Skip to main content

အဏ္ဏဝါနှင့် ပလတ်စတစ်အမှိုက်သရိုက်များ

ရေထုထဲမှ ပလတ်စတစ်အမှိုက်များ

လွန်ခဲ့သော ဆယ်စုနှစ်ကာလများအတွင်း ပလတ်စတစ်ထုတ်လုပ်ခြင်းနှင့် အသုံးပြု ခြင်းသည် ကုန်ကျစရိတ်နှင့် အကျိုးအမြတ် သဘောသဘာဝ တွက်ချက်မှုများ ကြောင့် သိသာစွာ တိုးတက် လာခဲ့ပြီး ကုန်းမြေနှင့် ရေနေဂေဟစနစ်များတွင် ပြန်လည် အသုံး မပြုထားသော စွန့်ပစ်ပစ္စည်း အမှိုက်သရိုက်များအဖြစ် ကမ္ဘာနှင့်အဝန်း တွေ့ရှိနေရသည်။

အရွယ်အစား ၅ မီလီမီတာအောက် သေးငယ်သော မိုက်ခရို ပလတ်စတစ်များ သည် အဏ္ဏဝါရေထုထဲတွင် စွန့်ပစ်ခြင်းမှ တစ်ဆင့် နှစ်စဉ် တန်ချိန်များစွာ ရောက်ရှိ နေပြီး ပင်လယ်ထဲရှိ ရေနေသတ္တဝါများဖြစ် သော သန္တာကျောက်တန်းများ၊ သက်ရှိ မျှောလှေးဟု ခေါ်ဝေါ်သည့် ရေနေသတ္တဝါများ၊ အစာစားသောက်ပုံ ဆင့်ကဲဖြစ်စဉ်၏ အဓိက အရေးပါသော အလွန်သေးငယ်သည့် အပင် ငယ်များမှသည် ကျောရိုးမဲ့ သတ္တဝါများ၊ ရေငန်ငါးများနှင့် ရေနေ နို့တိုက်သတ္တဝါများ ဖြစ်သည့် ဝေလငါး၊ ဖျံ၊ ရေဝက်၊ အဏ္ဏဝါ ဂေဟစနစ်ကို ဟန်ချက် ထိန်းညှိပေးသည့် ပင်လယ်လိပ်များနှင့် အဏ္ဏဝါဂေဟစနစ်၏ ကောင်းမွန်သော ဇီဝညွှန်ကိန်းများဖြစ်သော ပင်လယ်ပျော်ငှက်များ၏ ကိုယ်အတွင်းသို့ အခြားအစားအစာများနှင့် ရောနှော၍သော် လည်းကောင်း၊ အစာဟုထင်မှတ်ပြီး စားမိ ခြင်းဖြင့်လည်းကောင်း ဝင်ရောက်သွားခြင်း ကြောင့် ပလတ်စတစ်များသည် နောက်ဆုံး တွင် လူအပါအဝင် သက်ရှိလောက၏ အစာ ကွင်းဆက်(အစာစားသောက်ပုံဆင့်ကဲဖြစ်စဉ်) အတွင်းသို့ ပြောင်းရွှေ့ဝင်ရောက် နေရာယူလျက် ရှိနေသည်။

ပလတ်စတစ်များသည် အဏ္ဏဝါသက်ရှိ များအား ကြီးမားသောခြိမ်းခြောက်မှု ဖြစ်စေ သည့်အပြင် အဏ္ဏဝါရေပြင်နှင့် ရေအောက် ကြမ်းပြင်များ၏ ဂေဟစနစ်များကို ညစ်ညမ်း မှုများ ဖြစ်စေတတ်သည်။ ထို့ကြောင့် အဏ္ဏဝါ သမုဒ္ဒရာအတွင်း ပလတ်စတစ်များကြောင့် ညစ်ညမ်းမှု ဖြစ်ပေါ်နေခြင်းသည် အဓိကအား ဖြင့် ပြည့်စုံကောင်းမွန်သော အဏ္ဏဝါ ဂေဟ စနစ်ကြီးတစ်ခုလုံး အချိတ်အဆက်မိမိ၊ ရေရှည် တည်တံ့စွာ ပိုင်ဆိုင်နိုင်ရေး စိုးရိမ်ပူပန်မှုတစ်ခု အဖြစ် လက်ရှိတွင် ကမ္ဘာတစ်ဝန်း ရင်ဆိုင်နေကြရသည်။

ရေထုညစ်ညမ်းမှု အကြောင်းရင်းများ

ကုန်းမြေနှင့် အဏ္ဏဝါ သမုဒ္ဒရာများ၏ ဂေဟစနစ်များအတွင်းသို့ ပလတ်စတစ် အပိုင်းအစများ ရောက်ရှိလာရခြင်း၏ အဓိက အကြောင်းရင်းများမှာ တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း လူတို့၏ ဆောင်ရွက်မှုအမျိုးမျိုး ကြောင့်ဖြစ်ပြီး အထူးသဖြင့် မြစ်၊ ချောင်း၊ အင်းအိုင်နှင့် ပင်လယ်သမုဒ္ဒရာထဲသို့ နေရာယူ ရောက်ရှိလာရခြင်းမှာ ပြည်တွင်း စွန့်ပစ်ပစ္စည်းများဖြစ်သည့် စားသုံးကုန်နှင့် အလှကုန် ပစ္စည်းများ၏ ထုတ်ကုန်များကြောင့် ပင်ဖြစ်သည်။ ထို့အပြင် ငါးဖမ်းဆီးခြင်း၊ ငါးမွေးမြူခြင်းနှင့် ကမ်းရိုးတန်းအခြေပြု လုပ်ငန်းများသည်လည်း အဏ္ဏဝါဂေဟစနစ် တွင် ညစ်ညမ်းမှုများ ဖြစ်ပေါ်စေသော အရင်းအမြစ်များဖြစ်ပြီး ပင်လယ်ရေမျက်နှာ ပြင်မှသည် ရေထုအနက် မီတာအလွှာများ ကိုဖြတ်၍ ရေအောက်ကြမ်းပြင်သို့ အနည်ထိုင် ရောက်ရှိပြီး ရေနေသတ္တဝါများ၏ အဓိက အစာကွင်းဆက်အတွက် အရေးပါသည့် ရေပြင် အောက်ခြေ ကြမ်းပြင်များ တွင် နေထိုင်သည့် သတ္တဝါများ၏ ကိုယ်တွင်းသို့ အလွန်သေးငယ်သည့် မိုက်ခရိုအမျှင်များ အဖြစ် ဝင်ရောက်နေ သည်ကိုလည်း လက်ရှိသုတေသနပြုလုပ်ချက်များအရ တွေ့ရှိနေရ သဖြင့် အဆင့်ဆင့် အစာ စားသောက်သည့် ဆင့်ကဲဖြစ်စဉ်များကြောင့် ငါးများ၏ အစာလမ်းကြောင်းအတွင်း ပလတ်စတစ်များ ရောက်ရှိနေခြင်းမှသည် ငါးများကို စားသုံး သည့် အခြားသက်ရှိသတ္တဝါများ၏ အာဟာရ ဖြစ်စဉ်သို့ ရောက်ရှိနေသည်မှာ အခြားအငြင်း ပွားဖွယ် မရှိကြောင်း သက်သေပြလျက် ရှိသည်။

ကမ္ဘာတစ်ဝန်း၌ လက်ရှိ သုတေသနပြု လေ့လာဆန်းစစ်ချက်များအရ လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ခန့်မှစ၍ ကမ္ဘာတစ်ဝန်း ထုတ် လုပ်သော ပလတ်စတစ် မက်ထရစ်တန်ချိန် ၈ ဒသမ ၃ ဘီလီယံအနက် ၆ ဒသမ ၃ ဘီလီယံ မှာ(တစ်ဘီလီယံတန်= ၁၀၀၀၀၀၀၀၀၀ တန်) စွန့်ပစ်အမှိုက် များအဖြစ် ကျန်ရှိနေခြင်းကို ကြည့်ခြင်းအားဖြင့် ထုတ်လုပ်မှု၏ ၉ ရာခိုင် နှုန်းခန့်ကိုသာ ပြန်လည်အသုံးချရန် ပြုလုပ် နိုင်ပြီး ကျန်ရှိသော ၉၁ ရာခိုင်နှုန်း၏ အများစု မှာ ပင်လယ်သမုဒ္ဒရာများထဲသို့ အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိပြီး အချိန်ကြာ လာသည်နှင့်အမျှ ပင်လယ်ရေအောက်ကြမ်း ပြင်သို့ ရောက်ရှိကာ အဏ္ဏဝါညစ်ညမ်းမှုမှ တစ်ဆင့် ရေနေသတ္တဝါများ၏ ကိုယ်တွင်းသို့ ရောက်ရှိပြီး အဆိုပါ ရေနေသတ္တဝါများကို လူများက စားသုံးခြင်းဖြင့် လူသားများ၏ ကျန်းမာရေးကို ထိခိုက်လာနိုင်သည်ဟူသော လူထု၏ အာရုံစူးစိုက်မှု တဖြည်းဖြည်း များပြား လာသည်မှာ အားလုံးအသိပင် ဖြစ်သော် လည်း တိကျခိုင်မာသည့် သုတေသနရလဒ် များ ပိုမိုထွက်ပေါ်လာရန် လိုအပ်လျက် ရှိနေပါသေးသည်။

အရှေ့တောင်အာရှရှိ နိုင်ငံများ၏ သုတေသနပြုလုပ်ထားချက်များအရ ငါးများ၏ အစာ အိမ်အတွင်း ပလတ်စတစ် ပါဝင်မှုများမှာ ထိုင်း ပင်လယ်ကွေ့အတွင်း ဖမ်းဆီးရမိသော ငါးများ၏ ၆၇ ရာခိုင်နှုန်းတွင် တွေ့ရှိရသည်။ ကယုကမာနှင့် အခြားသော ကျောရိုးမဲ့ သတ္တဝါများ တွင်လည်းကောင်း၊ အင်ဒိုနီးရှား ရေပြင်ရှိ ငါးနီတူငါး(Anchovy) များ၏ ၈၉ ရာခိုင်နှုန်းတွင်လည်းကောင်း တွေ့ရှိရသည်။ ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum)၏ ထုတ်ပြန်ချက်အရ ပင်လယ် အတွင်းသို့ ပလတ်စတစ်များ နှစ်စဉ် တန်ချိန် ရှစ်သန်းခန့် စီးဆင်းဝင်ရောက်နေခြင်းမှာ တစ်မိနစ်လျှင် အမှိုက်ထရပ်ကားတစ်စီးနှုန်း နှင့် ညီမျှနေကြောင်း၊ ထိန်းသိမ်းခြင်းမရှိဘဲ ယခုကဲ့သို့ ဆက်လက် ဝင်ရောက်နေပါက ၂၀၃၀ ပြည့်နှစ်တွင် တစ်မိနစ်လျှင် အမှိုက် ထရပ်ကားနှစ်စီးနှင့် ၂၀၅၀ ပြည့်နှစ်တွင် တစ်မိနစ်လျှင် အမှိုက်ထရပ်ကား လေးစီးနှုန်း ရှိသော ပလတ်စတစ်များ ရောက်ရှိနိုင်မည်ဖြစ် ကြောင်းနှင့် ပင်လယ်အတွင်း ငါးသယံဇာတ တည်ရှိမှုနှင့် ပလပ်စတစ်တည်ရှိမှု အချိုး အဆမှာ ၂၀၂၅ ခုနှစ်တွင် ငါး (သုံး)တန်လျှင် ပလတ်စတစ်တစ်တန်နှင့် ၂၀၅၀ ဝန်းကျင် တွင်မူ ပင်လယ်အတွင်း ငါးတန်ချိန်ထက် ပလတ်စတစ်တန်ချိန်က ပိုမိုများပြားစွာ တည်ရှိနိုင်ကြောင်း တွက်ချက်ဖော်ပြထား သည်ကို တွေ့ရှိရသည်။

ထိန်းသိမ်းရေး အစီအမံများ

ထိန်းသိမ်းရေး အစီအမံများအဖြစ် ဆောင်ရွက်လျက်ရှိကြရာတွင် ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များ တက်ရောက်ပြီး နှစ်စဉ် ကျင်းပမြဲဖြစ်သော "ကျွန်ုပ်တို့၏ ပင်လယ် သမုဒ္ဒရာ ညီလာခံ"(Our Ocean Conference) တွင် ပင်လယ်ပြင်ညစ်ညမ်းမှုကို ကာကွယ် ခြင်းဆိုင်ရာ ကတိကဝတ် များအား နိုင်ငံများစွာနှင့် အဖွဲ့အစည်းများက တက်ရောက် ကြေညာခဲ့ကြပြီး ဆောင်ရွက် လျက်ရှိသည်။ ဒေသတွင်းနိုင်ငံများ အနေဖြင့်လည်း အရှေ့ တောင်အာရှနိုင်ငံများ၏ ဒေသတွင်း အဖွဲ့ အစည်းတစ်ခုဖြစ်သည့် အရှေ့တောင်အာရှ ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန (Southeast Asia Fisheries Development Center-SEAFDEC)က ဦးဆောင်ပြီး အရှေ့ တောင်အာရှရှိ ပင်လယ်ရေပြင်များအတွင်း အမှိုက်သရိုက်များကို စောင့်ကြည့်ခြင်းနှင့် လျှော့ချခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် စွမ်းဆောင်ရည်တည်ဆောက်ခြင်းလုပ်ငန်းများကို ဒေသဆိုင်ရာနိုင်ငံများအလိုက် ပူးပေါင်းဆောင်ရွက်ရန် ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သည်။

မြန်မာနိုင်ငံမှ သုတေသနပြုချက်

မြန်မာနိုင်ငံအနေဖြင့်လည်း မြန်မာ့ ပင်လယ်ရေပြင်အတွင်း ပထမဆုံး ဆောင် ရွက်ခဲ့သည့် ပလတ်စတစ်ပါဝင်မှု တိုင်းတာ သည့် သုတေသန လုပ်ငန်းကို နော်ဝေနိုင်ငံ၏ သုတေသနရေယာဉ် Dr.Fridtjof Nansen ဖြင့် နော်ဝေနိုင်ငံ Institute of Marine Re- search မှ ပညာရှင်များနှင့်အတူ ပြည်တွင်း အနေဖြင့် ငါးလုပ်ငန်းဦးစီးဌာန၊ မော်လမြိုင်၊ မြိတ်၊ ပုသိမ်နှင့် ရန်ကုန်တက္ကသိုလ်ရှိ အဏ္ဏဝါသိပ္ပံဌာနနှင့် ရေတပ် ပင်မတိုင်းတာ ရေးတပ်မှ ပညာရှင်များက ၂၀၁၈ ခုနှစ် ဩဂုတ်လမှ စက်တင်ဘာလအတွင်း သုတေသနပြု ဆောင်ရွက်ခဲ့ရာ ပျမ်းမျှအားဖြင့် တစ်စတုရန်းကီလိုမီတာ ရေပြင်အကျယ် အဝန်းတွင် တွေ့ရှိရသော မိုက်ခရိုပလတ် စတစ် အပိုင်းအစများ ပါဝင်မှုအရေအတွက် (1MPs/Km2)မှာ ရခိုင်ကမ်းရိုးတန်းတွင် အပိုင်း အစ ၂၂၀၀၀၊ ဧရာဝတီ ကမ်းရိုးတန်းတွင် အပိုင်းအစ ၈၀၀၀ နှင့် တနင်္သာရီကမ်းရိုးတန်း ရေပြင်တွင် အပိုင်းအစ ၂၇၀၀၀ ကို တွေ့ရှိ ခဲ့ပြီး မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးတစ်ခု ဖြစ်သည့် ဧရာဝတီမြစ်အတွင်းသို့ တစ်နှစ် လျှင် ပလတ်စတစ်တန်ချိန် ၁၁၉ တန်ခန့် ဝင်ရောက်နေကြောင်း FFI & Thant Myan-mar တို့က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနနှင့် ပူးပေါင်းပြီး သုတေသနပြုလုပ် တွေ့ရှိချက် များကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၉ ရက် ထုတ်ပြန်ချက်အရ သိရှိရသည်။

အခြားမြစ်များအတွင်းသို့ မည်ရွေ့မည်မျှ ပလတ်စတစ်တန်ချိန်များ ဝင်‌ရောက်ထားပြီး ထိုမြစ်ကြောင်းများမှတစ်ဆင့် မြန်မာ့ ပင်လယ် ရေပြင်နှင့် ရေအောက်ကြမ်းပြင်များသို့ မည်မျှ အတိုင်းအတာအထိ ပလတ်စတစ်အမှိုက်များ ပျော်ဝင်ရောက်ရှိနေပြီလဲ စသည်ကို ဆက်စပ် တွေးတော သိရှိနိုင်ပေမည်။

မြန်မာနိုင်ငံအနေဖြင့်လည်း သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဦးဆောင်ပြီး မြန်မာနိုင်ငံ၏ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်(၂၀၁၇-၂၀၃၀)ကို ချမှတ်၍ ရေးဆွဲဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံအတွက်သာမက ကမ္ဘာ တစ်ဝန်း အဏ္ဏဝါသမုဒ္ဒရာအတွင်း အမှိုက် သရိုက်များ တွေ့ရှိနေမှုသည် သဘာဝပတ် ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုတစ်ခုဖြစ်ပြီး ပလတ်စတစ်များကို သမုဒ္ဒရာထဲသို့ စွန့်ပစ်ခြင်းများကို ဖယ်ရှားပစ်ရန် ရေရှည်ရည်မှန်း ချက်ကို ကမ္ဘာလုံးဆိုင်ရာ ညီလာခံကြီးများတွင် သဘောတူထားကြသော်လည်း သုတေ သနပြု ခန့်မှန်းချက်များအရ အဏ္ဏဝါ ရေထု အတွင်း ပလတ်စတစ် ပါဝင်နေမှုများမှာ လျင်မြန်စွာ မြင့်တက်လျက်ရှိသည်။

အဏ္ဏဝါညစ်ညမ်းမှုကို လျှော့ချရန်

ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲ သော ဖွံ့ဖြိုးရေးရည်မှန်းချက် Sustainable Development Goal-14 အရ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းများ အနေဖြင့် မြေယာအခြေခံ လုပ်ဆောင်မှုများမှ အဏ္ဏဝါညစ်ညမ်းမှုကို ကာကွယ်ရန်နှင့် သိသိ သာသာ လျှော့ချရန် ကာလတို/ ကာလရှည် စီမံကိန်းများချမှတ်ပြီး ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကိုကာကွယ်ခြင်းနှင့် စီမံခန့်ခွဲ ခြင်း၊ စွမ်းဆောင်ရည် တည်ဆောက်ခြင်းနှင့် အဏ္ဏဝါ အမှိုက်သရိုက်များကို ကာကွယ်ရန် မူဘောင်သစ်များကို အရေးတကြီး လိုအပ်ပါ သည်။ စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြု၍ တီထွင်မှုအသစ်ဖြစ်သော စီးပွားရေး တံခါးကို ဖွင့်လှစ်နိုင်မည်ဆိုပါက ကြီးမား သည့် အခွင့်အလမ်းတစ်ရပ်ကို ရရှိနိုင်မည် ဖြစ်သည်။

သို့ဖြစ်၍ အဏ္ဏဝါဂေဟစနစ်ကို မထိခိုက် စေသော စီးပွားရေးစီမံခန့်ခွဲမှု အစီအမံများ ကို အခြေခံသည့် အဏ္ဏဝါဆိုင်ရာ စီမံခန့်ခွဲမှုမှ တစ်ဆင့် အဓိကကျသော မူဝါဒများကို လေ့လာ ဆန်းစစ်ပြီး ပေါင်းစည်းအား၊ ဝိရောဓိများကို ဖော်ထုတ်၍ ဆောင်ရွက်သွားကြရန်၊ စီးပွား ရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုများနှင့် သက်ဆိုင်သော ကဏ္ဍ အသီးသီး၏ မူဝါဒများ အချင်းချင်း သဟဇာတ ဖြစ်စေရေး လုပ်ဆောင်သွားကြရန်၊ အား ကောင်းသော စေ့စပ်ညှိနှိုင်းမှုသည် အဓိက ကျသောကြောင့် သက်ဆိုင်ရာ ဒေသတွင်း နိုင်ငံများအလိုက်၊ အဖွဲ့အစည်းများအလိုက် ပူးပေါင်းပြီး "အဏ္ဏဝါရေပြင်အား အုပ်ချုပ်မှု အစီအမံများ" (Governance arrangement for ocean)ကို အမြန်ဆုံး ချမှတ်ဆောင်ရွက် သွားကြရန်နှင့် မြန်မာနိုင်ငံအနေဖြင့်လည်း တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်/ ကျေးရွာများအလိုက် အစီအမံများ ချမှတ်၍ မြစ်/ချောင်း/ အင်းအိုင်/ ပင်လယ်ပြင်အတွင်း သို့ ပလတ်စတစ်များ စွန့်ပစ်နေမှုကို ရပ်တံ့ စေရေး ဆောင်ရွက်သွားကြရန် တိုက်တွန်း အပ်ပါသည်။ ။

ဒေါက်တာထွန်းသိန်း(DoF)

ကိုးကား

(၁) Jason Thomas., 2019. Microplastics and the environment. (The ASEAN POST)

(၂) Jonathan Amos., 2020. High microplastic concentration found on ocean floor. (BBC Science Correspondent)