Skip to main content

ကျောင်းနေပျော်၍ ပညာလည်းတော် လူတော်လူကောင်း ဖြစ်ရမည်

ဒေါက်တာမောင်ကျော်

ပါမောက္ခချုပ်(ငြိမ်း)

ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့ဆိုသဖြင့်...

နိုင်ငံနဲ့ လူမျိုး ရှင်သန်ကြီးထွားနိုင်ဖို့ ပညာရေးဟာ ဝိညာဉ် ဖြစ်လို့ ...

၂၁ ရာစုရဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့… စတဲ့ အကြောင်း တရားတွေကြောင့် ကလေး၊ လူငယ်၊ လူကြီးတို့ဟာ မိမိတို့ရဲ့ အနာဂတ်ကို တည်ဆောက်လိုတဲ့အတွက် ပညာသင်ကြပါတယ်။

နှစ်စဉ်နှစ်တိုင်း ဇွန်လ ပထမပတ်မှာ အခြေခံပညာကျောင်းတွေ နဲ့ တက္ကသိုလ်၊ ကောလိပ်တို့ ဖွင့်လှစ်တော့မယ်။ ဆရာ၊ ကျောင်းသား၊ ပညာရေးဝန်ထမ်းတွေဟာ ကျောင်းဖွင့်ဖို့ အားထုတ်နေတဲ့ကာလ၊ ပညာရေးပြက္ခဒိန်မှာမေနဲ့ ဇွန်လအတွင်း ကျောင်းအပ်နှံရေးသီတင်းပတ်၊ ဇူလိုင်လမှာ ကျောင်းနဲ့ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ဩဂုတ်လမှာ ကျောင်းကျန်းမာရေး သီတင်းပတ်ရယ်လို့ အစီအစဉ်တွေရေးဆွဲကာ ဆရာ၊ ကျောင်းသားအပေါင်းဟာ တက်ကြွစွာလုပ်ဆောင်ကြခြင်းဖြင့် မြို့၊ ရွာရဲ့ကျောင်းဟာ ဥပစာဖြစ်လာပါတော့တယ်။

ကောင်းအောင်ကြိုးစား

ကလေးငယ်ဘဝမှာ လက်ဦးဆရာ ပုဗ္ဗာစရိယ မိနဲ့ဖက တာဝန်ယူကြပါတယ်။ ပညာကို မွေးကင်းစအရွယ် မိဘနှစ်ပါးနဲ့ ဆက်သွယ်ပြောဆိုသိနားလည်နိုင်တဲ့ ကလေးဘဝက စတင်ပါတယ်။ ကလေးတွေဟာ ပုံပြင်တွေ၊ သာယာနာပျော်ဖွယ် တေးသီချင်းတွေကို ကြိုက်နှစ်သက် တတ်ကြပါတယ်။ ပန်းချီကားချပ်ပါတဲ့ ပုံပြင်စာအုပ်လေးတွေကို ဖတ်ပြရင်းနဲ့ ကလေးဟာ ကျောင်းတက်ချင်လာပါတော့တယ်။ မိဘတွေက ကျောင်းသင်ပညာရေးစနစ်ထံ အပ်နှံပါတယ်။ နိုင်ငံသားတစ်ဦး စာတတ်မြောက်ဖို့၊ ပညာတတ်ဖို့တော်ဖို့၊ လိမ္မာဖို့ ကျောင်းကိုပို့ ဆရာတို့လက် အပ်နှံတာဖြစ်ပါတယ်။

ဆရာတို့၏ မှာကြားချက်

အရွယ်လေးရလာတဲ့အခါ ငယ်စဉ်က ကိုယ်ပညာရည်နို့သောက်စို့ ခဲ့တဲ့ကျောင်းကို ပြန်လည်သတိရကြလေ့ရှိပါတယ်။ ကျောင်းကိုဝင်လိုက်တာနဲ့ ပန်းအလှပင်လေးတွေကို မြင်တွေ့ရ၊ သစ်ပင်ကြီးတွေကို တွေ့လိုက်ရ၊ စိမ်းလန်းစိုပြည် အမှိုက်ကင်းစင်နေတော့ စိတ်ကြည်လင်ရပါတယ်။ စာသင်ချိန်မစမီ နိုင်ငံတော်သီချင်းပြိုင်တူသီဆို၊ နိုင်ငံတော်အလံကို အလေးပြုခဲ့တာတွေကို သတိရလျက်ရှိနေပါတယ်။ ဆရာကြီးတစ်ဦး၏ စည်းကမ်းရှိဖို့၊ တစ်ဦးကိုတစ်ဦး ချစ်ခင်ကြဖို့၊ လေးစားဖို့၊ ယဉ်ကျေးလိမ္မာဖို့၊ အထိရောက်ဆုံးမှာကြားချက်ကတော့ မိမိကိုယ်ကို ကောင်းအောင်ကြိုးစားဖို့၊ မိမိကျောင်းကို ကောင်းအောင်ကြိုးစားဖို့နဲ့ မိမိတိုင်းပြည်ကောင်းအောင်ကြိုးစားဖို့ ဆရာတို့ရဲ့မှာကြားချက် တွေကို ယနေ့တိုင် မမေ့နိုင်ဖြစ်နေရပါတယ်။

ကျောင်းသင်ပညာရေး

ကျောင်းသင်ပညာရေးစနစ်က လူငယ်တွေအတွက် လူ့အသိုင်းအဝိုင်းထဲမှာ ထိုလူငယ်ရဲ့ လူမှုဆက်ဆံပေါင်းသင်းရေးအတွက် ဘယ်စိတ်ဓာတ်နဲ့ ဘယ်တန်ဖိုးတွေထားရမယ်ဆိုတဲ့ စာရိတ္တ၊ လူမှုဆက်ဆံရေးအပိုင်းတွေကို ကျောင်းကတာဝန်ယူပါတယ်။ ကျောင်းဟာသူ့ကို အရွယ်နဲ့ကိုက်ညီတဲ့ သင်ခန်းစာတွေသင်ရင်း စာရိတ္တပိုင်းဖွံ့ဖြိုးအောင် ဆရာတွေက တဖြည်းဖြည်းချင်းသင်ကြားပေးပါတယ်။ ကျောင်းနေပျော်၍ စာတော်အောင်၊ စိတ်စေတနာကောင်းနဲ့ လူကောင်းတွေဖြစ်အောင် လူငယ်တွေက ကြိုးပမ်းကြရမှာဖြစ်ပါတယ်။

ပညာရေးလို့ပြောရင် ဘယ်မိဘကိုမေးမေး သူတို့ကျောင်းကောင်းတာကို ဂုဏ်ယူပါတယ်။ အထွတ်အထိပ် ဗဟိုချက်မမှာထားတဲ့ကျောင်းကို ရပ်ရွာက အားကိုးလေးစားရတဲ့ နေရာဌာနတစ်ခုဖြစ်အောင် ကလေးတွေရဲ့ပညာရည်မြင့်မားဖို့၊ ယဉ်ကျေးသိမ်မွေ့ဖို့၊ ကျွမ်းကျင်မှု အဆင့်အတန်းရှိတဲ့နိုင်ငံသားဖြစ်ဖို့၊ ဥပဒေနဲ့စည်းကမ်းတွေ လေးစားလိုက်နာဖို့၊ နိုင်ငံကလိုအပ်တဲ့ လူ့စွမ်းအားအရင်းအမြစ်ဖြစ်လာဖို့ကျောင်းကို ရောက်လာကြတာဖြစ်ပါတယ်။ ရှေးခေတ်လူသားဟာ ကြမ်းတမ်းရိုင်းစိုင်းတဲ့ဘဝက ရုန်းထွက်ခဲ့တဲ့ ယဉ်ကျေးမှုအဆင့် လူ့ယဉ်ကျေးမှုတစ်ခုလုံးကို ထိန်းသိမ်းဖို့ စွမ်းဆောင်နိုင်တဲ့နေရာဟာ ကျောင်းပဲဖြစ်နေပါတယ်။

ကျောင်းတွေမှာ ပြဋ္ဌာန်းစာအုပ်ထဲက စာလောက်ကို တတ်သွားဖို့၊ လေ့ကျင့်ပေးဖို့မဟုတ်။ ဘာသာရပ်စုံမှ ဗဟုသုတအသိ (Knowledge) သင်ခန်းစာတွေကို ကလေးတွေရဲ့ဦးနှောက်ထဲ မချိမဆံ့ထည့်သွင်းဖို့ မဟုတ်၊ ကိုယ်တိုင်လိုချင်စိတ်နဲ့ သင်ယူကြမှဖြစ်တယ်။ ပတ်ဝန်းကျင်က စိတ်ဝင်စားစရာတွေနဲ့ အံ့ဖွယ်တွေကို သိလိုစိတ်၊ စူးစမ်းလိုစိတ်၊ ပြဿနာအခက်အခဲတွေကို ကိုယ်တိုင်ဖြေရှင်းလိုစိတ်၊ ပညာလိုချင်တဲ့စိတ်ရှိအောင် ဖန်တီးပေးရပါမယ်။ “အားလုံးအတွက် ပညာရေး၊ အားလုံးအတွက် သိပ္ပံ “Education for all, Science for all” ဆိုပြီး တစ်နိုင်ငံလုံး အင်တိုက်အားတိုက် မောင်းနှင်ရပါလိမ့်မယ်။

ပညာရေးကိစ္စ

ပညာရေးကိစ္စဟာ ပညာရေးဝန်ထမ်းတွေနဲ့ချည်းမရနိုင်ဘဲ ပြည်သူလူထုတစ်ရပ်လုံးရဲ့ အရေးကိစ္စဖြစ်ပါတယ်။ ပညာရေးနဲ့ လူ့အဖွဲ့အစည်းဟာ အခက်အခဲကြားက လက်ချင်းချိတ်ပြီး အကောင် အထည်ဖော်ရမှာဖြစ်ပါတယ်။ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်ရေးနဲ့ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) မှာ နိုင်ငံသားတိုင်း အလယ်တန်းအဆင့် (KG+9) ပြီးဆုံးတဲ့အထိ အခမဲ့ပညာသင်ယူနိုင်ရေး၊ တစ်သက်တာသင်ယူမှု၊ တစ်နိုင်ငံလုံးအသိပညာ၊ သိပ္ပံပညာတိုးတက်မြင့်မားရေးကို အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ဖို့ဖြစ်ပါတယ်။ ပညာတတ်မှ ဝင်ဆံ့နိုင်မယ်၊ ရပ်တည်နိုင်မယ်၊ ရှင်သန်ကြီးထွားနိုင်မယ်။ ဒီအတွက်ကျောင်းတွေ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ပညာစီးပွားခေတ်မှာ ကျောင်းသား လူငယ်တွေ စာမသင်၊ ပညာမသင်လို့ကတော့ ၂၁ ရာစုမှာ ယှဉ်ပြိုင်နိုင် မှာမဟုတ်ဆိုတာ ပြောဖွယ်ရာမလိုတော့ပြီ

မြန်မာ့ပညာရေး မျှော်မှန်းချက်

“ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့” ဆိုတာ ပညာရေးရဲ့ပန်းတိုင်။ မြန်မာ့ပညာရေး မျှော်မှန်းချက်က “မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏စိန်ခေါ်မှုကို ရင်ဆိုင်နိုင်သည့် အစဉ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့ အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းစေရန်” ဖြစ်တယ်။ အသိပညာ၊ အတတ်ပညာနဲ့ ၂၁ ရာစုမှာ ဝင်ဆံ့နိုင်အောင်၊ ရပ်တည်နိုင်အောင်၊ ရှင်သန်ကြီးထွားနိုင်အောင်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အမြဲတမ်းသင်ယူနေတဲ့ လူ့ဘောင်အဖွဲ့အစည်းဖြစ်အောင် ကျောင်းတွေ၊ တက္ကသိုလ်တွေ ဖွင့်လှစ်ထားတာဖြစ်တယ်။ ကျောင်းဆိုတဲ့အဓိပ္ပာယ်ဟာ ပြဋ္ဌာန်းစာအုပ်ထဲကစာကို သင်ပြီးတော့ အမှတ်ကောင်းကောင်းနဲ့ ကျောင်းက အောင်သွားဖို့မဟုတ်၊ တက္ကသိုလ်တက်ဖို့ချည်းမဟုတ်။ မြန်မာတို့အတွက် အထူးလိုအပ်နေတဲ့ နယ်ပယ်တွေမှာ တာဝန်ထမ်းဆောင်မယ့် လူ့စွမ်းအားဖြစ်ဖို့ အားထုတ်ကြရပါမယ်။

ဆရာသည်

ဆရာဟာ အသိပညာကိုမြှင့်တင်သူ၊ ကျွမ်းကျင်မှုတစ်ခုခုကို မြှင့်တင်ပေးနိုင်သူ၊ ဗြဟ္မစိုရ်တရားထွန်းကားအောင် (မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာပွားများတတ်အောင်) လုပ်ပေးနိုင်သူ၊ စိတ်ဓာတ်ရေးရာပြုပြင်ပေးသူ၊ ဘဝခရီးတစ်လျှောက်မှာ ဖြောင့်တန်းအောင် လျှောက်လှမ်းနိုင်ဖို့ စာပေကျမ်းဂန်များ၊ သိပ္ပံနဲ့ လူမှုရေးသိပ္ပံပညာရပ်များကို သင်ကြားပို့ချရင်း-

အမှားနဲ့ အမှန်ခွဲခြားနိုင်ဖို့၊ အကောင်းနဲ့အဆိုး၊ အကြောင်းနဲ့အကျိုးကို မှန်ကန်စွာနားလည်ပြီး အမှောင်တွင်းက လွတ်မြောက်အောင် အမှောင်ထုအတွင်းမရောက်အောင် ဆောင်ရွက်ပေးသူ တွေဟာ ဆရာကောင်းသမားကောင်းတွေဖြစ်တယ်။

ဆရာဟာ လူသားအချင်းချင်း ချစ်မြတ်နိုးအောင်လုပ်ပေးနိုင်သူ၊ တပည့်တွေရဲ့ဘဝနဲ့ လောကရဲ့အလှကိုဆင်သူ၊ သောကကိုဖြေဖျောက် ပေးသူတွေဖြစ်လို့ လူ့အဖွဲ့အစည်းရဲ့ခေါင်းဆောင်လို့ တင်စားကြပါတယ်။ လူတွေအမှီသဟဲပြုရတဲ့ သဘာဝပတ်ဝန်းကျင် ရေ၊ မြေ၊ တောတောင်ကို အလှဆင်ပေးနေရမယ်။ ကလေးကအစ မိဘတွေအထိ သတိရှိအောင် အသိပေးနေရမယ်။ ဒါဆိုရင် ဆရာ့ကဏ္ဍသစ်ဟာ ပြဋ္ဌာန်းစာအုပ်ကိုသင်ရုံ၊ စာမေးပွဲအောင်ရုံ၊ နောက်တစ်တန်းတက်ရုံ အဆင့်ထက် ထူးခြားမြင့်မားပြီး ဆရာဟာ လူထုရဲ့ခေါင်းဆောင်ဆိုတဲ့ ရုပ်လုံးပေါ်လာပါလိမ့်မယ်။

၂၁ ရာစု ပညာရေးမှာ ဆရာတွေရဲ့ တာဝန်တွေဟာလည်း ပိုကျယ်ဝန်း နက်ရှိုင်းလာတာကြောင့် ဆရာဟာ အလွန်အားထုတ် ပေးရမယ့်နေရာမှာ ရောက်ရှိနေပါတယ်။ အခြေခံပညာနဲ့ အဆင့်မြင့် ပညာကဏ္ဍတွေမှာ ပညာရေးလုပ်ငန်းစဉ်တွေဖြစ်တဲ့ သင်ကြားသင်ယူမှု၊ ပရောဂျက်နဲ့ သုတေသနနယ်ပယ်ထိ၊ တပည့်တွေကောင်းလို့ တပည့်တွေတော်တဲ့ မျိုးဆက်သစ်လူငယ်၊ လူကြီးတွေ၊ လူပုံအလယ်တင့်တယ်တဲ့ပုဂ္ဂိုလ်၊ ပညာတတ်တွေအဖြစ် မွေးထုတ်နေကြသူက ဆရာတွေဖြစ်ပါတယ်။

ဆရာဟာ အမြဲတမ်းဆန်းသစ်တဲ့ အယူအဆရှိနေရမယ်။ အတွေးအခေါ်အယူအဆ လုံးဝရှင်သန်နေရမယ်။ ဆရာတွေဟာ ပညာရေးမျှော်မှန်းပန်းတိုင်ရောက်ဖို့ လမ်းညွှန်ရာမှာ ကြိုးစားပမ်းစားနဲ့ ပညာ တွေပေးလို့ လူထုရဲ့အားကိုးရာဖြစ်ပါတယ်။ ဆရာရဲ့တွေးခေါ်ပုံ၊ ပြောပုံဆိုပုံ၊ ပြုမူပုံတွေဟာ ကျောင်းသားတွေဆီ စီးဆင်းပါတယ်။ ကျောင်းသားဆီကို ရောက်သွားတာကြောင့် အကောင်းအဆိုး၊ အကြောင်းအကျိုး အထူးသတိမူရပါမယ်။

ဒါရိုက်တာဟာ ဆရာပဲ။ ဆရာဟာ Teacher (သင်ပြသူ)၊ စည်းရုံးသူ (Organizer)၊ ခေါင်းဆောင် (Leader)ပါပဲ။ ကျောင်းပရဝဏ်ထဲရောက်လာတဲ့ ကလေးတွေကို မတတ်ရကောင်းလား၊ နားမလည်ရကောင်းလားဆိုပြီး စားပွဲကို ကြိမ်လုံးနဲ့တဖြန်းဖြန်းရိုက်ပြီး ကလေးကို အုပ်ချုပ်တာလောက်အရည်အသွေးမျိုးရှိတဲ့ ဆရာနဲ့ မြန်မာ့ပညာရေး မျှော်မှန်းချက်ကိုရောက်အောင် သွားလို့မရဘူးဆိုတာ နားလည်ကြရပါလိမ့်မယ်။

ဆရာတွေဟာ လူငယ်လူရွယ်၊ လူရည်ချွန်၊ လူရည်မွန်တွေ ဖြစ်အောင် အားထုတ်ကြရပါလိမ့်မယ်။ ပညာသင်ကြားမှုတစ်ခုလုံးရဲ့ ပစ်မှတ်က ကျောင်းသားလူငယ်တွေ လူချွန်လူကောင်းတွေဖြစ်သွားဖို့၊ ပါရမီကြောင့် မအောင်မြင်ရင်တောင်မှ စိတ်ထားကောင်းမွန်တဲ့ ကလေးဘဝနဲ့ဖြစ်သွားဖို့ ကြိုးစားရပါလိမ့်မယ်။

မှန်ကန်တဲ့လမ်းတွေကို ရွေးချယ်တတ်သူ၊ စည်းရုံးလှုပ်ရှားတတ်သူ၊ အစဉ်နိုးကြားတက်ကြွသူ၊ ဦးဆောင်မှုပေးတတ်သူတွေဖြစ်လာဖို့ အလွန်အရေးကြီးပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းကြီးကို သင်ယူနေတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့၊ ကျွမ်းကျင်မှုမြှင့်တင်ဖို့၊ ပညာရည်မြင့်မားတဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံတော်ရဲ့ရေရှည်အကျိုးစီးပွားအတွက် ဘက်ပေါင်းစုံက အားထုတ်နေကြရပါမယ်။

မြန်မာနိုင်ငံရဲ့ ဘယ်ဒေသမှာဖြစ်ဖြစ်ရှိနေတဲ့ကျောင်း၊ တက္ကသိုလ်က ဆရာဟာ မိမိရောက်နေတဲ့ဒေသရဲ့ သင်ကြားသင်ယူမှုဝန်းကျင်ကို ကောင်းမွန်အောင်၊ လူများစုသင်ယူလေ့လာနိုင်တဲ့ ဝန်းကျင်ကောင်းဖြစ်တဲ့အထိ မျှော်မှန်းပြီးဆောင်ရွက်ဖို့၊ ကျွမ်းကျင်မှုအတတ်ပညာတွေ မြှင့်တင်ရတာ ရှိကောင်းရှိမယ်။ ဆရာရဲ့ပညာအရည်အသွေး၊ သဘောထား၊ အမြော်အမြင်မြင့်မားမှုဟာ လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ တောင်ပေါ်၊ မြေပြန့် မခွဲခြားပါဘူး။ ဘယ်ဒေသက ကလေးသူငယ်ဖြစ်ဖြစ် ဖွံ့ဖြိုးတိုးတက်လာဖို့ လိုလားရပါမယ်။ တောင်ပေါ်မြေပြန့်မရှိတော့ပါဘူး။ မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံး ညီညွတ်မျှတမှု အတွက်နိုင်ငံသားတွေအားလုံးရဲ့ အသိဉာဏ်ပညာ၊ စိတ်ဓာတ်နဲ့ စည်းကမ်းကောင်းမွန်ဖို့ ပညာရေးကို မြှင့်တင်နေကြရမှာ ဖြစ်ပါတယ်။

ပညာခေတ်မှာ ပညာတတ်၊ အရည်အချင်းပြည့်ဝသူ၊ ဗလငါးတန် ပြည့်ဝသူတို့ကသာ တိုင်းပြည်အပြောင်းအလဲကို ပြုလုပ်နိုင်ပါလိမ့်မယ်။ နိုင်ငံရေးဦးတည်ချက်တစ်ခုဖြစ်တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံ တဲ့ ပြည်ထောင်စုတည်ဆောက်နိုင်ဖို့အတွက် လူ့စွမ်းအားအရင်းအမြစ် ပညာတတ်တွေ ပေါကြွယ်ဝရေးဖြစ်ပါတယ်။

ဥပဓိရုပ်ကောင်းဖို့

ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဥပဓိရုပ်ကောင်းဖို့ အားထုတ်ရပါလိမ့်မယ်။ မိမိကျောင်း၊ တက္ကသိုလ်ပရဝဏ်အတွင်း သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေး၊ စာကြည့်တိုက်နဲ့ သုတေသနစင်တာတွေ ပေါ်ပေါက်လာရေးတို့ဟာ ရုပ်ပိုင်းဆိုင်ရာဥပဓိရုပ်တွေဖြစ်လို့ ပျော်ရွှင် အေးချမ်းမှုကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်။ ဒီမျှော်မှန်းချက်တွေရဖို့ ပညာရေးအစီအစဉ်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာတော့ ဗဟိုချက်မက ဆရာဖြစ်ပါတယ်။ ဆရာဟာ အလွန်အားထုတ်ပေးရမယ့် နေရာမှာရောက်ရှိနေပါတယ်။

စာမေးပွဲက သိပ်လွှမ်းမိုး

အခုဆိုရင် ငယ်စဉ်ကတည်းက ကျောင်းနေအရွယ်ကလေးတွေဟာ စာမေးပွဲရယ်၊ အမှတ်ရယ်၊ ဂုဏ်ထူးရယ် ဒီနောက်ကိုပဲ သွားနေခဲ့ကြရတယ်။ စာမေးပွဲက သိပ်လွှမ်းမိုးခဲ့တယ်။ ကလေးတွေကို ဂုဏ်ထူးနဲ့ ခြိမ်းခြောက်တယ်၊ အမှတ်နဲ့ခြိမ်းခြောက်တယ်။ ဒီတော့ ကလေးတွေဟာ ဘယ်ဘက်ကို ရောက်သွားသလဲဆိုရင် အလွတ်ကျက်တဲ့ဘက်ကို ရောက်သွားတဲ့အတွက် တီထွင်ကြံဆမှုဘက်မှာ အားလျော့မယ်၊ သူ့ရဲ့ တီထွင်ကြံဆမှုတွေမှာ လျော့နည်းသွားမှာပဲ။ ကမ္ဘာကြီးနဲ့ရင်ပေါင် တန်းဖို့အတွက် ဘယ်လိုကလေးမျိုးဖြစ်ချင်တာလဲ၊ ပြဋ္ဌာန်းစာအုပ်ထဲ ကဟာတွေကို အလွတ်ကျက်ရသွားတဲ့ကလေးမျိုး၊ အလွတ်ကျက်ကို အားပေးတဲ့မေးခွန်းတွေနဲ့ အမှတ်တွေပေးပြီးတော့ တွန်းပို့ခြင်းခံရတဲ့ ကလေးမျိုးရချင်တာလား။ ဒီနေ့စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်တဲ့ကလေးမျိုးကို မွေးထုတ်မလား။

စာမေးပွဲတွေမှာ ဂုဏ်ထူးဆွတ်ဖို့သာ အားထုတ်ကြရင်ကျောင်းနေရတာ၊ ကျောင်းတက်ရတာ ပျော်ရွှင်စရာကောင်းမယ်မထင်လေနဲ့။ စာပေ၊ ဂီတ အနုသုခုမဆိုတာတွေလည်းဝါသနာအရ လိုက်စားကြရင်း၊ အားကစားလုပ်ကြရင်း သူငယ်ချင်းကောင်းတွေဖြစ်လိမ့်မယ်။ မိတ္တဗလဋီကာကို နားလည်လာပါလိမ့်မယ်။ ဗလငါးတန်ဖွံ့ဖြိုးလာပါလိမ့်မယ်။ ဒီလိုဆိုရင် စာလည်းတော်မယ်၊ ကျောင်းလည်းပျော်လာပါမယ်။ ကိုယ်နဲ့အနီးစပ်ဆုံးပတ်ဝန်းကျင်ကို အကျိုးပြုလိုတဲ့စိတ်နေ စိတ်ထားထွန်းကားလာပါလိမ့်မယ်။ ကိုယ့်မြေကိုယ့်ရေနဲ့ ကိုယ့်တောင်တန်းဒေသ ဝေးလံခေါင်သီတဲ့ဒေသတွေဟာလည်း သဟဇာတ မျှမျှတတ တစ်ပြေးညီ ဖွံ့ဖြိုးလာပါလိမ့်မယ်။

ပတ်ဝန်းကျင်ကို အကျိုးပြုလိုသည့်စိတ်

ဆရာတွေထံကနေ သင်ယူစရာတွေဟာ မကုန်မခန်းနိုင်စရာတွေရှိပါတယ်။ မြန်မာတို့ ဆင်းရဲတွင်းကရုန်းထွက်နိုင်ဖို့ဆိုရင် စိုက်ပျိုးရေး ကိုကြည့်၊ ရေဘယ်လောက် လောင်းသင့်သလဲ၊ ဓာတ်မြေသြဇာ ဘယ်လောက်ထည့်ရမလဲဆိုတာ သိနိုင်တဲ့ပညာလိုပါလိမ့်မယ်။ပိုးသတ်ဆေး မလွန်မကျွံအောင် ထည့်တတ်ရပါလိမ့်မယ်။ သမားရိုးကျနည်းနဲ့ ဆိုရင်ဘယ်ကိစ္စမှ မည်မည်ရရဖြစ်ထွန်းနိုင်မှာမဟုတ်။ လုပ်ရိုးလုပ်စဉ်အတိုင်း၊ မိရိုးဖလာအတိုင်း လုပ်လို့မရတဲ့ခေတ်ထဲမှာ ရောက်နေလို့ပဲ။ ပညာလုပ်သားအင်အား ကျွမ်းကျင်မှုတစ်ခုဟာ လူတိုင်း၊ မိသားစုဝင်တိုင်း လိုအပ်နေပြီဆိုတာ အလွန်ထင်ရှားပါတယ်။

ကျောင်းသားတာဝန်

ကျောင်းသားကလည်း ကိုယ့်အတွက် အကျိုးရှိမယ့်အကြောင်း အရာတွေ ရှာဖွေတတ်ရပါမယ်။ ခွဲထုတ်တတ်ရပါမယ်။ အတ္တ၊ ပရမျှတ မှုတွေ၊ ကိုယ်ချင်းစာစိတ်၊ ကရုဏာစိတ်တွေဖြစ်လာပုံတွေကိုကြည့်တတ် ရမယ်။ စိတ်ပိုင်းဆိုင်ရာ ဥပဓိရုပ်တွေကတော့ ကိုယ့်စိတ်အကြောင်း၊ ကိုယ့်အကြောင်းသိနိုင်ဖို့ ပြဋ္ဌာန်းထားတဲ့ စာအုပ်စာပေတွေကို စာမေးပွဲ အောင်ရုံသက်သက်မဟုတ်၊ ကိုယ့်ဘဝအတွက် အကျိုးဖြစ်ထွန်းဖွယ်ပဲလို့ စိတ်အစဉ်မှာခွဲခြားထားပြီး တစ်သက်တာဆည်းပူးနေကြရလိမ့်မယ်။ ဘာကြောင့်ပါလဲ။ စာပေဆိုတာ လေ့လာလေ၊ ကြိမ်ဖန်များစွာ ဖတ်ရှုလေ တန်ဖိုးရှိမှန်း သိလာလို့ပဲဖြစ်ပါတယ်။ ပြဋ္ဌာန်းစာအုပ်တိုင်း မှာ သင်ခန်းစာတွေ အမျိုးမျိုးပေးတတ်ပါတယ်။ ဖတ်လေတိုင်း၊ လေ့လာတိုင်း နားလည်လေတော့ ကျောင်းနေရတာ ပျော်စရာဖြစ်လာပါတယ်။

တပည့်တွေဟာ ဆုံးမနာယူမှုရှိကြရပါမယ်။ ညီညာထကြွ၊ တလေးတစားကြိုဆိုခြင်း၊ သင်ယူခြင်း၊ တွေးတောကြံဆနိုင်ဖို့ ဆရာတို့ ပေးတဲ့ သင်ခန်းစာဆိုင်ရာတွေရွတ်ဖတ်ခြင်း၊ အမေးပုစ္ဆာတွေကို ဖြေဆိုခြင်းတို့ကို လုပ်ကြခြင်းဖြင့် အဆင့်တိုင်းအဆင့်တိုင်း၌ တတ်မြောက်မှုတစ်ခုကို ရရှိသွားကြပေလိမ့်မယ်။ ကျောင်းသားတစ်ဦးဟာ တန်ဖိုးရှိတဲ့အချိန်တိုအတွင်းမှာ သင်ယူစရာတွေသင်ယူလိုက်ရင် ဘဝခရီးကို စိတ်ချယုံကြည်စွာ လျှောက်နိုင်မှာဖြစ်ပါတယ်။

လူမှုဘဝမှာကြုံတွေ့ရတတ်တဲ့ ဥပဒေပြုဆိုင်ရာတွေလည်း လေ့လာဆည်းပူးကြရလိမ့်မယ်။ အိမ်တွင်းမှု စီးပွားရေးပညာတွေ၊ အဆင့်မြင့် စီးပွားရေးအတတ်ပညာတွေ၊ ဘဏ်လုပ်ငန်းကြီးတွေ၊ ကုမ္ပဏီကြီးတွေမှာ ခေတ်မီနည်းပညာတွေသုံးပြီး အလုပ်လုပ်နိုင်အောင် တက္ကသိုလ်၊ ကောလိပ်တွေမှာ ပညာပြီးဆုံးအောင်သင်ယူကြရလိမ့်မယ်။ ပညာသင်ယူလိုစိတ်၊ ပညာတတ်လိုစိတ်ရှိဖို့ပါပဲ။ ကျွမ်းကျင်မှုကိုရရှိမယ့် သင်ယူမှုကို တိုးမြှင့်ရပါလိမ့်မယ်။ ဆရာ၊ ကျောင်းသား၊ မိဘပြည်သူတွေ ကလည်း ယုံကြည်မှုအပြည့်နဲ့ ရှေ့သို့ချီတက်ကြရလိမ့်မယ်။

ကောလိပ်၊ တက္ကသိုလ်တွေဟာ လူငယ်တွေကို ပညာရပ်တွေ၊လူမှု ဆက်ဆံရေး၊ နိုင်ငံတော်ဆိုတဲ့ အသိတွေ၊ နိုင်ငံသားတစ်ယောက်ရဲ့ စည်းကမ်းတွေကို ထပ်လောင်းပြီးသင်ပေးတဲ့ အဖွဲ့အစည်းတွေပါပဲ။ ဘယ်ဒေသမှာဖြစ်ဖြစ် ရှိနေတဲ့ကျောင်း၊ တက္ကသိုလ်ကဆရာဟာ မိမိရောက်နေတဲ့ဒေသရဲ့ Learning Environment ကို ကောင်းမွန်အောင်၊ လူများစုသင်ယူလေ့လာနိုင်တဲ့ ပတ်ဝန်းကျင်ကောင်းဖြစ်တဲ့ထိ မျှော်မှန်းပြီး ဆောင်ရွက်ဖို့ ဖြစ်လာပါတယ်။ သင်ရိုးညွှန်းတမ်းတွေဟာ ကျေနပ်အားရဖွယ် ဖတ်ချင်စဖွယ်ဖြစ်နေမယ်၊ သင်ကြားပို့ချသူ ဆရာအပေါင်းတို့ဟာလည်း ပြင်ဆင်မှုနဲ့ကြီးကြပ်မှု၊ အကဲခတ်စစ်ဆေးမှု တွေဟာ ကောင်းနေပြီဆိုတဲ့အနေအထားရောက်ပြီမို့ ကျောင်းနေရတာ ပျော်သထက်ပျော်မယ်၊ စာလည်း တော်သထက်တော်လာပါလိမ့်မယ်။

တက္ကသိုလ်များ၏ အနာဂတ်အခန်းကဏ္ဍ

မြန်မာနိုင်ငံရဲ့ အနာဂတ်ပညာရေးဟာ ဝေဖန်သုံးသပ်နိုင်ခြင်း၊ တီထွင်ကြံဆနိုင်ခြင်း လေ့လာစရာ နယ်ပယ်သစ်တွေကို ဖြစ်နိုင်စွမ်း ရှိအောင်မျှော်မှန်းပြီး ဆောင်ရွက်ကြရမယ့် ခရီးရှည်ဖြစ်ပါတယ်။ ဒီနေ့ လူ့အဖွဲ့အစည်း၊ ကုမ္ပဏီအဖွဲ့အစည်း၊ လူတန်းစားအလွှာအသီးသီးရဲ့ လိုအပ်ချက်တစ်ခုက စဉ်းစားဆင်ခြင်တတ်တဲ့ လူ့စွမ်းအားအရင်း အမြစ်ဖြစ်ပါတယ်။

ကမ္ဘာ့စစ်ပွဲကြီးနှစ်ခုရဲ့ အနိဋ္ဌာရုံကိုကြည့်ပြီး နောင်သောအခါ တတိယကမ္ဘာစစ်ပွဲကြီးမဖြစ်အောင်၊ လူမှုစီးပွားရေးပြာကျသွားစေတဲ့ စစ်ပွဲကြီးတွေ၊ အကြမ်းဖက်မှုစစ်ပွဲတွေ မဖြစ်ပွားအောင်၊ အကြမ်းဖက်နိုင်ထက်စီးနင်းဖြစ်စေတဲ့ တောရိုင်းတိရစ္ဆာန်တို့ရဲ့ဥပဒေသနဲ့ လောကကြီးအားလွှမ်းမိုးမှုမရှိအောင်လည်း သတိနဲ့ယှဉ်ပြီး လေ့လာကြ ရလိမ့်မယ်။ အနာဂတ်မှာ သင်ယူလေ့လာမှုအဖွဲ့အစည်းဟာ ကြီးမားကျယ်ပြန့်တာကတစ်ကြောင်း၊ ဒေသမရွေး သင်ယူမှုအခွင့်အလမ်း ပေးနိုင်မယ့် ပညာရေးစနစ်ကို တည်ထောင်နေတာကတစ်ကြောင်းမို့ တက္ကသိုလ်တွေရဲ့အခန်းကဏ္ဍဟာ လူ့ဘောင်က လိုအပ်တဲ့ပညာ ရပ်တွေကိုပေးနိုင်မယ့် အနေအထားဖြစ်အောင် အစဉ်တစိုက်ကြိုးပမ်းနေရလို့ပဲဖြစ်ပါတယ်။ မြန်မာ့ပညာရေးက ထုတ်လုပ်ပေးနေတဲ့လူ့စွမ်းအားအရင်းအမြစ်ဟာ ပြည်သူတွေအတွက် ဝန်ဆောင်မှုပေးရာမှာ တန်ဖိုးအရှိဆုံးအမှတ်ကို ရောက်ဖို့စူးစိုက်ရပါမယ်။ ဒီလမ်းခရီးမှာ အနှောင့်အယှက် အခက်အခဲနဲ့ကြုံမယ်ဆိုရင် ခရီးဟာပိုကြာနိုင်ပါတယ်။

တီထွင်ဆန်းသစ်နိုင်သောပညာ

မြေကြီးမှ ရွှေသီးဖို့၊ အဘက်ဘက်မှပြည့်စုံဖို့ဆိုရင် သူ့အလိုလို ဖြစ်လာမှာမဟုတ်ပါ။ မိမိမှာရှိတဲ့ ကိုယ်ပိုင်အရည်အချင်း လေးမျိုး ဖြစ်တဲ့ ဆန္ဒ၊ ဝီရိယ၊ စိတ္တနဲ့ ဝိမံသ (ပညာ) တို့ကို အခြေခံရပါမယ်။ ပညာရေးရဲ့အနှစ်သာရဟာ ပြည်သူတွေကို ဘဝသစ်ဖန်တီးနိုင်ရေးပဲ ဖြစ်ပါတယ်။ ကိုယ့်တိုင်းရင်းသားအပေါင်းက တညီတညွတ်တည်း ကိုယ့်အားကိုယ်ကိုးကြရမယ်။ သိပ္ပံပညာရပ်ထွန်းကားရေး၊ နိုင်ငံရေးနဲ့စီးပွားရေးတွေကအစ တီထွင်ဖန်တီးဆန်းသစ်နိုင်တဲ့ ပညာရပ်တွေကို တက္ကသိုလ်မှာ ရှာဖွေကြပြီး ကိုယ့်ဒေသလိုအပ်ချက်ကို ဦးစွာဖြည့်ဆည်း ပေးနိုင်မှာဖြစ်ပါတယ်။ တကယ့်ကို မြင့်မြင့်မားမားပညာတတ်မှ၊ ကျွမ်းကျင်မှ၊ ဖန်တီးမှုရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကသာ ဆက်လက်ရှင်သန်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ လူ့ဘောင်ရဲ့ ညီညွတ်မှုနဲ့ တည်ငြိမ်အေးချမ်းမှုကို ရှေးရှုနိုင်မှာဖြစ်ပါတယ်။ ဘဝသစ်မှာ ကိုယ်၊စိတ် နှစ်ဖြာအေးချမ်းဖို့၊ အကြမ်းမဖက်တဲ့လူ့အသိုင်းအဝိုင်း တည်ထောင်နိုင်ဖို့ပဲဖြစ်ပါတယ်။ ဉာဏ်အမြော်အမြင်ဟာ တိုင်းပြည်ရဲ့ကံကြမ္မာကို ဖန်တီးဖော်ဆောင်ပါလိမ့်မယ်။

ကောင်းပါပြီ၊ ဒီဆောင်းပါးကို ဒီလို နိဂုံးချုပ်ချင်ပါတယ်။

၂၁ ရာစုရဲ့ အနာဂတ်ကိုရင်ဆိုင်ဖို့ ခေတ်အဆက်ဆက်က ပြည်သူတွေထက် ကျွန်တော်တို့ရဲ့ပညာဉာဏ်၊ ဉာဏ်ရည် ဉာဏ်သွေးအမြော်အမြင်တွေ ပိုလိုအပ်ပါလိမ့်မယ်။ နှလုံး သား အရည်အသွေးတွေပိုလိုအပ်ပါလိမ့်မယ်။ ရေရှည်အကျိုး ကိုမျှော်ကိုးပြီး ပညာရေးခရီးကိုဆက်ကြရာမှာ မျိုးဆက်သစ်လူငယ်လူရွယ်တွေဟာ ကျောင်းနေပျော်၍ စာတော်အောင်နဲ့ လူကောင်းလူတော်တွေဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ။