင့် ငါတို့အား မည်သို့သောအကျိုးသက်ရောက်နိုင်ပါအံ့နည်း။ ပညာဗဟုသုတသည် ငါတို့ အသုံးချနိုင်ဖွယ် ရာမဟုတ်။ ငါတို့အဖို့ရာအပိုသက်သက် ဖြစ်ပေ၏ဟူသော ထင်မှတ်ချက်ဖြင့် ပညာဗဟုသုတ ဆည်းပူးမှုအလုပ်ကို မိမိတို့ဆောင်ရွက်ရာ အလုပ်နယ်မှ အပပြု၍ ထားတတ်ကြပေသည်။ (စာ-၉)
▲ ရှုပါ ▲
ဆရာကြီးဇေယျက လုံ့လဝီရိယ၊ ဖြူစင်သောစိတ်နှင့် ကိုယ်ကျင့်တရားတို့အကြောင်းကို အောက်ပါအတိုင်းရေးသည်။ ကျွန်တော့်အကြိုက် စာစုများကိုရှုပါ။ ပညာ လည်းရ၊ ရသစာပေ၏ အနှစ်ကိုလည်း ချစ်တတ်စေပါ သည်။
▲ လုံ့လဝီရိယ ▲
ဝိုင်ယာလက်၊ လေယာဉ်ပျံ၊ မီးရထား၊ မီးသင်္ဘော အစရှိ သည်တို့၌ ပါဝင်သောအရာများကား ထူးခြားလှသော ဝတ္ထုအရာ မဟုတ်၊ သံ၊ သံမဏိ၊ သစ်သားစသည်တို့ပင် ဖြစ်လေသည်။ ၎င်းသံ၊ သံမဏိ၊ သစ်သားစသည်တို့ကား မိမိတို့အလိုအလျောက် တစ်ခုနှင့်တစ်ခု ပူးပေါင်း၍ အံ့သြ ဖွယ်ရာ လေယာဉ်ပျံစသည်တို့ ဖြစ်ပေါ်လာသည်မဟုတ်၊ လူတို့၏လုံ့လဝီရိယဖြင့်သာလျှင် တစ်ခုနှင့်တစ်ခု ကြံစည် ဆက်စပ်ဖြစ်ပေါ်လာရခြင်း ဖြစ်ပေသည်။ ထို့ကြောင့် လောကကြီး၌ မည်သို့ထူးခြားအံ့သြဖွယ် ဖြစ်လျက် မည်သို့ကြီးကျယ်ခမ်းနားစေကာမူ မည်သူမျှလာရောက် ဖန်ဆင်းပေးသည်မဟုတ်၊ လူတို့၏ လုံ့လ ဝီရိယသာလျှင် အခြေခံဖြစ်ကြောင်းကို သိအပ်ပေသည်။(စာ-၁၀၈)
▲ ဖြူစင်သောစိတ် ▲
လောက၌ ကောင်းမြတ်သောအရာတို့ကို မည်မျှ တွေ့ကြုံရစေကာမူ မိမိတို့စိတ်တွင်းအရင်းခံက မရှင်းလင်းခဲ့သော် အကျိုးခံစားခွင့်မရှိ။ မိမိတို့စိတ်ရင်း က ရှင်းလင်းသန့်ပြန့်မှသာလျှင် အကျိုးခံစားရမည်ကို သတိမူလျက် မည်သည့်အခါမဆို စိတ်ကိုရှင်းလင်းအောင် ထားအပ်သည်။ (စာ-၁၁၆)
▲ ကိုယ်ကျင့်တရား ▲
ကိုယ်ကျင့်တရားဟူသည်မှာ အမည်ပညတ် အားလျော် စွာ သူတစ်ပါးကိုကျင့်စေ၊ လိုက်နာစေရသော တရား မျိုးမဟုတ်။ မိမိကိုယ်တိုင်က ကျင့်ဆောင်လိုက်နာ စောင့် စည်းရသော တရားမျိုးဖြစ်ပေသည်။ လူ့လောကကြီးမှာ ဥပမာအားဖြင့် ရှုပ်ရှုပ်ထွေးထွေး၊ သေးသေးမွှားမွှား၊ အလွန်နူးညံ့ သိမ်မွေ့ခက်ခဲစွာ ကြံစည်တပ်ဆင်ထားသည့် စက်ကြီးတစ်မျိုးနှင့်တူလေသည်။ စက်တို့၏သဘောမှာ အကြီးဆုံးသောကိရိယာမှ အသေးဆုံးသော ဝက်အူကလေး အထိ အရေးကြီးသည့်အရာချည်း ဖြစ်ပေသည်။(စာ-၁၅၂)
▲ မမေးဘဲကို မဆိုနှင့်▲
လူတို့၏ နှုတ်မှထွက်အပ်သောစကားသည် စကား တစ်ခွန်းချင်း တူညီပါသော်ငြားလည်း အရာ ဌာနအားလျော် စွာ အသုံးဝင်ခြင်း၊ မဝင်ခြင်း၊ အဖိုးတန်ခြင်း၊ မတန်ခြင်း များရှိလေသည်။ တစ်ခွန်း တစ်ပါဒမျှဖြစ်စေ၊ အဖိုးအနဂ္ဃ ထိုက်တန်သော အခါများရှိ၍ အခွန်းသိန်းသန်းကုဋေ မရေမတွက်နိုင်အောင် ပြောပါငြားလည်း အသုံးမကျ၊ အနှစ်အရသာမရှိ နားငြီးရုံမျှသာ ဖြစ်သောအခါများလည်း ရှိလေသည်။ ထို့ကြောင့် လူတို့သည် စကားကိုပြောရာ၌ အဖိုးတန်စေလိုလျှင် ကာလဒေသ ခွဲခြားသတိပြုအပ် သည်။ အထူးသဖြင့် “မမေးဘဲကို မဆိုနှင့်” ဟူသော အထက်ပါ စကားရပ်ကလေးကား မှတ်သားသတိမူဖွယ် ကောင်းလေသည်။ (စာ-၁၇၁)ဟုဆရာကြီးက သတိပေးခဲ့ သည်။
▲ မိမိအပြုအမူ ▲
ဆရာကြီးဇေယျ၏ ရသစာတမ်းများတွင် မိမိအပြုအမူ (၄၊ စက်တင်ဘာ၊ ၁၉၃၅ ရက်စွဲဖြင့် ရေးခဲ့သည်)အကြောင်း ရေးသားရာ၌ မိမိစိတ်၌တစ်စုံတစ်ရာထိခိုက်ဖြစ်ပေါ်လာလျှင် မိမိအပြုအမူကို ထိန်းသိမ်းစောင့်ရှောက်ရန်လိုပေသည်။ အတွင်း၌မည်မျှထကြွနေသော ဒေါသဖြစ်စေကာမူ အပြင်သို့မထွက်သေးသမျှ အရှိန်မရနိုင်၊ အရှိန်မရှိသော အရာဟူသရွေ့သည် အားအင်ယုတ်လျော့၍ နောက်ဆုံးတွင် ပျောက်ကွယ် ရစမြဲဖြစ်သည်ဟု ရေးသားခဲ့သည်။(စာ-၂၈၉)
▲ ဆရာကြီးဇေယျ၏ စာပေနှင့်ဘဝဖြစ်စဉ် ▲
၁၉၀၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက်နေ့ (တနင်္ဂနွေနေ့)တွင် ဆရာကြီးဇေယျကို သာယာဝတီခရိုင်၊ ဇီးကုန်းမြို့၌ ဖွားမြင်သည်။ ငယ်နာမည် ယောဂူ၊ ကျောင်းအမည် မောင်ယော၊ သာယာ၀တီမြို့ ကရင်အထက်တန်းကျောင်း၊ ပြည်မြို့အစိုးရအထက်တန်းကျောင်းများတွင် တက် ရောက်သည်။ ၁၀ တန်းစာမေးပွဲကို ၃ ဘာသာဂုဏ်ထူးဖြင့် အောင်သည်။ ၁၉၂၀ တွင် ရန်ကုန်သို့ရောက်ရှိ။ ဒဂုန်မဂ္ဂဇင်း လက်ထောက် အယ်ဒီတာလုပ်ကိုင်။ ဒဂုန်ဇေယျကလောင် အမည်ရယူ။ ၁၉၂၃ တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၏သမီး ဒေါ်မြရီနှင့်လက်ထပ်။ ၁၉၂၅ တွင် ဇေယျသတင်း စာကိုထုတ်ဝေ။ ထို့နောက် ၁၉၂၆ တွင် လန်ဒန်မဂ္ဂဇင်း အယ်ဒီတာ။ ၁၉၂၇ တွင် ဗြိတိသျှဗားမားအယ်ဒီတာ။ ၁၉၃၀ သူကြီးဂေဇက်သတင်းစာ အယ်ဒီတာအဖြစ် ဆောင်ရွက်။ စာရေးဆရာမဂ္ဂဇင်းအတိုင်ပင်ခံ။ ၁၉၄၇ တွင် ပြန်ကြားရေးဌာနခွဲ ဒုတိယညွှန်ကြားရေးဝန်။ ၁၉၅၇ တွင် ညွှန်ကြားရေးဝန်တာဝန်မှ အငြိမ်းစားယူ။ စာရေး ဆရာ အသင်းဥက္ကဋ္ဌတာဝန်ယူခဲ့။ ဝဏ္ဏကျော်ထင်ဘွဲ့ (၁၉၅၀)။ သီရိပျံချီဘွဲ့ (၁၉၅၅)ချီးမြှင့်ခြင်းခံရ။ ၁၉၈၂ခုနှစ် အောက်တိုဘာ ၂ ရက်နေ့တွင် ကွယ်လွန်ရှာသည်။
▲နိဂုံး▲
ဆရာကြီးဇေယျ၏ ရသစာတမ်းများကို ကျွန်တော်တို့ လေ့လာဖတ်ရှုရသည့်အတွက် မှတ်စုမှတ်ရာအဖြာဖြာကို သိရှိရရုံသာမက မြန်မာစာပေ၏ ခေတ်သမိုင်းအမြင် ကိုလည်း ဗဟုသုတအဖြာဖြာရရှိပါကြောင်း လေးစားစွာ ဂုဏ်ပြုရေးသားတင်ပြအပ်ပါသည်။ ။
ဦးဟန်ညွန့် (ဥပဒေ)