အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ၂၀၂၄ ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှုများ
မောင်တည်ကြည်
(ယမန်နေ့မှ အဆက်)
တားဆီးကာကွယ်ခြင်းကဏ္ဍ
အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) တွေကို ၂၀၁၉ ခုနှစ်မှစပြီး ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့ အစည်း ၁၄ ခုမှာ ရှေ့ပြေးစီမံကိန်းအဖြစ် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်အထိ ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်း ၃၇ ခု၊ နေပြည်တော်ကောင်စီနဲ့ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ၁၅ ခု မှာ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့တွေ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့တာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းတွေကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ခဲ့တာ တွေ့ရှိရပါတယ်။
ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများရှိ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့တွေရဲ့ ၂၀၂၄ ခုနှစ်အတွင်း လုပ်ငန်းအစီအစဉ် ၆ ရပ် အပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုတွေကတော့ ဆောင်းပါးအတွင်းပါရှိတဲ့ အခြေပြမျဉ်းဂရပ်အချက်အလက်များအရ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များရှိ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့တွေရဲ့ ၂၀၂၄ ခုနှစ်အတွင်း လုပ်ငန်းအစီအစဉ် ၆ ရပ်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုတွေကိုလည်း ဂရပ်ဖြင့် သီးသန့်ဖော်ပြထားပါတယ်။
ဖွဲ့စည်းထားတဲ့ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့တွေအနေနဲ့ အဂတိလိုက်စားမှုတွေ ဆက်လက်မဖြစ်ပေါ်စေဖို့အတွက် တားမြစ်ထိန်းချုပ်သွားဖို့ အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်းနဲ့ စပ်လျဉ်းပြီး ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း ၁၄ ခုနဲ့ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ တစ်ခုမှာသာ ဆောင်ရွက်ထားတာကို တွေ့ရှိရပါတယ်။
စုံစမ်းစစ်ဆေးရေးအရေးယူခြင်းကဏ္ဍ
ဥပဒေမူဘောင်ခိုင်မာရေးအတွက် ကော်မရှင်ဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပြန်လည်သုံးသပ်ရေးအစည်းအဝေးတွေကို ကျင်းပခဲ့ပြီး ပြန်လည်သုံးသပ်ရေးအဖွဲ့ရဲ့ သုံးသပ်ချက်အစီရင်ခံစာကို ၈-၁၂-၂၀၂၃ ရက်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးကို တင်ပြခဲ့ကြောင်းနဲ့ ဥပဒေပြင်ဆင်တဲ့ ကိစ္စရပ်တွေ ပြီးမြောက်သွားရင် ဥပဒေပြင်ဆင်ချက်တွေနဲ့အညီ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနည်းဥပဒေအသစ် ထုတ်ပြန်နိုင်ဖို့ ဆက်လက်ဆောင်ရွက်မယ်ဆိုတာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ရေးဆွဲထားတဲ့ အများပြည်သူ အကျိုးထုတ်ဖော်သတင်းပေးသူတွေကို အကာအကွယ်ပေးရေးဥပဒေ (မူကြမ်း) ကို သုံးသပ်စိစစ်ဆောင်ရွက်လျက်ရှိတာကို တွေ့ရှိရပါတယ်။
စုံစမ်းစစ်ဆေးအရေးယူခြင်း ကဏ္ဍအနေနဲ့ ကော်မရှင်ကို ပေးပို့လာတဲ့ တိုင်ကြားစာတွေအပေါ် စိစစ်သုံးသပ်ပြီး ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းတွေကနေ စိစစ်ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေဖြစ်ပါက သက်ဆိုင်ရာ ဝန်ကြီးဌာန/ အဖွဲ့ အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့တွေဆီ လွှဲပြောင်းပေးပို့ခြင်း၊ ကော်မရှင်က အရေးယူရန်ရှိပါက စုံစမ်းစစ်ဆေးတရားစွဲတင်ဆောင်ရွက်ခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ သက်ဆိုင်ခြင်းမရှိတဲ့တိုင်ကြားစာ၊ သက်သေအထောက်အထားခိုင်လုံမှုမရှိတဲ့ တိုင်ကြားစာတွေကို ကျိုးကြောင်းဖော်ပြပြီး တိုင်ကြားသူထံ အကြောင်းပြန်ကြားခြင်းတွေ ဆောင်ရွက်လျက်ရှိတာကို တွေ့ရှိရပါတယ်။
၂၀၂၄ ခုနှစ်မှာ ကော်မရှင်ရုံး နေပြည်တော်ကို တိုင်ကြားစာ ၁၁၆၆ စောင်၊ ကော်မရှင်ရုံးခွဲ (ရန်ကုန်) ကို တိုင်ကြားစာ ၂၆ စောင်၊ ကော်မရှင်ရုံးခွဲ (မန္တလေး)ကို တိုင်ကြားစာ ၁၆ စောင်၊ ကော်မရှင်ရုံးခွဲ (တောင်ကြီး)ကို တိုင်ကြားစာ ၁၁ စောင်၊ ကော်မရှင်ရုံးခွဲ (မော်လမြိုင်) ကို တိုင်ကြားစာခြောက်စောင်အပါအဝင် တိုင်ကြားစာ စုစုပေါင်း ၁၂၂၅ စောင် လက်ခံရရှိပါတယ်။ ၂၀၁၄ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ နှစ်အလိုက် တိုင်ကြားစာများ လက်ခံရရှိမှုတွေကတော့ ဆောင်းပါးအတွင်း သီးသန့်ဂရပ်ဖြင့် ဖော်ပြထားပါတယ်။
၂၀၂၄ ခုနှစ်မှာ ကော်မရှင်က လက်ခံရရှိတဲ့ တိုင်ကြားစာတွေရဲ့ အခြေအနေများနှင့် ၂၀၂၄ ခုနှစ် မှာ လက်ခံရရှိတဲ့ တိုင်ကြားစာတွေအပေါ်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်း အောက်ဖော်ပြပါ ဇယားများတွင် တွေ့မြင်နိုင်ပါတယ်။
အရေးယူဆောင်ရွက်ပေးနိုင်တဲ့ တိုင်ကြားစာ ၈၁၃ စောင်နဲ့ ပတ်သက်လို့ ကော်မရှင်က စုံစမ်းစစ်ဆေးတဲ့ တိုင်ကြားစာ ၁၀ စောင်၊ ပြည်ထောင်စုဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့တွေထံ အရေးယူဆောင်ရွက်ဖို့ လွှဲပြောင်းပေးပို့တဲ့ တိုင်ကြားစာ ၅၃၄ စောင်နဲ့ တိုင်ကြားသူတစ်ဦးချင်းထံကို တိုင်ကြားစာပါအကြောင်းအရာနဲ့ စပ်လျဉ်းလို့ ဆောင်ရွက်သင့်တာကို ဖော်ပြအကြံပြုချက်တွေနဲ့ ပြန်ကြားပေးတဲ့ တိုင်ကြားစာ ၂၆၉ စောင်ဖြစ်တာကို လေ့လာတွေ့ရှိရပါတယ်။
စုံစမ်းစစ်ဆေးတရားစွဲတင်ပို့မှုနှင့် လွှဲပြောင်းပေးပို့မှု
၂၀၂၄ ခုနှစ်မှာ တိုင်ကြားစာ ၁၀ စောင်ကို စုံစမ်းစစ်ဆေးဆောင်ရွက်ခဲ့ရာမှာ လူပုဂ္ဂိုလ် ၄၂ ဦးကို ရာဇဝတ်ကြီးမှု ၂၇ မှု၊ ရာဇဝတ်အထွေထွေမှု
ခြောက်မှုတို့နဲ့ သက်ဆိုင်ရာတိုင်းဒေသကြီး တရားလွှတ်တော်တို့မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ တရားစွဲတင်ပို့ခဲ့ပြီး နိုင်ငံ့ဝန်ထမ်း ၂၁ ဦးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၀ (ခ) နဲ့အညီ သက်ဆိုင်ရာဌာနတွေထံ လွှဲပြောင်းပေးပို့ အရေးယူဆောင်ရွက်နိုင်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ်မှာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များထံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၁၆ (ဍ) အရ လွှဲပြောင်းပေးပို့တဲ့ တိုင်ကြားစာတွေအပေါ် သက်ဆိုင်ရာဌာနအဖွဲ့အစည်းမှ ဝန်ထမ်း ၂၈၇ ဦးအား ဝန်ထမ်းစည်းကမ်းအရ အရေးယူဆောင်ရွက်ခဲ့ပါတယ်။
ကော်မရှင်စတင်ဖွဲ့စည်းတဲ့ ၂၀၁၄ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ တိုင်ကြားစာအပေါ် အရေးယူဆောင်ရွက်နိုင်ခဲ့မှုတွေကို အောက်ဖော်ပြပါ ဇယားမှာ လေ့လာတွေ့ရှိနိုင်ပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ စုံစမ်းစစ်ဆေးတရားစွဲတင်ဆောင်ရွက်နိုင်ခဲ့တဲ့ အမှုတွေမှ ပြည်သူ့ဘဏ္ဍာသိမ်းဆည်းနိုင်မှု၊ နိုင်ငံ့ဘဏ္ဍာကို ပြန်လည်ပေးသွင်းနိုင်မှုနဲ့ ကာကွယ်နိုင်မှုတွေကို စာရင်းဇယားများဖြင့် လေ့လာကြည့်နိုင်ပါတယ်။
နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
ကော်မရှင်အနေနဲ့ အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနဲ့ သက်ဆိုင်တဲ့ နယ်ပယ်တွေမှာ သတင်းအချက်အလက်ဖလှယ်ခြင်း၊ အတွေ့အကြုံနဲ့ ကောင်းမွန်တဲ့ အလေ့အကျင့်တွေ မျှဝေခြင်းနဲ့ အပြည်ပြည်ဆိုင်ရာနဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့အတွက် အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ ASEAN – Parties Against Corruption (ASEAN-PAC) ကို ၂၀၁၃ ခုနှစ်မှာ ဝင်ရောက်ခဲ့ပါတယ်။
ဒါ့အပြင် ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ ထိုင်း၊ လာအို၊ ကိုရီးယား၊ အိန္ဒိယ၊ ကမ္ဘောဒီးယားရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့အစည်းတွေနဲ့ရော အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့အစည်းတွေနဲ့ပါ နားလည်မှု
စာချွန်လွှာ MoU ရေးထိုးပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးနဲ့ ရေးထိုးထားတဲ့ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MoU) ကို အကောင်အထည်ဖော်ဆောင်ရွက်မှုအနေနဲ့ ၄-၉-၂၀၂၄ ရက်မှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့မှာ ၂၀၂၄- ၂၀၂၆ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအစီအစဉ်ကို ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ် H.E. Mr. Igor Kransnov တို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဆက်လက်ပြီး လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေတဲ့ ASEAN-PAC အဖွဲ့ဝင်နိုင်ငံတွေနဲ့လည်း လက်မှတ်ရေးထိုးနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားတာကို တွေ့ရှိရပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့ ပူးပေါင်းပြီး “The Round Table Discussion on Proceeds of Corruption Related Asset Recovery” နဲ့ “Workshop on Issues against Corruption” တို့ကို နေပြည်တော် ရွှေနန်းတော်ဟိုတယ်မှာ ၂၇-၁၁-၂၀၂၄ ရက်က ကျင်းပခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး ဦးဆောင်ပြီး ကော်မရှင်အတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ အရာထမ်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း ၅၂ ဦးနဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးမှ Mr. BAZHUTOV Sergey, Mr. KIRILL Bukhtenkov, Ms. GANTSEVA Svetlana, Mr. GUDKOV Nikolay, Ms. SHIKHANOVA Anna, Mr. SHEVCHENKO Vitaly တို့ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။
နိုင်ငံတကာမှာ ကျင်းပတဲ့ အစည်းအဝေး၊ ညီလာခံ၊ အလုပ်ရုံဆွေးနွေးပွဲတွေကို In Person နဲ့ ၁၃ ကြိမ်၊ Virtual Format နဲ့ ၄ ကြိမ် တက်ရောက်နိုင်ခဲ့တဲ့အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ကောင်းမွန်တဲ့ အလေ့အထတွေ၊ အတွေ့အကြုံတွေ ဖလှယ်နိုင်ခဲ့ပြီး ကော်မရှင်က ဆောင်ရွက်လျက်ရှိတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းတွေအတွက် များစွာအထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
