ထာဝရငြိမ်းချမ်းရေးစေတီတော်နှင့် မြန်မာမှုပုံတော်များ
ထာဝရငြိမ်းချမ်းရေးစေတီတော်ကို နေပြည်တော်တွင် အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့ပြီ ဖြစ်ပါသည်။
ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက၏ ဦးဆောင်မှုဖြင့် အများပြည်သူတို့ စုပေါင်းပါဝင် လှူဒါန်းပူဇော်ထားသည့် ကုသိုလ်တော် ဖြစ်ပါသည်။ ၁၃၈၀ ပြည့်နှစ် ကဆုန်လပြည့်ကျော် ၁၁ ရက် (၁၀-၅-၂၀၁၈) ကြာသပတေးနေ့တွင် ရတနာပန္နက်တော်တင် မဟာမင်္ဂလာ အခမ်းအနား ကျင်းပပြီး စတင်တည်ဆောက်ခဲ့ရာ တစ်နှစ်ခွဲခန့်ကာလအတွင်း စေတီတော်တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးအောင်မြင် ခဲ့သဖြင့် ၁၃၈၁ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်နေ့) (၁၁-၁၁-၂၀၁၉) တနင်္လာနေ့တွင် ရွှေထီးတော်အထွတ်တင် မဟာမင်္ဂလာ အခမ်းအနားကို ခမ်းနားသိုက်မြိုက်စွာ ဆင်ယင် ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး အမှူးပြုသော ဆရာတော် သံဃာတော် ၃၃ ပါး ကြွရောက် တော်မူကြပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သော ဘုရားဒါယကာ၊ ဒါယိကာမများ တက်ရောက် ပူဇော်ခဲ့ကြပါသည်။
ရွှေစင်ရွှေသားကျောက်မျက်ရတနာမျိုးစုံဖြင့် စီခြယ်ပူဇော်
ထာဝရငြိမ်းချမ်းရေးစေတီတော်ကို လိုဏ်တော်အပါ ဉာဏ်တော် ၁၀၈ ပေအမြင့်ဆောင်လျက် ပုဂံအာနန္ဒာပုံစံ ဗိသုကာဟန်ကို အခြေခံ၍ ခေတ်ဗိသုကာဟန်များနှင့် ပေါင်းစပ်ကာ ကြည်ညို ဖွယ်ရာ တည်ဆောက်ထားပါသည်။ မြန်မာမှုဗိသုကာ အနုလက်ရာများမှာ ဟန်မာန်ဌာန် အချိုးအစားကျန သေသပ်လှပပြီး အလွန်လက်ရာ မြောက်လှပါသည်။
ပင်မရွှေထီးတော်ကြီးနှင့် အရံစေတီရွှေထီးတော် ၈၀ လုံးကို ရွှေစင်ရွှေသား ရွှေအစစ်များဖြင့် ကပ်လှူ ပူဇော်ထားပါသည်။ ရတနာ စိန်ဖူးတော်နှင့် ငှက်မြတ် နားတော်တို့ကိုလည်း အလားတူ ရွှေစင် ရွှေသားရွှေအစစ်များ ကပ်လှူထားသည့်အပြင် ရတနာစိန်ဖူးတော်တွင် စိန်သား စစ်စစ်ဖြင့် စီခြယ်လှူဒါန်းထားပြီး အရည်အသွေး စစ်မှန်ကောင်းမွန်သည့် ကျောက်မျက်ရတနာ မျိုးစုံတို့ဖြင့် စီခြယ်ပူဇော်ထားပါသည်။
စေတီတော်တွင် သွင်းလှူပူဇော်ထားသည့် ဌာပနာတော်များမှာ ဓာတုဓမ္မဥဒ္ဓိဿနှင့် ပရိဘော စုံညီလေးလီသော စေတီများနှင့် ပြည့်စုံ၍ ကျမ်းဂန်တော်များနှင့် ညီညွတ်အောင် စုံလင်စွာ ထည့်သွင်းပူဇော်ထားပါသည်။ ဌာပနာတော်များအားလုံးကို ရွှေစင်ရွှေသားအစစ်၊ ငွေသားအစစ် တို့ဖြင့် သွင်းလောင်းထုဆစ်ပုံဖော်ထားပြီး ဗုဒ္ဓဖြစ်တော်စဉ် ဗုဒ္ဓဝင်ဆိုင်ရာ “ ဖွား-ပွင့်-ဟော-စံ” ဗုဒ္ဓရုပ်ပွားတော်များ၊ ရဟန္တာရုပ်တုတော်များ၊ ခက်မငါးဖြာနှင့်ပြည့်စုံသည့် ငွေဗောဓိပင်တော်၊ ပရိက္ခရာရှစ်ပါး ငွေပဒေသာပင်၊ ရွှေစင်ရွှေသားအတိပြီးသော ရွှေထီးတော် ပုံစံငယ်၊ ရတနာ ရွှေစံအိမ်တော်၊ ပိဋကတ်သုံးပုံ ကျမ်းဦးငွေပေလွှာ၊ မင်္ဂလာမော်ကွန်းငွေပေလွှာ၊ ရတနာ ရွှေကြုတ်တော်၊ ငွေကြုတ်တော်၊ ရွှေဆွမ်းအုပ်တော်၊ ငွေဆွမ်းအုပ်တော်၊ ရတနာငွေသေတ္တာ ဗုဒ္ဓဓာတ်တော် တစ်သိန်းကျော်၊ ရဟန္တာဓာတ်တော် တစ်သန်းကျော်၊ ကျောက်မျက်ရတနာမျိုးစုံ အပြည့်ထည့်ထားသည့် ရွှေပြည်တောင်း၊ ငွေပြည်တောင်းများ၊ ရွှေသားအစစ်ဖြင့် သွန်းလောင်း ထုဆစ်ပူဇော်ထားသည့် ရွှေဥဒေါင်းမင်းပုံတော် စသည်ဖြင့် ဌာပနာတော်များ စုံလင်လှပါသည်။
မြန်မာ့ဗိသုကာပညာကို ခေတ်မီနည်းပညာဖြင့် ပေါင်းစပ်
ပင်မစေတီတော်ကို အရံစေတီ(၈၀) ဝန်းရံပူဇော်ထားပါသည်။ အသီတိသာဝက ရှစ်ကျိပ်သော ရဟန္တာအရှင်သူမြတ်ကြီးတို့အား ရည်မှန်း ပူဇော်ထားခြင်း ဖြစ်ပါသည်။ ရွှေပါရမီတော်ရ ဆရာတော် ကိုယ်တိုင် ဦးဆောင်၍ အရံစေတီအားလုံးတွင် ရှစ်ကျိပ်သော ရဟန္တာ အရှင်သူမြတ် တို့၏ ဓာတ်တော်များကို ဌာပနာသွင်းလှူ ပူဇော်ထားပါသည်။ စေတီတော်အထက်ပစ္စယာတွင် ရွှေတာအိုး၊ ငွေတာအိုးနှင့် ကလသာအိုးများတွင် ရတနာရွှေပန်းခိုင် ငွေပန်းခိုင်များ စိုက်ထူ ပူဇော်ထားရာ ရှေးဟောင်းမြန်မာ့ဗိသုကာဟန်နှင့် မြန်မာ့ဓလေ့ ရှေးဟောင်းအစဉ်အလာကို ပြန်လည် ဖော်ညွှန်းလျက်ရှိပါသည်။
စေတီတော်ပစ္စယာကြေးဝန်း အောက်ခြေရှိလိုဏ်တော် ပတ်လည်နံရံကိုထုထည်ကြီးမားသည့် စကျင်ကျောက်သားများဖြင့် ထုဆစ် တည်ဆောက်ထားပြီး မြန်မာမှုပန်းတမော့ ပညာရပ်ကို ခေတ်မီနည်းပညာဖြင့် ပေါင်းစပ်ပုံဖော်ထားသဖြင့် ရင်သပ်ရှုမောအံ့ဩဖွယ်ရာ မြန်မာမှုအနု လက်ရာအဖြစ် တည်ရှိနေမည် ဖြစ်ပါသည်။ စေတီတော်လိုဏ်မုခ် လေးမုခ်ကိုလည်း စကျင်ကျောက်သားများဖြင့် အံ့မခန်း ထုဆစ်ပူဇော်ထားရာ စေတီတော်၏ ခံ့ညားထည်ဝါမှုကို ပိုမိုထင်ဟပ်စေပါသည်။
စေတီတော်အဝင် မုခ်ဦးလေးမုခ်၏ အတွင်းနံရံဝဲယာများတွင် အောင်ခြင်းရှစ်ပါးဖောင်းကြွ သရုပ်ဖော်ပုံတော်များမှာ လှုပ်ရှားသက်ဝင် အလွန်ပင်လက်ရာမြောက်လှသဖြင့် ဘုရားဖူး ပြည်သူများအတွက် ဗုဒ္ဓဝင်ဆိုင်ရာ အထူးလေ့လာ မှတ်သားဖွယ်ရာများအဖြစ် ဖော်ဆောင်ပေး လျက်ရှိပါသည်။
စေတီတော်လိုဏ်အတွင်း ဗဟိုမဏ္ဍိုင်တွင် စကျင်ဗုဒ္ဓ ရုပ်ပွားတော်လေးဆူတို့ကိုကြည်ညိုဖွယ်ရာ သပ္ပာယ်စွာဖြင့် ထုဆစ်ပူဇော်ထားပါသည်-
(၁) အရှေ့အရပ်တွင် ထိုင်တော်မူ ဘူမိဖဿမုဒြာကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်၊
(၂) တောင်အရပ်တွင် ရပ်တော်မူ ဓမ္မစက္ကမုဒြာကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်၊
(၃) အနောက်အရပ်တွင် ထိုင်တော်မူ ဝရဒမုဒြာကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်၊
(၄) မြောက်အရပ်တွင် ရပ်တော်မူ အဘယမုဒြာကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များ၊
ကိန်းဝပ်စမ္ပာယ် အပူဇော်ခံတော်မူလျက်ရှိပါသည်။
ရုပ်ပွားတော်မြတ်လေးဆူလုံးသည် စိန်ရောင်အဆင်း ဘော်အဆင်းကဲ့သို့ ရှင်းသန့်ကြည်လင် ဖြူစင်ဝင်းပ ဩဒါတဂုဏ်တော်၊ လက္ခဏာတော် ကြီးငယ် အသွယ်သွယ်တို့နှင့် ပြည့်စုံကျန ကျက်သရေ မင်္ဂလာရှိလှသည့် သီရိဂုဏ်တော်တို့နှင့် ပြည့်စုံတော်မူသဖြင့် ဖူးမြော်တင့်ဟပ် မြင့်မြတ်ကုံလုံ ဒဿနာ နုတ္တရိယဂုဏ်နှင့် ပြည့်စုံတော်မူသည့် ထူးခြားထင်ပေါ် ဗုဒ္ဓရုပ်ပွားတော် မြတ်များအဖြစ် အပူဇော်ခံတော် မူလျက်ရှိပါသည်။
စေတီတော်ရင်ပြင်တွင် စေတိယပရိဝါရ မဟာဒါန ပါရမီကုသိုလ်တော်အဖြစ် သာသနိက အဆောက်အအုံများကို လှူဒါန်းပူဇော်ထားပါသည်။ ယင်းတို့မှာ
(၁) ငြိမ်းချမ်းရေးတံခွန်တိုင်တော်။ ရင်ပြင်တော်အရှေ့တောင်ထောင့်တွင် စကျင်ကျောက်သား အတိဖြင့် တည်ဆောက်ထားပြီး တံခွန်တိုင်ထိပ်တွင် စတီးရွှေထီးတော်ပါ စေတီတော်ပုံ အထွတ် တင်ကာ ပလ္လင်တော်ထက်တွင် ကဒေါင်းပုံလေးပုံဖြင့် ဝန်းရံပူဇော်ထားပါသည်။ တံခွန်တိုင် အမြင့် ၇၄ ပေ ရှိပါသည်။
(၂) အာရုံခံတန်ဆောင်းသုံးဆောင်။ ရင်ပြင်တော် အနောက်တောင်ဘက်၊ မြောက်ဘက်နှင့် အရှေ့မြောက်ထောင့်တို့တွင် တည်ရှိပါသည်။
(၃) ခေါင်းလောင်းတော်နှစ်လုံး။ အနောက်ဘက်မုခ်ဦး လှေကားထိပ်ရင်ပြင်တော် ဝဲယာတွင် တည်ရှိပါသည်။
(၄) မင်္ဂလာမောင်းတော်။ မြောက်ဘက်မုခ်ဦး လှေကားထိပ် ရင်ပြင်တော်ယာဘက်တွင် တည်ရှိပါသည်။
(၅) နတ်မင်းကြီးလေးပါးနှင့် ကျောက်ထီးတော်။ မြောက်ဘက်မုခ်ဦး လှေကားထိပ်ရင်ပြင်တော် ဝဲဘက်တွင် တည်ရှိပါသည်။
(၆) ရင်ပြင်တော်။ နှစ်ပေပတ်လည်စကျင်ကျောက် ပြားများ ခင်းကျင်းထားပါသည်။
(၇) ရင်ပြင်တော်မဟာရံတံတိုင်း။ တံတိုင်းထက်ရှိ စိန်တောင်များတွင် တိုင်းရင်းသားပေါင်းစုံ တို့၏ ရိုးရာအသုံးအဆောင်ပုံများ၊ မြန်မာ့ဓလေ့ကျေးလက်ပုံများ၊ မြို့ပြပုံစံများ သစ်သီးပေါင်း စုံပုံများ၊ ပန်းမျိုးစုံပုံ၊ ကုန်းကြောင်း - ရေကြောင်း - လေကြောင်းသုံး ယာဉ်များ၊ တောင်သူ လယ်သမားများ၏ လုပ်ငန်းသုံးပစ္စည်း မျိုးစုံပုံများစသည့်ဖြင့် သိမှတ်ဖွယ်ရာ သရုပ်ပြပုံများကို မြန်မာမှုပန်းတော့ ပညာရပ်ဖြင့် ဆန်းသစ်စွာ တည်ဆောက်ထားပါသည်။
(၈) ဝတ္တကမြေမဟာရံတံတိုင်း။ စိန်တောင်များတွင် ပုံမျိုးစုံထည့်သွင်း တည်ဆောက်ထား ပါသည်။
(၉) ထာဝရငြိမ်းချမ်းရေး သာသနာ့ဗိမာန်တော်။ စေတီတော်ပရိဝုဏ် အရှေ့မြောက်ထောင့်တွင် အလျား ၁၅၂ ပေ၊ အနံ ၆၄ ပေ ဧရိယာဖြင့် ခမ်းနား ထည်ဝါစွာ မြန်မာမှုကနုတ်ပန်းများ တပ်ဆင်တည်ဆောက်ထားပါသည်။
(၁၀) မြေယာရှုခင်း။ စေတီတော်ပတ်လည်တွင် သစ်ပင်ပန်းမန်များ၊ မြက်ခင်းအလှများဖြင့် သန့်ရှင်းသပ်ရပ် အေးချမ်းကြည်မွေ့ဖွယ် စိုက်ပျိုးစီမံထားပါသည်။
(၁၁) မုခ်ဦးလှေကားလေးစင်း။ စေတီတော်အထက် မုခ်ဦးလှေကားလေးစင်းကို ထူးခြားဆန်းသစ်စွာဖြင့် စိတ်ဝင်စားဖွယ် တည်ဆောက် ထားပါသည်။
(က) အရှေ့ဘက်မုခ်ဦးတွင် ရွှေဥဒေါင်းမင်းပုံတော်၊
(ခ) တောင်ဘက်မုခ်ဦးတွင် ရွှေဟင်္သာမင်းပုံတော်၊
(ဂ) အနောက်ဘက်မုခ်ဦးတွင် နဂါးမင်းပုံတော်နှင့်
(ဃ) မြောက်ဘက်မုခ်ဦးတွင် ရွှေငုံးမင်း ပုံတော်တို့ကို သွန်းလောင်းစီခြယ်ပူဇော်ထားပါသည်။
ဘုရားလောင်းအတိတ်ဘဝ ဖြစ်စဉ်အချို့ကိုလည်း ဖော်ပြထား
မြန်မာမှု ပန်းတော့ပညာရပ်၏ ထူးချွန်ပြောင်မြောက်သည့် မြန်မာ့လက်ရာမွန်ကို ရှုမြင်နိုင်ရုံ မျှမက ဘုရားအလောင်းတော်၏ အတိတ်ဘဝဖြစ်တော်စဉ် အချို့ကို ရည်ညွှန်းပုံဖော် ပူဇော်ထား သဖြင့် ဘုရားဖူးပြည်သူများ အနေဖြင့် ကုသိုလ်တရားများ တိုးပွားနိုင်ကြမည် ဖြစ်ပါသည်။
မုံရွေး - ဇေတဝန်ဆရာတော်ကြီး ရေးသားတော်မူသည့် “ဖြစ်တော်မူပေါင်းချုပ်လင်္ကာ” တွင် ဘုရားအလောင်းတော် ကျင်လည်ခဲ့ရဖူးသည့် ဘဝမျိုးစုံကို ဖြစ်ခဲ့သည့် အကြိမ်အရေအတွက် နှင့်တကွ ပြဆိုထားပါသည်။ အလောင်းတော်သည် ရွှေဥဒေါင်းမင်း ဘဝသုံးကြိမ်၊ ရွှေဟင်္သာ မင်းဘဝ (၁၀)ကြိမ်၊ နဂါးမင်းဘဝ ခြောက်ကြိမ် နှင့်ရွှေငုံးမင်းဘဝ လေးကြိမ် ဖြစ်ခဲ့ဖူးကြောင်းကို ကျမ်းစုံညှိလျက် ပြဆိုထားသည်ကို တွေ့ရှိရပါသည်။
ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ဖန်တည်ထားသည့် ပုံတော်များနှင့် စပ်လျဉ်း၍ ရွှေပါရမီ တောရဆရာတော်၏ မိန့်ညွှန်ချက်ကို အခြေတည်လျက် ပိဋကတ်တော်လာအတိုင်း အကျဉ်းချုံးကာ ညွှန်ပြလိုပါသည်။
“ဥဒေါင်း-ကာရံ၊ ဟင်္သာ-မာန်ကင်း၊ နဂါးမင်း-သီလ၊ ဦးလှ-သစ္စာ၊ ဂုဏ်လွှာ-ရည်မှန်း စဉ်ငြိမ်းချမ်း” ဟု လင်္ကာ သီအပ်ပါသည်။
(က) ရွှေဥဒေါင်းမင်းပုံတော်၊ မဟာမောရဇာတ်တော်တွင် ဘုရားအလောင်းတော်သည် ဥဒေါင်းငှက်မျိုး၌ ဖြစ်၍ ရွှေရောင်အဆင်းနှင့်ပြည့်စုံကာ အခြားသော ဥဒေါင်းငှက်များထက် သာလွန်ချောမော လှပခံ့ညားလှပါသည်။ အရွယ်ရောက်သည့်အခါ ခွန်အားဗလ စွမ်းရည် သတ္တိနှင့် ပြည့်စုံသဖြင့် “ဥဒေါင်းမင်း” အဖြစ် ရွေးချယ်တင်မြှောက် ခံရပါသည်။ တစ်နေ့တွင် ရွှေဥဒေါင်းမင်းသည် ဘေးရန် ကင်းရှင်းရေးအတွက် အပေါင်းအဖော်များနှင့် ခွဲခွာပြီး ဟိမဝန္တာ တောနက်အတွင်းရှိ လိုဏ်ဂူတစ်ခုတွင် တစ်ဦးတည်းနေထိုင်ပြီး နေထွက်ချိန်တွင် “ဥဒေတယံ” ဂါထာ၊ နေဝင်ချိန်တွင် “အပတယံ” ဂါထာပရိတ်ကို အမြဲမပြတ် ရွတ်ဖတ်ကာ အရံအတား ပြုလျက်အန္တရာယ်ကင်းရှင်းစွာဖြင့် နေထိုင်ခဲ့ပါသည်။
မင်းခုနစ်ဆက်၊ မုဆိုးခုနစ်ဆက်တို့ ဖမ်းဆီးရန် ကြိုးပမ်းခဲ့ကြသော်လည်း ပရိတ်တော်၏ အစွမ်းကြောင့် မဖမ်းဆီးနိုင်ကြချေ။ တစ်နေ့တွင် ဥဒေါင်းငှက်ငယ်မလေး၏ အသံကြောင့် ပရိတ်မရွတ်မိသဖြင့် ညွှတ်ကွင်းမိခဲ့သော်လည်း မုဆိုးအား တရားဟောပြပေးလိုက်ရာ မုဆိုးလည်း ပစ္စေကဗုဒ္ဓါဖြစ်၍ အလောင်းတော် ဥဒေါင်းမင်းသည်လည်း ပရိတ်တော်နှင့် တရားတော်၏ အစွမ်းကြောင့် ညွှတ်ကွင်းမှ လွတ်ကင်းတော်မူခဲ့ပါသည်။ (ဇာ၊ ဋ္ဌ၊ ၄။ ၃၃၃)
ဤဇာတ်တော်အရ အလောင်းတော် ဥဒေါင်းမင်း၏ နေထွက်၊ နေဝင်ချိန်တိုင်း ပရိတ်ရွတ်ဖတ်၍ အရံအတားပြုသည်ကို စံနမူနာထား၍ ဘုရားဖူးပြည်သူများအနေဖြင့် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော် နာယူကြည်ညိုနိုင်စေရန်နှင့် နှောင့်ယှက်ရန်စွယ် အန္တရာယ်ဟူသမျှမှ ကင်းပ အေးချမ်းစေရန် ရည်သန်လျက် စေတီတော် အရှေ့ဘက်လှေကား မုခ်ဦးနှင့် ငြိမ်းချမ်းရေး တံခွန်တိုင်တော်တို့တွင် ရွှေဥဒေါင်းမင်း ပုံတော်များကို ဖန်တည်ပူဇော်ထားခြင်း ဖြစ်ပါသည်။
(ခ) ရွှေဟင်္သာမင်းပုံတော်။ ဇဝနဟံသဇာတ်တော်တွင် ဘုရားအလောင်းတော်သည် ဇဝနဟင်္သာ မင်းဖြစ်၍ စိတ္တကူဋတောင်၌ ဟင်္သာကိုးသောင်းခြံရံ၍ နေထိုင် လျက်ရှိပါသည်။ တစ်နေ့တွင် ဟင်္သာအပေါင်း ခြံရံလိုက်ပါလျက်အစာရှာပြီး ဗာရာဏသီမြို့ပေါ်မှဖြတ်၍ ပျံသန်းလာစဉ် ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်းနှင့် မိတ်ဆွေများ ဖြစ်ခဲ့ကြပါသည်။
အလောင်းတော်၏ ညီငယ်ဟင်္သာနှစ်ဦးတို့နေနှင့် အပြိုင်ပျံသန်းကြစဉ် ခြေကုန်လက်ပန်း ကျနေသည့် ညီငယ်နှစ်ဦးကို အလောင်းတော် ရွှေဟင်္သာမင်းကိုယ်တိုင် အချိန်မီသွားရောက် ကယ်တင်ပေးခဲ့ရပါသည်။ ထို့နောက် အလောင်းတော်သည် မိတ်ဆွေဖြစ်သူ ဗြဟ္မဒတ်မင်းထံ သွားရောက်လည်ပတ်စဉ် ဗြဟ္မဒတ်မင်း၏ တောင်းဆိုချက်အရ မိမိ၏လျင်မြန်စွာ ပျံသန်းနိုင် သည့် စွမ်းရည်ကို မင်းပရိသတ်ရှေ့မှောက်တွင် အံ့ဩဖွယ်ပျံသန်းပြခဲ့ပါသည်။ အလောင်းတော် ရွှေဟင်္သာမင်း၏ အလွန်လျင်မြန်လှသည့် ပျံသန်းမှုစွမ်းရည်ကို တအံ့တဩေးမော ကြည့်ရှုနေ သည့် ဗြဟ္မဒတ်မင်းကြီးအား အလောင်းတော်က “လောကတွင် လျင်မြန်သမျှ အရာအားလုံး ထက် အဆပေါင်း ရာထောင်သိန်းသန်းမက ပိုမိုလျင်မြန်သည့်အရာမှာ သေခြင်းတရား ဖြစ်ကြောင်း၊ သေခြင်းတရားရောက်မလာမီ ဒါနစသော ကုသိုလ်ကောင်းမှုများကို ကြိုတင်၍ အမြဲမပြတ် ပြုကျင့်ဆည်းပူးသင့်ကြောင်းနှင့် ယင်းသို့ပြုကျင့်ဆည်းပူးနိုင်မှသာ ကောင်းကျိုး ချမ်းသာများ ရရှိခံစားနိုင်မည်ဖြစ်ကြောင်း” လမ်းညွှန်ဟောပြဆုံးမပေးခဲ့ပါသည်။ (သံ၊ ဋ္ဌ၊ ၂။ ၂၀၇)(ဇာ၊ ဋ္ဌ၊ ၄။ ၂၁၂)
ဤဇာတ်တော်အရ နေမင်းနှင့်အတူ ပျံသန်းနိုင်စွမ်းရှိသည့် အလောင်းတော် ဇဝနဟင်္သာမင်း၏ အလွန်လျင်မြန်လှသည့် အဟုန်ထက် အဆပေါင်း သိန်းသန်းမက ပိုမိုလျင်မြန်လွန်းလှသည့် သေခြင်းတရားကို အာရုံပြုဆင်ခြင်၍ ဘုရားဖူးပြည်သူများအနေဖြင့် မရဏာနုဿတိဘာဝနာ ကို အမြဲမပြတ် ဆင်ခြင်ပွားများကာ မာန်မာနများ ပယ်ခွာကြလျက် မအိုမီမနာမီ မသေမီကာလ ယခုအချိန်မှစ၍ ဒါနစသော ကုသိုလ်ကောင်းမှုများကို ကြိုကြိုတင်တင်ဖြင့် မမေ့မလျော့ပြုကျင့် ဆည်းပူးနိုင်ကြစေရန် ရည်သန်၍ တောင်ဘက် လှေကားမုခ်ဦးတွင် ရွှေဟင်္သာမင်းပုံတော်များကို ဖန်တည်ပူဇော်ထားခြင်း ဖြစ်ပါသည်။
(ဂ) နဂါးမင်းပုံတော်။ ဘူရိဒတ်ဇာတ်တော်တွင် ဗာရာဏသီမင်း၏ သားတော်ဗြဟ္မဒတ် မင်းသားသည် နဂါးမနှင့်ညား၍ သားတော် သာဂရဒတ္တနှင့် သမီးတော်သမုဒ္ဒဇာ တို့ကို ဖွားမြင်ခဲ့ပါသည်။ ဖခင် ဗာရာဏသီမင်း နတ်ရွာစံသွားသောအခါ သားတော် ဗြဟ္မဒတ်မင်းသည် ဗာရာဏသီမင်း အဖြစ်သို့ ရောက်ရှိခဲ့ပြီး သမီးတော် သမုဒ္ဒဇာကို ဓတရဋ္ဌနဂါးမင်းနှင့် လက်ထပ်ပေးခဲ့ရာ သုဒဿန၊ ဒတ္တ၊ သုဘောဂ၊ အရိဋ္ဌ ဟူသောနဂါးသားတော်လေးဦး ဖွားမြင်ခဲ့ပါသည်။
ခမည်းတော် ဓတရဋ္ဌနဂါးမင်းကြီးက နဂါးသားတော် လေးဦးတို့အား ယူဇနာတစ်ရာစီ နယ်မြေပိုင်းခြား၍ အခြွေအရံများနှင့်တကွ မင်းအဖြစ်ကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ သားတော် လေးဦးတို့တွင် ဘုရားအလောင်းတော် ဒတ္တန ဂါးမင်းသည် နဂါးပြည်၌ ဖြစ်ပေါ်သမျှသော ပြဿနာများကို ဖြေရှင်းပေးနိုင်ရုံမျှမက ဝိရူပက္ခနဂါးမင်းထံတွင် လည်းကောင်း၊ သိကြားမင်းထံ တွင်လည်းကောင်း ဖခင်နဂါးမင်းနှင့်အတူ လိုက်ပါသွားစဉ် အများမဖြေရှင်းနိုင်သည့် ပြဿနာမျိုးစုံကို ပြေလည်အောင် ဖြေရှင်းပေးနိုင်ပါသည်။ ထိုအချိန်မှစ၍ အလောင်းတော်သည် မဟာပထဝီ မြေကြီးပမာ ကြီးကျယ်ပြန့်ပြောသည့် ဉာဏ်ပညာနှင့် ပြည့်စုံသည့်အတွက် “ဘူရိဒတ္တ” ဟူသောအမည်ကို ရရှိခဲ့ပါသည်။
အလောင်းတော် ဘူရိဒတ်နဂါးမင်းသည် လူ့ပြည်သို့လာရောက်၍ အရေ, အကြော, အရိုး, အသွေး တို့ကို စွန့်လွှတ်နိုင်သည့် အင်္ဂါလေးပါးနှင့် ပြည့်စုံသော ဥပုသ်သီလကို စောင့်ထိန်းခဲ့ပါသည်။ အလောင်းတော် ဥပုသ်သီလစောင့်ထိန်းနေစဉ် မြွေအလမ္ပာယ် ဆရာတစ်ဦး၏ ဖမ်းဆီးခြင်း ကိုခံရပြီး မြို့ရွာဇနပုဒ်များသို့ လှည့်လည်ကပြ ဖြေဖျော်ပေးခဲ့ရပါသည်။ အလောင်းတော်သည် ဥပုသ်သီလကို မြဲမြံစွာစောင့်ထိန်းထားသဖြင့် မျက်စောင်းထိုးလိုက်လျှင် အရာအားလုံး ပြာကျသွားနိုင်သည့် နဂါးတို့၏ ဒေါသ၊ မျက်စောင်းဖြင့် မကြည့်မိအောင် မျက်စေ့မှိတ်၍ ဥပုသ်သီလ မပျက်စေရေးအတွက် စောင့်ထိန်းသည်းခံနိုင်ခဲ့ပါသည်။ အလောင်းတော်၏ သီလပါရမီနှင့် ခန္တီပါရမီဖြည့်ကျင့်နိုင်မှုကား အံ့မခန်းကြည်ညိုဖွယ် ကောင်းလှပါသည်။
အလောင်းတော် ဘူရိဒတ်နဂါးမင်းသည် အလမ္ပာယ် ဆရာစေခိုင်းသည့်အတိုင်း အနယ်နယ်အရပ်ရပ်တွင် ကပြဖြေဖျော်ပေးခဲ့ရာ မင်းရင်ပြင် အထိ ရောက်ရှိလာခဲ့ပါသည်။ အစ်ကိုဖြစ်သူ သုဒဿန နဂါးမင်းသည် နှမဖြစ်သူ အဇမုခီနဂါးမနှင့်အတူ ရသေ့အသွင်ဖြင့် လူ့ပြည်သို့ လိုက်လာပြီး အဆင့်ဆင့်စုံစမ်းကာ မင်းရင်ပြင်အထိ လာရောက်ကယ်ဆယ်၍ မင်းကြီးအား အကြောင်းစုံ ရှင်းပြပြီးနောက် ညီဖြစ်သူ အလောင်းတော်ကို ပြန်လည်ခေါ်ဆောင်သွားသဖြင့် ဘူရိဒတ်နဂါးမင်းသည် နဂါးပြည်သို့ ပြန်လည် ရောက်ရှိသွားပါသည်။ (စရိယာ၊ ဋ္ဌ။ ၁၁၆) (ဇာ၊ ဋ္ဌ၊ ၇။ ၁)
ဤဇာတ်တော်အရ အလောင်းတော် ဘူရိဒတ်နဂါးမင်းသည် မြဲမြံစွာ ဆောက်တည်ကျင့်သုံး လျက်ရှိသည့် ဥပုသ်သီလကို မကျိုးမပေါက် မပျက်မစီးအောင် စောင့်ထိန်းကာ အမျက်ဒေါသ ဖြစ်ပေါ်မလာအောင် ချုပ်တည်းသည်းခံပြီး ပါရမီမြောက်အောင် ဖြည့်ကျင့်ဆည်းပူး နိုင်ခဲ့ပါသည်။
ဘုရားဖူးပြည်သူများအနေဖြင့် အလောင်းတော်ဘူရိဒတ်နဂါးမင်း၏ သီလဂုဏ်နှင့် ခန္တီဂုဏ်တို့ကို အာရုံမှန်း၍ သီလကိုလုံခြုံစွာ စောင့်ထိန်း နိုင်ကြစေရန်နှင့် အရာရာကိုသည်းခံနိုင်မှု ခန္တီတရားလက်ကိုင်ထား ကျင့်သုံးနိုင်ကြစေရန် ရည်သန်လျက် အနောက်ဘက် လှေကားမုခ်ဦး တွင် နဂါးမင်းပုံတော်ကို ဖန်တည် ပူဇော်ထားခြင်း ဖြစ်ပါသည်။
(ဃ) ရွှေငုံးမင်းပုံတော်။ ဝဋဇာတ်တော်တွင် ဘုရားအလောင်းတော်သည် မဂဓတိုင်းရှိ တောအုပ် တစ်ခုတွင် ဥခွံမှ ပေါက်ဖွားပြီးစကာလ ငုံးပေါက်ငယ်လေး ဖြစ်ခဲ့ပါသည်။ ထိုအချိန်တွင် တောမီးများ လောင်ကျွမ်းလာသဖြင့် မိဘနှစ်ဦးတို့က စွန့်ခွာထွက်ပြေးသွားကြပါသည်။
စွန့်ပစ်ခံ ဖွားသစ်စ ငုံးပေါက်ငယ် အလောင်းတော်လေးသည် တောမီးကြီး လောင်ကျွမ်းနေခိုက် မှာပင် သီလ နှင့် သစ္စာ တရားတို့ကို ဆင်ခြင်ပါသည်။ ပွင့်တော်မူပြီးသည့် ရှေးဘုရားရှင်တို့၏ ဂုဏ်တော်များကို အာရုံပြု၍သစ္စာဆိုလိုက်ပါသည်။
“ငါ့မှာ တောင်ပံများရှိသော်လည်း မပျံသန်းနိုင်သေးပါ။ ခြေထောက်များ ရှိသော်လည်း မလျှောက်လှမ်းနိုင်သေးပါ။ ငါ၏မိဘများက ငါ့ကိုစွန့်ခွာသွားကြပြီ။ ဤမှန်သော သစ္စာစကား ကြောင့် ယခုလောင်မြိုက် လျက်ရှိသော တောမီးကြီးသည် ဤနေရာမှ ဝေးရာသို့ ရှောင်ကွင်း သွားပါစေသတည်း”
အလောင်းတော်က ဤသို့သစ္စာဆိုလိုက်သည်နှင့် တစ်ပြိုင်နက် တဟုန်းဟုန်းတောက်လောင်လျက်ရှိသည့် တောမီးကြီးသည် အလောင်းတော်လေး၏ အသိုက်ရှိရာနေရာကို ရှောင်ကွင်းသွားပါတော့သည်။(စရိယာ၊ ဋ္ဌ။ ၂၅၅) (ဇာ၊ ဋ္ဌ၊ ၁။ ၂၈)
ဤဇာတ်တော်အရ အလောင်းတော်ရွှေငုံးမင်း၏ သစ္စာအစွမ်းကြောင့် မီးဘေးမှ ကင်းဝေးရသည်ကို စံနမူနာယူ၍ ဘုရားဖူးပြည်သူများအနေဖြင့် သစ္စာတရားကို မြတ်နိုးတန်ဖိုးထားပြီး ဖြောင့်မတ်တည်ကြည်ကြစေရန်နှင့် အပူဘေးမှ ကင်းဝေးနိုင်ကြစေရန် ရည်သန်လျက် မြောက်ဘက် လှေကားမုခ်ဦးတွင် ရွှေငုံးမင်းပုံတော်များကို ဖန်တည်ပူဇော်ထားခြင်းဖြစ်ပါသည်။
ဖော်ပြပါဇာတ်တော်များကို သာဓကဆောင်၍ အတိတ်ဘဝများစွာက ဘုရားအလောင်းတော် ဖြည့်ကျင့်ဆည်းပူးခဲ့သော ကုသိုလ်တော် ပါရမီများကို အာရုံပြုကာ ထာဝရငြိမ်းချမ်းရေး စေတီတော် တည်ဆောက်ရာတွင်ဘုရားအလောင်းတော် ကျင်လည်ခဲ့ဖူးပြီး ဖြစ်တော်စဉ် ဘဝများတွင် ပါဝင်သည့် ရွှေဥဒေါင်းမင်း၊ ရွှေဟင်္သာမင်း၊ နဂါးမင်းနှင့် ရွှေငုံးမင်းပုံတော်တို့ကို မြန်မာမှုအနုလက်ရာ ပန်းတော့ပညာ၊ ပန်းတမော့ပညာ၊ ပန်းချီပညာရပ်များဖြင့် အနုစိတ် စီသွင်းထုဆစ်ခြယ်မှုန်းလျက် ဖန်တည်ပူဇော်ထားခြင်းဖြစ်ရာ ကြည်ညို သဒ္ဓါဖြစ်ပွားနိုင်ကြ စေရန်အလို့ငှာ ပိဋကတ်တော်လာ ကျမ်းဂန်တော်များမှ ထုတ်နုတ်တင်ပြလိုက်ရပါသည်။
နေပြည်တော် ထာဝရငြိမ်းချမ်းရေးစေတီတော်သို့ လာရောက်ဖူးမြော်သူများအားလုံး ယောနိသောမနသိကာရ အရင်းခံသည့် ကုသိုလ်တော် ပါရမီများကို စွမ်းအားရှိသလောက် ဖြည့်ကျင့်ဆည်းပူးနိုင်ကြပြီး ဆည်းပူးခဲ့သည့် ကုသိုလ်တော်ပါရမီစွမ်းအားများကြောင့်
ပရိတ်ရွတ်ကာ ဘေးရန်ကွာချမ်းသာကြပါစေ၊
သေမှုဆင်ခြင် မသေခင် ကြိုတင်ကုသိုလ်ပြုနိုင်စေ၊
သီလဆောက်တည် ကောင်းကျိုးရည် ခန္တီကျင့်သုံးသည်းခံလေ၊
သစ္စာဆိုသူဖြောင့်မှန်မူ ရန်သူမီးဘေး ကင်းနိုင်စေ၊
သဒ္ဓါစိတ်တူ မြန်ပြည်သူ နိဗ္ဗူကိန်းလို့ ငြိမ်းချမ်းစေ
ဟုဆုမွန်ပတ္ထနာ ခြွေလျက်ထူးကဲဂုဏ်မို ကြည်ညိုစဖွယ် တင့်တယ်သပ္ပာယ်တော်မူလှသည့် ထာဝရငြိမ်းချမ်းရေး စေတီတော်အား ရိုသေမြတ်နိုး ရှိခိုးနှစ်ခြိုက် ဦးခိုက်ကော်ရော် ပူဇော်အပ်ပါသတည်း။
ဦးသူရ၊ ကျော်လေးကျော်(သာသနာရေး)