Attack Dog ရှင်းတမ်း
နိုင်ငံတကာရေးရာသုတေသီတစ်ဦး
အခုတစ်လော အမေရိကန်မီဒီယာအချို့မှာ အသုံးပြုနေတဲ့ ‘Attack Dog’ ဆိုတဲ့ စကားအသုံးအနှုန်းလေး ဆွေးနွေးတင်ပြပါမယ်။ ရိုးရိုးဘာသာပြန်ရင်တော့ ‘Attack Dog’ ဆိုတာ ကိုက်တဲ့ခွေးပေါ့။ တိုက်ခိုက်စီးနင်းတဲ့ခွေးပေါ့။ အဓိပ္ပာယ်အတိအကျကတော့ လေ့ကျင့်ထားတဲ့ခွေး၊ အမိန့်အတိုင်း လိုက်နာတိုက်ခိုက်တဲ့ခွေးဖြစ်ပါတယ်။
သခင်အလိုက်သိတဲ့ခွေး၊ သခင်သဘောကျ လုပ်တဲ့ခွေးပေါ့။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)နဲ့ ယူကရိန်း သမ္မတဇာလန်စကီး (Volodymyr Zelenskyy) တို့ တွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံပွဲကို အမေရိကန်နဲ့ နိုင်ငံတကာ မီဒီယာတွေရှေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အမေရိကန်ဘက်က ဒုတိယသမ္မတ ဂျေဒီဗန့် (JD Vance)နဲ့ အခြားအဆင့်မြင့် အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြပါတယ်။ တွေ့ဆုံပွဲဟာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်အငြင်းပွားမှုတွေ၊ အခြေအတင် ပြောဆိုမှုတွေနဲ့ မရှုမလှအဆုံးသတ်ခဲ့ရပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ သမ္မတထရမ့်ဘက်ကနေ ဝင်ရောက်တိုက်ခိုက်ပြောဆိုသူက ဒုတိယသမ္မတ ဂျေဒီဗန့်ဖြစ်ပါတယ်။ ဆွေးနွေးပွဲအတွင်း ဂျေဒီဗန့်က ယူကရိန်းသမ္မတကို အပြင်းအထန်ပြစ်တင် ပြောဆိုခဲ့ပြီး သမ္မတထရမ့်ကိုတော့ ယူကရိန်းကို ကယ်တင်လိုသူအဖြစ် အမွှမ်းတင်ပြောဆိုခဲ့ပါတယ်။ ဆွေးနွေးပွဲအပြီးနောက်တစ်နေ့ အမေရိကန်မီဒီယာအချို့မှာ ဂျေဒီဗန့်ကို ထရမ့်ရဲ့ ‘Attack Dog’ ဆိုပြီး ရည်ညွှန်းသုံးနှုန်းကြပါတယ်။ သဘောက ထရမ့်မွေးထားတဲ့ခွေး၊ သခင်ကကိုက်ဆိုရင် ကိုက်မယ့်ခွေး၊ တိုက်ဆိုရင်တိုက်မဲ့ခွေးလို့ သဘောရပါတယ်။
ဂျေဒီဗန့်ဟာ ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ပြုလုပ်တဲ့ မြူးနစ်လုံခြုံရေးကွန်ဖရင့် (၁၄-၁၆ ဖေဖော်ဝါရီ လ ၂၀၂၅) မှာလည်း ထရမ့်အလိုကျ ဥရောပကို ပြင်းပြင်းထန်ထန် ပြစ်တင်ပြောဆိုခဲ့တာကြောင့် အခုလို ယူကရိန်းသမ္မတနဲ့ အချင်းများမှုအပြီးမှာ ‘Attack Dog’ ဆိုတဲ့ အသုံးအနှုန်းကို သေသေချာချာ အသုံးပြုလာကြတာဖြစ်ပါတယ်။
အမှန်က အချို့မီဒီယာတွေမှာ နည်းပညာသူဌေးကြီး အီလွန်မက်စ် (Elon Musk) ကိုလည်း ထရမ့်ခိုင်းသမျှ လက်သံပြောင်ပြောင်လုပ်လို့ ‘Attack Dog’ ဆိုပြီး ရည်ညွှန်းသုံးနှုန်းပါတယ်။ အီလွန်မက်စ်က အတွင်းမှာလုပ်နေတဲ့သူဖြစ်လို့ တစ်နည်း အမေရိကန်အစိုးရဌာနတွေကို ပြုပြင် ပြောင်းလဲနေတဲ့သူဖြစ်လို့ မီဒီယာတွေက သူ့ကို ‘Attack Dog’ လို့ ညွှန်းဆိုတဲ့အခါ လူတွေက သိပ်ဂရုမပြုမိကြပါဘူး။ အခု ဂျေဒီဗန့်က သတင်းမီဒီယာတွေအားလုံးရှေ့မှာ ဇာလန်စကီးကို ထရမ့် ကိုယ်စားတက်တက်ကြွကြွ တိုက်ခိုက်ပြောဆိုလိုက်တော့ ဒါကအပြင်ကိစ္စဖြစ်သွားတယ်။ နိုင်ငံတကာ ဆက်ဆံရေးသဘောပါသွားတယ်။ အချို့ကဆိုဂျေဒီဗန့်ရဲ့ ဇာလန်စကီးအပေါ် ဆက်ဆံလိုက်ပုံကို နိုင်ငံရေးချုံခိုတိုက်ခိုက်တဲ့သဘော (political ambush) အထိ တင်စားကြပါတယ်။ တစ်နည်း ‘Attack Dog’ ဆိုတဲ့ အသုံးအနှုန်းဟာ ဘွင်းဘွင်းရှင်းရှင်းကြီး မြင်သာလာပါတော့တယ်။
အမေရိကန်မီဒီယာအချို့မှာ စတွေ့ရ
နိုင်ငံရေးမှာ ‘Attack Dog’ ဆိုတဲ့ အသုံးအနှုန်းကို ၁၉၇၆ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ အဲဒီတုန်းက ရီပတ်ဘလစ်ကင်သမ္မတ Gerald Ford က သူ့ရဲ့ဒုတိယသမ္မတလောင်းအဖြစ် အထက်လွှတ်တော်အမတ် Bob Dole ကို ရွေးချယ်ချိန်မှာ အမေရိကန်မီဒီယာအချို့မှာ စတွေ့ရပါတယ်။ နောက်ပိုင်းမှာလည်း အမေရိကန်သမ္မတ ရွေးကောက်ပွဲတွေမှာ ‘Attack Dog’ ဆိုတဲ့ အသုံးအနှုန်းကို ရံဖန်ရံခါတွေ့လာရတတ်ပြီးပြီးခဲ့တဲ့ ၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် ဘက်ကရွေးချယ်တဲ့ ဒုတိယသမ္မတလောင်း Tim Walz နဲ့ ရီပတ်ဘလစ်ကင်ဘက်က ရွေးချယ်တဲ့ ဒုတိယသမ္မတလောင်း J.D. Vance တို့ဟာ ဒီမိုကရက်တစ်သမ္မတလောင်း ကင်မလာ(Kamala Harris) နဲ့ ရီပတ်ဘလစ်ကင်သမ္မတလောင်း ဒေါ်နယ်ထရမ့် (Donald Trump)တို့ရဲ့ ‘Attack Dog’ တွေ ဖြစ်လာလိမ့်မယ်လို့ နယူးယောက်တိုင်းမ်သတင်းစာကြီးမှာ ဖော်ပြထားတာ လေ့လာတွေ့ရှိရပါတယ်။ အခုတော့ မီဒီယာတွေခန့်မှန်းတဲ့အတိုင်း ဂျေဒီဗန့်ဟာထရမ့်ရဲ့ ‘Attack Dog’ သဘောဖြစ်လာနေပါပြီ။
တကယ်တော့ သူများကိုယ်စား တိုက်ခိုက်ပေးတယ်၊ အခြားသူတွေအတွက် ရန်လိုပေးတယ်ဆိုတာ နိုင်ငံရေးမှာတင်မဟုတ်ပါဘူး။ လူမှုရေး၊ စီးပွားရေး၊ အချစ်ရေး၊ စစ်ရေးမှာပါရှိပါတယ်။ လူကြီးအလိုကျ၊ သူဌေးအလိုကျ၊ ခေါင်းဆောင်အလိုကျ၊ ချစ်သူအလို ကျ မျက်နှာရချင်လို့ပဲဖြစ်ဖြစ်၊ အခွင့်အရေး လိုချင်လို့ပဲဖြစ်ဖြစ်၊ တကယ်ယုံကြည်လေးစားလို့ပဲဖြစ်ဖြစ် ကိုယ့်အသက်တောင် အသေခံပြီးမိုက်ရဲတဲ့သူ၊ တိုက်ရဲတဲ့သူ၊ အကျိုးစီးပွားဖော်ဆောင်ပေးသူဆိုတာ အနည်းနဲ့အများရှိပါတယ်။
လက်တွေ့အလုပ်နဲ့ပါ သက်သေပြ
‘Attack Dog’ ဆိုတဲ့ သဘောကအသံလေး ပေးရုံတင်မဟုတ်ဘဲ လက်တွေ့အလုပ်နဲ့ပါ သက်သေပြကြတယ်ပေါ့။ ကိုယ်ကခိုင်းတာမဟုတ်ဘဲနဲ့ကို ကိုယ့်အတွက် ရှေ့ကနေပေးတာပေါ့။ အခုလည်း ဂျေဒီဗန့်က ထရမ့်ကိုယ်စား ရှေ့ကနေကြမ်းပြနေတော့ ထရမ့်နဲ့ အဆင်မပြေသူတွေလည်း စိတ်မအေး ဖြစ်နေကြပါတယ်။ အရင်က ထရမ့်တစ်ယောက်ပဲ။ အခုတော့ ဂျေဒီဗန့်ရယ်၊ အီလွန်မက်စ်ရယ် နှစ်ယောက်တိုးလာတော့ သုံးယောက်ပေါင်းလောင်းကျော် ဖြစ်မလား၊ နောက်ထပ် ထရမ့်ရဲ့ ‘Attack Dog’ တွေ ပေါ်လာဦးမလားဆိုတာ အမေရိကန်ပြည်တွင်း၊ ပြည်ပက စိတ်မသက်မသာနဲ့ စောင့်ကြည့်နေကြပါ တယ်။
နိုင်ငံတကာ ဆက်ဆံရေးမှာဆိုရင် ‘Attack Dog’ တွေဟာ အုပ်စုသဘောသဘာဝမှာ မကြာ မကြာ တွေ့ရလေ့ရှိပါတယ်။ အုပ်စုအကြိုက်လိုက်လုပ်တာပေါ့။ ဆရာအကြိုက်၊ အုပ်စုအကြိုက် ‘ဗောင်းတော်ညိတ် စိတ်တော်သိ’ ဆိုတာမျိုးပေါ့။ အုပ်စုက ခိုင်းတာမျိုးမဟုတ်ပေမယ့် နာမည်ယူ၊ မျက်နှာရချင်တာပေါ့။ ငယ်လေ အုပ်စုကိုယ်စား စွာပြလေပဲ။
ယူကရိန်းကိစ္စမှာ အီးယူကယူကရိန်းဘက်က ရပ်တည်တယ်။ အီးယူမှာ အဓိကအင်အားကြီးနိုင်ငံတွေက ဂျာမနီနဲ့ ပြင်သစ်ဖြစ်တယ်။ သို့သော် ‘Attack Dog’ သဘောသဘာဝကို ဂျာမနီနဲ့ ပြင်သစ်တို့ထက် အသံစွာတဲ့အီးယူနိုင်ငံငယ်တွေ မကြာမကြာ တွေ့ရလေ့ရှိတယ်။ ရုရှားကို လှမ်းစိန်ခေါ်တာပေါ့။
အက်စ်တိုးနီးယား (Estonia)၊ လတ်ဗီးယား (Latvia)၊ လစ်သူရေးနီးယား (Lithuania) တို့ ဆိုရင် နေတိုးအဖွဲ့ဝင်နိုင်ငံတွေဖြစ်သလို အီးယူအဖွဲ့ဝင် နိုင်ငံတွေလည်းဖြစ်တယ်။ နိုင်ငံလည်းသေးတယ်။ လူဦးရေလည်းနည်းတယ်။ သို့သော် ယူကရိန်းနဲ့ ပတ်သက်ရင် ရုရှားကို ရှေ့ဆုံးက ကျယ်ကျယ် လောင်လောင်အော်တတ်တယ်။ နေတိုးရဲ့၊ အီးယူရဲ့ ‘Attack Dog’ တွေပေါ့။ ရုရှားက မသိချင်ယောင် ဆောင်ရင်လည်း အနည်းဆုံးတော့ အဆဲခံလိုက်ရ တာပေါ့။ ပြန်ပြောရင်လည်း ကလေးကိုအနိုင်ကျင့် တယ်လို့ မီဒီယာတွေက ဝိုင်းပြောကြမှာပေါ့။
ဒီလိုပဲ ဒိန်းမတ်(Denmark) တို့၊ ဖင်လန် (Finland) တို့ဆိုလည်း နိုင်ငံငယ်ပေမယ့် ယူကရိန်း ကို နေတိုးစစ်တပ်တွေလွှတ်ဖို့၊ ယူကရိန်းကို ဥရောပတပ်တွေ စေလွှတ်ဖို့ တက်တက်ကြွကြွ ထောက်ခံလေ့ရှိတယ်။ အကြီးတွေက မပြောရဘူး။ အငယ်တွေက အတော်မခံမရပ်နိုင် ဖြစ်နေပါတယ်ပေါ့။ ကလေးကွက်ဆိုပေမယ့် ရုရှားအတွက်တော့ ခံရခက်တာပေါ့။ ကလေးကအော်ဆဲလည်း လူကြီးကမသိချင်ယောင် ဆောင်ရတဲ့သဘောပေါ့။
အခုက နည်းနည်းကြောက်ဖို့ ကောင်းပါတယ်။ ကြောက်ဖို့ ကောင်းတယ်ဆိုတာ နိုင်ငံတကာဆက်ဆံ ရေးနယ်ပယ်မှာ စည်းတွေအားလုံးကျိုးပေါက်သွားသလို ခံစားနေကြရပါတယ်။ လက်ဦးမှုယူလာနေကြတယ်။ အင်အားအပေါ်အခြေခံပြီး ဆုံးဖြတ်လာ ကြတယ်။ ‘Attack Dog’တွေဆိုတာ ပါတီမှာလည်းရှိတယ်။ အဖွဲ့အစည်းမှာလည်းရှိတယ်။ တစ်ယောက်ချင်းလည်း လုပ်အားပေးသဘောဖြစ်နိုင်တယ်။ ‘Attack Dog’ တွေဟာ နေရာတိုင်းမှာဖြစ်လာနိုင်တယ်။ ရည်ရွယ်ချက်ရှိရှိ မွေးလာတာဖြစ်နိုင်သလို နားလည်မှုနဲ့ လုပ်တာတွေလည်းရှိလာနိုင်တယ်။ အခုက နည်းနည်း ကိုယ့်အတတ် ကိုယ်စူးတဲ့သဘော လေးတွေပါတယ်။ အရင်က လစ်ဘရယ်တွေက အမျိုးသားရေးသမားတွေ၊ လက်ယာစွန်းတွေကို ကြည့်မရရင်၊ တားဆီးချင်ရင် ကိုယ်ထိလက်ရောက် တိုက်ခိုက်တဲ့ အစဉ်အလာရှိတယ်။ ကြက်ဥနဲ့ ပေါက်တာတို့၊ လက်ကိုင်အိတ်နဲ့ ရိုက်တာမျိုးတို့ပေါ့။
တစ်နှစ်တာအကောင်းဆုံး ဓာတ်ပုံဆုလည်းရ
၁၉၈၅ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှာ ဆွီဒင်နိုင်ငံ VaxJo ဆိုတဲ့မြို့လေးမှာ နာဇီလက်သစ်လူငယ် အချို့က အစိုးရတရားဝင်ခွင့်ပြုချက်နဲ့ ချီတက်ပွဲလုပ်တယ်။ အဲဒီမှာ ချီတက်ပွဲရှေ့က နာဇီအလံ ကိုင်ထားတဲ့ လက်ယာစွန်းလူငယ်နောက်ကျောကို အသက် ၃၈ နှစ်အရွယ် Danuta Danielsson ဆိုတဲ့ အမျိုးသမီးတစ်ယောက်က သူ့လက်ကိုင်အိတ်နဲ့ လှမ်းရိုက်တာပေါ့။ အဲဒီလို အိတ်နဲ့ရိုက်တာကို အနားက ဓာတ်ပုံဂျာနယ်လစ်တစ်ယောက်က အမိအရ ဓာတ်ပုံရိုက်ထားလိုက်တယ်။ နောက်အဲဒီဓာတ်ပုံ (The lady with the handbag) က ကမ္ဘာကျော်သွားတယ်။ ဆွီဒင်နိုင်ငံရဲ့ ၁၉၈၅ အတွက် တစ်နှစ်တာအကောင်းဆုံး ဓာတ်ပုံဆုလည်းရတယ်။ အခြားဆုတွေလည်းရတယ်။ နောက်ဆုံး အဲဒီ လက်ကိုင်အိတ်နဲ့ ရိုက်နေတဲ့ အမျိုးသမီးပုံကို ရုပ်တုထုဆစ်ပြီး ဂုဏ်ပြုကြတယ်ပေါ့။
ဘာကြောင့် အဲဒီဓာတ်ပုံကမ္ဘာကျော်သလဲဆိုတာ ပညာရှင်အချို့ကသုံးသပ်ရာမှာ အမျိုးသမီးတစ်ယောက်စွမ်းအားနဲ့ အစွန်းရောက်တွေကို တားဆီးဖို့ကြိုးစားခဲ့တယ်။ အသက်ကြီးတဲ့အမျိုးသမီး တစ်ယောက်ကအသက်ငယ်တဲ့ လူရမ်းကားနာဇီ လူငယ်ကို ထိပ်တိုက်ရင်ဆိုင်ခဲ့ပါသတဲ့။ ဘာတွေပဲပြောနေနေအမှန်က နောက်ကျောက တိုက်ခိုက်တာ မဟုတ်ဘူးလား။ ခွင့်ပြုချက်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတာပဲလေ။ နာဇီချီတက်ပွဲမဟုတ်ဘဲ လစ်ဘရယ်ချီတက်ပွဲသာဆိုရင် နောက်ကနေ အိတ်နဲ့ ဝင်ရိုက်ရင် ဘာတွေပြောကြမလဲ။ လူရမ်းကားမ၊ ဖက်ဆစ်မလို့ ပြောမှာပေါ့။ နောက်ပြီးဘာနဲ့ပဲ ရိုက်ရိုက်၊ အိတ်နဲ့လှမ်းရိုက်နေတဲ့ရုပ်တုတွေ ထုဆစ်ထားရှိတယ်ဆိုတာ အကြမ်းဖက်ကြလို့ တိုက်တွန်းတဲ့သဘော မဆောင်ဘူးလား။ အမြင်မတူရင် တိုက်ခိုက်ကြလော့ဆိုပြီး ‘Attack Dog’ တွေ မွေးထုတ် ပေးသလို ဖြစ်မနေဘူးလား။
ဒီလိုပဲ ၂၀၁၉ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ (Melbourne) မှာ အသက် ၇၀ အရွယ် လက်ယာစွန်းလွှတ်တော်အမတ် Fraser Anning က သတင်းစာရှင်းလင်းပွဲလုပ်နေ တုန်း အသက် ၁၇ နှစ်အရွယ် Will Connolly ဆိုတဲ့ လူငယ်တစ်ဦးက နောက်ကနေ ကြက်ဥနဲ့ ခေါင်းကို ပစ်ပေါက်တာပေါ့။ အမတ်ကလည်း နောက်ပြန်လှည့်ရိုက်တော့ ကောင်လေးကလဲကျပြီး ရုန်းရင်းဆန်ခတ် ဖြစ်သွားတာပေါ့။ လက်ယာစွန်းအမတ်ကို သတ္တိရှိရှိတားဆီးလို့ဆိုပြီး ကောင်လေးက ကြက်ဥကောင်လေး (Egg Boy) ဆိုပြီးနာမည်ကြီးပါတယ်။ သူ့ကို ထောက်ခံတဲ့သူတွေက အလှူငွေတွေဝိုင်းထည့်လို့ အမေရိကန်ဒေါ်လာ ၆၉၀၀၀ နဲ့ ညီမျှတဲ့ သြစတြေးလျဒေါ်လာ ၁၀၀,၀၀၀ လောက်ရပါတယ်။ ကြက်ဥ ကောင်လေးက သူရတဲ့ငွေအကုန်လုံးကို အဲဒီတုန်းက နယူးဇီလန်ပစ်ခတ်မှု (Christchurch mosque shootings)အတွင်း ထိခိုက်ခံစားရသူတွေကိုနယူးဇီလန် လူမှုရေးအသင်းအဖွဲ့တွေကတစ်ဆင့် လှူခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဖြစ်ရပ်မှာလည်း ဆွီဒင်တုန်းကလိုပဲ နောက်ကျောကတိုက်ခိုက်တာ မဟုတ်ဘူးလား။ နောက်ပြီး အဖေအရွယ်တောင်မဟုတ်ဘူး။ အဘိုး အရွယ်လေ။ အမတ်ကသာ လက်ယာစွန်းအမတ် မဟုတ်ဘဲ လစ်ဘရယ်အမတ်ဖြစ်နေရင် နောက်ကနေ အနီးကပ်ကြက်ဥနဲ့ပေါက်ရင် ဘာတွေပြောကြမလဲ။ လူရမ်းကားကောင်လေး၊ ဖက်ဆစ်ကောင်လေး လို့ပြောမှာပေါ့။ အမတ်ခေါင်းကို ကောင်လေးက ကြက်ဥနဲ့ပစ်နေတဲ့ပုံကို သရုပ်ဖော်ကြ၊ နံရံမှာ ဂရပ်ဖစ်ပန်းချီတွေဆွဲကြနဲ့ ဂုဏ်ပြုကြတယ်။ အကြမ်းဖက်ကြလို့ တိုက်တွန်းတဲ့သဘော မဆောင်ဘူးလား။ အမြင်မတူရင် တိုက်ခိုက်ကြလော့ဆိုပြီး ‘Attack Dog’ တွေ မွေးထုတ်ပေးသလို ဖြစ်မနေဘူးလား။
နိုင်ငံရေးသမားတွေက သတိထားကြ
နောက်ဆုံးဒီကနေ့ ဆွီဒင်က ဆယ်ကျော်သက် မိန်းကလေး Greta Thunberg ဆိုတာ တက်ကြွ လှုပ်ရှားသူပေါ့။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝါဒီ ပေါ့။ အသက် ၁၅ နှစ်သမီးမှာကတည်းက တက်ကြွ လှုပ်ရှားသူဖြစ်လာတယ်။ အခုတော့ အသက် ၂၀ စွန်းပြီပေါ့။ အကြမ်းပတမ်း ပြစ်တင်ဝေဖန်တတ်လို့ သူ့ဆို နိုင်ငံရေးသမားတွေက သတိထားကြတယ်။ တစ်ခါတလေ သူပုန်ထတဲ့သဘောပေါ့။ လိုချင်တာ မရရင် ရုံးတွေ၊ အဖွဲ့အစည်းတွေရှေ့မှာ ပိတ်ဆို့ဆန္ဒပြတယ်။ ရဲကယာယီ ဖမ်းဆီးထိန်းသိမ်းတာ လည်း နှစ်ကြိမ်လောက်ခံရဖူးတယ်။ သူ့ကို ဘယ်သူ ကမှ ခိုင်းတာတော့မဟုတ်ဘူး။
ကိုယ်ယုံကြည်ရာအတွက် ‘Attack Dog’ သဘောမျိုးလုပ်ဆောင်တာပေါ့။ အမေရိကန်မှာ ထရမ့် ပထမအကြိမ် (၂၀၁၆-၂၀၂၀) အာဏာရတော့ လစ်ဘရယ်တွေက ထရမ့်ကို အတော်မုန်းကြတယ်။ တစ်နေ့ ထရမ့်ကို Greta Thunberg နဲ့ ဆိုင်ပေးတာ ပေါ့။ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့မှာ အမေရိကန် သမ္မတထရမ့် နယူးယောက်က ကုလသမဂ္ဂမှာ UN Climate Action Summit လာတက်တယ်။ အဲဒီမှာ ကြိုရောက်နေတဲ့ Greta Thunberg က သူ့အရှေ့လျှောက်လှမ်းက ဖြတ်လျှောက်သွားတဲ့ ထရမ့်ကို မလှမ်းမကမ်းကနေ စူးစူးရဲရဲ စားမတတ်၊ ဝါးမတတ် ကြည့်နေတဲ့ပုံကို မီဒီယာတွေက အမိအရရိုက်ပြီး ထရမ့်ကို ကလေး တောင် မင်းကိုမုန်းနေတယ်ဆိုတဲ့သဘော ခနဲ့ကြတာပေါ့။
အခုဆို လက်ယာစွန်းတွေကို ကြည့်မရတဲ့သူ တွေ၊ ကိုယ်နဲ့အမြင်မတူ ကိုယ့်ရန်သူလို့ သဘောထား တဲ့သူတွေ ဝဋ်လည်နေပြီလေ။ အမေရိကန်မှာ ဒေါ်နယ်ထရမ့်ဆိုတဲ့ လက်ယာစွန်းအကြီးကြီး အာဏာရနေပြီ။ ဥရောပတစ်လွှားလည်း လက်ယာစွန်းပါတီတွေ အားကောင်းလာနေတယ်။ ထရမ့်တို့ တက်လာတော့ ကမ္ဘာတစ်လွှားက အမျိုးသားရေး ပါတီတွေ၊ လက်ယာစွန်းတွေ စိတ်အားတက်ကြွနေကြတယ်။ သူတို့ကလည်းပြန်ပြီး အလားတူတုံ့ပြန် လာရင် မခက်ပေဘူးလား။ လူတွေ မွေးလာရင် မခက်ပေဘူးလား။
ဝိုင်းပြီးမြှောက်စားနေကြ
နိုင်ငံရေးမှာ အပြန်အလှန် ‘Attack Dog’ ပုံစံ တွေဖြစ်လာရင် မကောင်းဘူး။ နိုင်ငံရေးမှာ အုပ်စုဖွဲ့ အနိုင်ကျင့်တာတွေ ရှောင်ရမယ်။ ကလေးတွေ၊ အမျိုးသမီးတွေကို မြှောက်ပင့်ပေးပြီး မလိုသူတွေ ထိန်းချုပ်တဲ့အကျင့်တွေ ပြင်ရမယ်။ ကိုယ်ထိလက်ရောက် တိုက်ခိုက်တာမျိုး၊ ဘာနဲ့ပဲတိုက်ခိုက် တိုက်ခိုက် ကိုယ်ထိလက်ရောက်သဘောဆို အားမပေးသင့်ဘူး။ စတင်တိုက်ခိုက်သူကို အရေးယူရမယ်။ အခုက လစ်ဘရယ်ဆိုတာနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ရသလို ဖြစ်နေတယ်။ အရေးမယူရုံတင်မဟုတ်ဘူး။ ဝိုင်းပြီးတောင် မြှောက်စားနေကြတာဆိုတော့ လွဲတော့လွဲနေပြီ။
အခုလို တစ်ကမ္ဘာလုံး ဘာကြောင့်နိုင်ငံရေး ဝရုန်းသုန်းကားအခြေအနေ ဆိုက်သလဲဆိုတာ စေ့စေ့တွေးရင် ရေးရေးပေါ်လိမ့်မယ်။ နိုင်ငံရေးမှာပဲ ဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် ‘Attack Dog’ တွေဟာ အစဉ်အလာတစ်ခုလို ဖြစ်မလာပါစေနဲ့လို့ပဲ ဆန္ဒပြုလိုက်ပါတယ်။ ။