ကိုဗစ် - ၁၉ ရောဂါ ကူးစက်နိုင်သည့် နည်းလမ်းများမှ ကာကွယ်ခြင်း
ကမ္ဘာ့ကပ်ရောဂါကြီး ကိုဗစ်-၁၉ ဖြစ်ပွားခဲ့သည်မှာ လပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။ ကမ္ဘာပေါ်ရှိ အချို့နိုင်ငံများတွင် နေ့စဉ်ကူးစက်မှု လျော့ကျအောင် ထိန်းချုပ် နိုင်ပြီ ဖြစ်သော်လည်း အချို့နိုင်ငံများ၌ ဒုတိယလှိုင်း ကူးစက်မှု ဝင်ရောက်လာမှုနှင့်အတူ အမေရိကန် ပြည်ထောင်စုတွင်လည်း ကူးစက်ရောဂါပျံ့နှံ့မှုကို ယခုတိုင် မထိန်းချုပ်နိုင်သေးကြောင်း တွေ့ရသည်။
အမေရိကန်ပြည်ထောင်စုရှိ ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးစင်တာများ (CDC) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီး (WHO) တို့က လူအချင်းချင်း ခြောက်ပေ အကွာခန့်မှာနေရန်၊ စက္ကန့် ၂၀ ကြာအောင် လက်ဆေးရန်၊ ထိတွေ့ကိုင်တွယ်မိသည့် အရာဝတ္ထုတို့၏ မျက်နှာပြင်တိုင်းကို ပိုးသန့်စင် ဆေးရည် မကြာခဏဖျန်းရန်၊ နှာခေါင်းနှင့် ပါးစပ်စည်းတို့ကို တပ်ဆင်ရန် ဆက်လက်ညွှန်ကြားထားပါသည်။
သို့ရာတွင် နှာခေါင်းနှင့် ပါးစပ်စည်းကို တပ်ဆင်ပါလျက် မည်သို့မည်ပုံ ရောဂါကူးစက်ခံရကြောင်း နားမလည်နိုင်သောသူများ၏ စကားသံကို နေ့စဉ်နှင့်အမျှ ကြားလာရသည်။
လူတစ်ယောက်မှ လူအများကို ကူးစက်သော ဖြစ်ရပ်သည် လူထူထပ်သော အရက်ဆိုင်၊ အရက်ဘား၊ မိသားစု စုဝေးစားသောက်ပွဲ စသည်တို့၌ ဖြစ်ပွားခြင်း ဖြစ်သည်။ မြို့တော် အများစု၏ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများကို ပိတ်ထားသော်လည်း အလုံပိတ် အားကစားခန်းမကြီးများ၊ လေအေးပေးစက် တပ်ဆင် ထားသော စားသောက်ဆိုင်ကြီးများကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့သည်။
ဤဖြစ်ရပ်သည် လူအများစု၏ နားလည်လက်ခံ ထားမှုကို ရှုပ်ထွေးစေခဲ့သည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်နိုင်သည့် နည်းလမ်းများဖြစ်ကြသော ရောဂါပိုးရှိသည့် သူက နှာချေချောင်းဆိုးရာမှ ထွက်လာသော အမှုန်အမွှားများ၊ ရောဂါပိုးရှိနေသည့် မျက်နှာပြင်များကို ထိတွေ့ ကိုင်တွယ်မိသည့် လက်များမှတစ်ဆင့် ကူးစက် ကြောင်းကို လူအများက ပုံဖော်တွေးဆနိုင်ကြပြီး မည်သို့ မည်ပုံ ကာကွယ်ရမည်ဆိုသည်ကိုလည်း နားလည်နိုင်ကြသည်။ သို့သော် ယခုအခါ သိပ္ပံပညာရှင် များက ရောဂါပိုးသည် လေထဲမှပျံ့နှံ့ကူးစက်သည်ဆိုသောအချက်ကို လက်ခံယုံကြည်လာ ကြပါသည်။
အခြားကူးစက်သည့် နည်းလမ်းများထက် လေထဲမှ ပျံ့လွင့်ကူးစက်ခြင်းက ပိုမိုများပြားကြောင်း သက်သေ အထောက်အထားများ ရရှိနေပြီဖြစ်သည်။ ဤ ကပ်ရောဂါကြီးကို ထိန်းချုပ်လိုလျှင် သက်ဆိုင်ရာ တာဝန်ရှိသူများက အမှန်တကယ် ကူးစက်သည့် နည်းလမ်းကို ပိုမိုအလေးပေး ဖော်ပြဖို့ လိုအပ်သည်ဟု သိပ္ပံပညာရှင် များက ဆိုကြသည်။ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်သည့် နည်းလမ်း သုံးခုရှိသည်။
ယင်းတို့အနက် နည်းလမ်းနှစ်ခုကို WHO နှင့် CDC တို့က ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ပထမ နည်းလမ်းမှာ fomites ဟုခေါ်သော ဗိုင်းရပ်စ်များ ကပ်တွယ်နေသော အရာဝတ္ထုများ (လူ့အရေပြား အပါအဝင်) မှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည်။ ကပ်ရောဂါကြီး ဖြစ်ပွားမှု၏ အစောပိုင်းကာလများတွင် အချို့လူများသည် ဈေးမှ ဝယ်ယူလာသော စားသောက်ကုန်များ၊ အထုပ်အပိုးများကို ဆပ်ပြာရည်ဖြင့် ဆေးကြောပြီး fomites များ မပါအောင် ပြုလုပ်ခဲ့ကြသည်။
ယခုအခါ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC) က fomites မှ တစ်ဆင့် ကူးစက်ခြင်းသည် ဖြစ်နိုင်ဖွယ်ရှိသော နည်းလမ်း တစ်ခုဖြစ်သော်လည်း အဓိကကျသော နည်းလမ်း မဟုတ်ဟုဆိုပါသည်။ ဥပမာပြရလျှင် ဗြိတိသျှနိုင်ငံတွင် လက်ဆေးသည့် အစီအစဉ် ဖြင့် အထူးကြပ်မတ်ပေးခဲ့ရာ ရောဂါကူးစက်မှု၏ ၁၆ ရာခိုင်နှုန်းကိုသာ လျှော့ချနိုင်ခဲ့သည်။ ထင်ရှားသိသာသည့်အချက်မှာ SARS-CoV-2 ဟု အမည်ပေးထားသော ကိုဗစ်- ၁၉ ဗိုင်းရပ်စ် သည် အဆီနှင့် ပြုလုပ်ထားသော အခွံအကာ ဖုံးလွှမ်းထားသောကြောင့် လူ၏လက်များပေါ်တွင် ကြာရှည်စွာရှိမနေနိုင်ပါ။ ထိုအဓိပ္ပာယ်မှာရောဂါပိုးရှိသည့် မျက်နှာပြင်တစ်ခုခု ကို ထိတွေ့ကိုင်တွယ်မိသောသူသည် ခဏတာအချိန်အတွင်း ထိုလက်ဖြင့် သူ၏ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိတွေ့ကိုင်တွယ်မိရာမှ ကူးစက်ခြင်းဟု ဆိုလိုပါသည်။
ဖြစ်နိုင်ခြေရှိသည့် ဒုတိယကူးစက်ပုံနည်းလမ်းမှာ ရောဂါပိုးရှိနေသောသူက ချောင်းဆိုး၊ နှာချေ၊ စကားပြောလိုက်စဉ် ထွက်လာသောအမှုန်အမွှားများ၊ တံတွေး၊ သလိပ် အစအနများမှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည်။ ဤနည်းလမ်းသည်သာ အဓိကကျသောနည်းလမ်းဟု ပြောကြားခဲ့ကြ သည်။ WHO နှင့် CDC တို့၏ အဆိုအရ ချောင်းဆိုး၊ နှာချေလိုက်သောအခါ အစက်အမှုန်အမွှား များသည် လေထဲရောက်သွားသော်လည်း သုံးပေမှ ခြောက်ပေအကွာတွင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်ဟု ဆိုကြသည်။ သို့ရာတွင် သုတေသန ပြုလုပ်ရှာဖွေမှုများအရ droplets ဟု ခေါ်သော အစက်အမှုန်များသည် ချောင်းဆိုး၊ နှာချေသည့် အခါမှာသာ အရေးကြီးပြီး လူတစ်ဦးနှင့်တစ်ဦး နီးကပ်စွာ စကားပြောခြင်းကဲ့သို့သော လေထဲမှပျံ့နှံ့သည့် နည်းလမ်း သည်သာ ဖြစ်နိုင်ခြေအရှိဆုံး တတိယမြောက်နည်းလမ်း ဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။
Aerosol /Airborne transmission
လေထဲမှ ပျံ့နှံ့ကူးစက်ခြင်း ချောင်းဆိုး၊ နှာချေရာမှ ထွက်လာသော အရည်အစက် အမှုန်အမွှား များသည် အလွန်သေးငယ်ပြီး လေထဲတွင် မိနစ်ပေါင်းများစွာ နာရီပေါင်းများစွာ ရှိနေနိုင်သည်။ သို့သော် aerosol ဟုခေါ်သော လေထဲမှ ပျံ့နှံ့သည့် အမှုန်တို့က အဆပေါင်းများစွာ ပိုမိုသေးငယ် သည်။ ဆံခြည်မျှင်တစ်ပင်၏ အချင်းသည် ၈၀ မိုက်ခရွန်ရှိလျှင် လေထဲမှ ပျံ့လွင့်နိုင်သော အမှုန်၏ အချင်းက ၅၀ မိုက်ခရွန် ထက်သေးငယ်ပြီး လေထဲမှာ ကြာရှည်စွာ လွင့်မျောတည်ရှိ နေနိုင်သည်။ SARS-CoV-2 ဗိုင်းရပ်စ်၏ အချင်းက ၀.၁ မိုက်ခရွန်သာရှိရာ လေထဲမှ ပျံ့လွင့် နိုင်သော ၅၀ မိုက်ခရွန် အမှုန်ထဲတွင် ဗိုင်းရပ်စ်များစွာ ပါဝင်နေနိုင် ပေသည်။
ဤအချက်ကို သုတေသနပညာရှင်များက စတင်တွေ့ရှိပြီး တင်ပြခဲ့ကြစဉ် အငြင်းပွားမှုများစွာ ဖြစ်ပွားခဲ့သည်။ သို့ရာတွင် သက်သေအထောက်အထား များပြား လာသည်နှင့်အမျှ အငြင်းပွားမှုများ မပြင်းထန်တော့ပေ။ စကားပြောသည့်အခါ၊ သီချင်းဆိုသည့်အခါ၊ အော်ဟစ်သည့်အခါ ထွက်လာသောအမှုန်များသည် လေထဲတွင် ပိုမို ပျံ့လွင့်နိုင်သည်။
လေဝင်လေထွက်မကောင်းသည့် အလုံပိတ်အခန်းများတွင် လူအများ စုဝေးမိကြပါက အစုလိုက် အပြုံလိုက် ရုတ်တရက် ရောဂါကူးစက်မှု ဖြစ်ပွားတတ်သည်။ ထို့ကြောင့် ကာရာအိုကေပါတီများ၊ အရက်ဆိုင်၊ အရက်ဘားများ၊ အားကစားလေ့ကျင့်ရေး ခန်းမများစသော အလုံပိတ် အခန်းများ သည် ရောဂါပျံ့နှံ့စေသည့် အဓိက အချက်အချာ နေရာများဖြစ်လာကြသည်။
လေထဲမှ ပျံ့လွင့်ကူးစက်မှုကို ရှောင်ကြဉ်လိုလျှင် -
- လူစုလူဝေးများသည့်နေရာ
- အလုံပိတ်ခန်းမများ
- လေဝင်လေထွက် မကောင်းသည့်နေရာ
- နီးကပ်စွာ စကားပြောဆိုခြင်း
- ကြာရှည်စွာ စကားပြောဆိုခြင်း
- မျက်နှာစည်း မတပ်ခြင်း
- သီချင်းဆိုခြင်း၊ အော်ဟစ်ခြင်းတို့ကို ရှောင်ကြဉ်ပါဟု အကြံပေးကြပါသည်။
ယခုအခါ ကွဲပြားခြားနားသော ကူးစက်နိုင်သည့် နည်းလမ်းအမျိုးမျိုးနှင့်ပတ်သက်ပြီး အရေးကြီးသော ဆက်နွှယ်မှုများ၊ လေဝင်လေထွက် မကောင်းသော နေရာများ၌ လေမှတစ်ဆင့် ကူးစက်ပျံ့နှံ့ခြင်း၏ အခန်းကဏ္ဍ၊ ရောဂါကူးစက်ရန် လိုအပ်သည့် ဗိုင်းရပ်စ်ပမာဏ၊ ရုတ်တရက် ရောဂါကူးစက်ဖြစ်ပွားသည့် နေရာများ၏ အခင်းအကျင်းနှင့် အန္တရာယ်များ၊ ရောဂါပိုး သယ်ဆောင်ထားသော်လည်း ရောဂါလက္ခဏာမပြသောသူ (Asymptomatic) များနှင့် ရောဂါ အစပျိုးနေပြီး ရောဂါလက္ခဏာ မပြသေးသောသူများ (Pre-symptomatic) အကြောင်းတို့ကို အရည်အသွေးမြင့်မားသော သုတေသနစမ်းသပ်ချက်များ အဆောတလျင်ပြုလုပ်ရန် လိုအပ်နေ ပါသေးသည်။
စက်တင်ဘာလ ၅ ရက်နေ့အထိ စာရင်းများအရ ကမ္ဘာပေါ်တွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ခံရ သူပေါင်း ၂၆ သန်းကျော် ရှိနေပြီး ရောဂါပိုးကင်းစင်လာသူပေါင်း ၁၇ သန်းကျော် ရှိပါပြီ။ ဤအရေအတွက်များသည် ရောဂါလက္ခဏာပြသောသူများ၊ အတည်ပြုလူနာများနှင့် နီးကပ်စွာ ဆက်နွှယ်မှုရှိသောသူများကိုသာ ဦးစားပေးပြီး စစ်ဆေးထားခြင်းဖြစ်ရာ ရောဂါပိုးသယ်ဆောင် ထားသော်လည်း ရောဂါလက္ခဏာမပြသောသူ(Asymptomatic persons) များ ပြည်သူလူထုထဲ တွင် ရှိနေနိုင်ပါသည်။
ကာကွယ်တားဆီးရမည့်နည်းလမ်းများ
- ကိုဗစ်-၁၉ ရောဂါ မကူးစက်အောင် ကာကွယ် တားဆီးရမည့်နည်းလမ်းများကို WHO က အောက်ပါအတိုင်း ညွှန်ကြားထားပါသည်။
- ကူးစက်ရောဂါ သံသယရှိသော လူနာများကို အဆောတလျင်စစ်ဆေးပြီး သီးခြားခွဲထားကာ ဆေးရုံတင်ရန်၊ ဆေးရုံများမှာ နေရာမလုံလောက် တော့သည့် နိုင်ငံများ၌ သင့်တော်သည့် နေရာများမှာ ထားရှိရန်၊
- အတည်ပြုလူနာများနှင့် နီးကပ်စွာ ထိတွေ့မှု ရှိခဲ့သောသူများအား သီးခြားခွဲထားပြီး စစ်ဆေး စောင့်ကြည့်ရန်၊
- ခပ်ခွာခွာနေဖို့ မဖြစ်နိုင်သည့် လူသူထူထပ်သော နေရာများသို့ မဖြစ်မနေသွားရမည့် သူများသည် နှာခေါင်းနှင့် ပါးစပ်စည်းကို တပ်ဆင်သွားပါ။
- ရောဂါအတည်ပြုလူနာများနှင့် သံသယဖြစ်ဖွယ် လူနာများကို ပြုစုစောင့်ရှောက်ပေးရ သည့် ကျန်းမာရေး ဝန်ထမ်းများ၊ လူနာများကို သွားရောက် ခေါ်ဆောင်ပေးရသည့် စေတနာ့ဝန်ထမ်းများအားလုံးတို့သည် ရောဂါပိုးလေထဲမှ ပျံ့နှံ့ကူးစက်မှုကို ရှောင်ကြဉ် ရန် တစ်ကိုယ်ရေသုံး အကာအကွယ် ဝတ်စုံများအား တာဝန်ချိန်ပြီးဆုံးသည်အထိ ဝတ်ဆင်ထားရမည်။
- ပြည်သူလူထုအနေဖြင့် မကြာခဏ လက်ဆေးသည့် အလေ့အကျင့်ကို ပြုလုပ်ပါ။ လူအချင်းချင်း တတ်နိုင်သမျှ ခပ်ခွာခွာနေပါ။ နှာချေ၊ ချောင်းဆိုး သည့်အခါ လိုက်နာရမည့် ကျင့်ဝတ်ကို လိုက်နာပါ။ လူထူထပ်သော နေရာများကို ရှောင်ကြဉ်ပါ။ အလုံပိတ် ခန်းများ၊ လေဝင်လေထွက် မကောင်း သော နေရာများကို ရှောင်ကြဉ်ပါ။ အပြင်ထွက် တိုင်း နှာခေါင်းနှင့် ပါးစပ်စည်းကို တပ်ဆင်ပါ။ အိမ်နှင့် ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် အထူးဂရုပြုဆောင်ရွက်ပါ။ ဆပ်ပြာရည်၊ ပိုးသန့်စင်ဆေးရည်တို့ကို အသုံးပြုပြီး ဆေးကြောသန့်ရှင်းပါ။ နှာခေါင်းနှင့် ပါးစပ်စည်းကို တပ်ဆင်ရာ တွင် လျော့ရဲရဲ မတပ်ပါနှင့်၊ မေးစေ့ အောက်သို့ လျှောချပြီး မတပ်ပါနှင့်။ အဝတ်အထည်နှင့် ချုပ်ထားသည့် နှာခေါင်းစည်းများကိုလည်း တပ်ဆင်နိုင်ပါသည်။ လိုအပ်ပါက N 95 ကဲ့သို့သော ဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်စွမ်းမြင့်မားသည့် နှာခေါင်းနှင့် ပါးစပ်စည်းများကို အသုံးပြုပါ။ ။
ဒေါက်တာခင်စန်းမော်