Skip to main content

အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံးမြှင့်တင်ဆောင်ရွက်ပေး “From science to global action”

ဒေါက်တာဆန်းဝင်းနှင့် အဖွဲ့ (ရာသီဥတုပြောင်းလဲမှုဆိုင်ရာဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန)

နိဒါန်း

ကမ္ဘာ့မြေထုကို လေထုအလွှာလေးလွှာက ဝန်းရံထားပါသည်။ လူနှင့်သတ္တဝါတို့အတွက် လေသည် မရှိမဖြစ်လိုအပ်သော ပြန်ပြည့်မြဲ သဘာဝသယံဇာတတစ်မျိုးဖြစ်ပါသည်။ လူသတ္တဝါတို့နှင့် အနီးဆုံး လေထုအလွှာမှာ လေထုပထမအလွှာဖြစ်သည့် ထရိုပိုစဖီးယားအလွှာ ဖြစ်ပါသည်။ ပုံမှန်အားဖြင့် လေထုထဲတွင် နိုက်ထရိုဂျင် ၇၈ ရာခိုင်နှုန်း၊ အောက်ဆီဂျင် ၂၁ ရာခိုင်နှုန်း၊ ကာဗွန်ဒိုင်အောက်ဆိုက်နှင့် အခြားဓာတ်ငွေ့များ တစ်ရာခိုင်နှုန်းပါဝင်ပြီး လူအပါအဝင် သတ္တဝါတို့၏ ကျန်းမာရေးအတွက် အထောက်အကူပြုပါသည်။ ကမ္ဘာမြေ (ခေါ်) ကမ္ဘာဂြိုဟ်မှာ နေစကြဝဠာ အဖွဲ့အစည်းအတွင်း ဖွဲ့စည်းဖြစ်ပေါ်နေသဖြင့် နေစွမ်းအင်သည် ကမ္ဘာပေါ်ရှိ သက်ရှိ၊ သက်မဲ့ဒြပ်ထုများ၏ ဖြစ်ပျက်ပြောင်းလဲမှုဖြစ်စဉ်အပေါ် ထိန်းကျောင်းနေသည့်သဘော သဘာဝရှိပါသည်။ နေမှအပူနှင့် အလင်းစွမ်းအင်ကို အဓိကထုတ်လွှတ်ရာတွင် နျူကလီးယားပေါင်းစည်းမှုဖြစ်စဉ် (Nuclear Fusion) အရ အပူနှင့် အလင်းစွမ်းအင် ဦးစွာထွက်ပေါ်လာပြီး နေစကြဝဠာအတွင်းသို့ လျှပ်စစ်သံလိုက်လှိုင်း {electromagnetic radiation (EM wave)} အနေဖြင့် ဖြန့်ကြက်ပေးလျက်ရှိပါသည်။ လျှပ်စစ်သံလိုက်လှိုင်းတွင် အနီအောက်ရောင်ခြည် (infrared)၊ သာမန်မျက်စိဖြင့်မြင်နိုင်သောရောင်ခြည် (အလင်း) (visible light) နှင့် ခရမ်းလွန်ရောင်ခြည်များ (Ultraviolet rays – UVA, UVB, UVC) တို့ ပါဝင်ပါသည်။ ခရမ်းလွန် ရောင်ခြည်များသည် လေထုအပြင်ဆုံးအလွှာ (Exosphere)၊ လေထု စတုတ္ထအလွှာ (Thermosphere)၊ တတိယအလွှာ (Mesosphere) တို့ကို လွတ်လပ်စွာဖြတ်သန်းနိုင်သော်လည်း လေထုဒုတိယအလွှာ၏ အပြင်လွှာသို့ရောက်ရှိသည့် အိုဇုန်းအလွှာ၏ စုပ်ယူတားဆီးခြင်းခံရပါသည်။ အဆိုပါဖြစ်စဉ်တွင် ခရမ်းလွန်ရောင်ခြည် သုံးမျိုးအနက် UVB နှင့် UVC တို့မှာ အိုဇုန်းလွှာ၏ စုပ်ယူထိန်းထားခြင်းခံရပြီး UVA တစ်မျိုးသာ အိုဇုန်းလွှာကို ၉၅ ရာခိုင်နှုန်းဖြတ်သန်း၍ ကမ္ဘာမြေသို့ အများဆုံးရောက်ရှိပါသည်။

နေရောင်ခြည်၏ ကောင်းကျိုးနှင့် ဆိုးကျိုး

နေရောင်ခြည်သည် ကမ္ဘာမြေအတွက် ကောင်းကျိုးများစွာ အကျိုးပြုလျက်ရှိနေသော်လည်း နေရောင်ခြည်လွန်ကဲစွာ ထိတွေ့ခံစားရပါက ဆိုးကျိုးများစွာဖြစ်ပေါ်စေနိုင်ပါသည်။ Sunburn ဟု ခေါ်သောနေလောင်ခြင်းဖြစ်ရခြင်းမှာ နေရောင်အောက်တွင် ကြာရှည်အလုပ်လုပ်ကိုင်ခြင်း၊ သွားလာလှုပ်ရှားခြင်း များပြားလာသည့်အခါ နေရောင်ခြည်တွင်ပါဝင်သော ခရမ်းလွန်ရောင်ခြည် (Ultraviolet-UV) နှင့် ထိတွေ့မှုများသည့်အတွက်ကြောင့်ဖြစ်ပါသည်။ လူတို့၏အရေပြားအောက်ရှိ melanocyte ဆဲလ်များက ခရမ်းလွန်ရောင်ခြည်သင့်မှုအန္တရာယ်မှ တားဆီးကာကွယ်ရန်အတွက် melanin များ ထုတ်ပေးသော်လည်း ခရမ်းလွန်ရောင်ခြည်က ခန္ဓာကိုယ်ခုခံကာကွယ်နိုင်စွမ်းထက် ပိုများလာသည့်အခါ နေလောင်ခြင်းဝေဒနာကို ခံစားကြရပါသည်။

အိုဇုန်းလွှာ

ကမ္ဘာမြေကြီးကို ဝန်းရံထားသည့်လေထုကို လေထုအပူချိန်ပေါ် မူတည်ပြီး လေထုအလွှာလေးခုဖြင့် ဖွဲ့စည်းထားကြောင်း သိပ္ပံပညာရှင်များက သတ်မှတ်ခဲ့ပါသည်။ ပထမအလွှာမှာ ထရိုပိုစဖီးယား (Troposphere) ဖြစ်ပြီး မြေမျက်နှာပြင်မှစတင်၍ အမြင့်ရှစ်ကီလိုမီတာ မှ ၁၅ ကီလိုမီတာအထိ လည်းကောင်း၊ ဒုတိယအလွှာမှာ စထရာတိုစဖီးယား (Stratosphere)ဖြစ်ပြီး ထရိုပိုစဖီးယားအလွှာမှာအမြင့် ၅၀ ကီလိုမီတာအထိလည်းကောင်း၊ တတိယအလွှာမှာ မီဆိုစဖီးယား (Mesosphere) ဖြစ်ပြီးအမြင့် ၅၀ ကီလိုမီတာမှ ၈၅ ကီလိုမီတာအထိလည်းကောင်း၊ စတုတ္ထအလွှာမှာ သာမိုစဖီးယား (Thermosphere) ဖြစ်ပြီး အမြင့် ၈၅ ကီလိုမီတာမှ ကီလိုမီတာ ၆၀၀ အထိလည်းကောင်း အသီးသီးတည်ရှိပါသည်။ အိုဇုန်းလွှာသည် ကမ္ဘာ့လေထု၏ ဒုတိယအလွှာ (Stratosphere) တွင် ပါးလွှာသည့်အငွေ့တန်းအဖြစ် တည်ရှိနေပါသည်။

ကောင်းမွန်သည့်အိုဇုန်းလွှာမှာ ပျမ်းမျှ ၂၂၀ ဒေါ့ဘ်ဆန်ယူနစ် (Dobson Unit - DU) ရှိပြီး အဆိုပါအထူထက် လျော့နည်းပါက အိုဇုန်းလွှာပါးလွှာခြင်း (သို့) အပေါက်ဖြစ်ခြင်း(Ozone hole) ဟု သတ်မှတ်ပါသည်။

အိုဇုန်းလွှာ၏ အရေးပါပုံ

အိုဇုန်းလွှာသည် လေထုအတွင်း သဘာဝအလျောက်တည်ရှိသည့် အိုဇုန်းဓာတ်ငွေ့များဖြင့် ဖွဲ့စည်းထားသော ပါးလွှာသည့်အလွှာတစ်ခုဖြစ်ပြီး ကမ္ဘာမြေကို နေရောင်ခြည်၏ အန္တရာယ်ရှိသော ခရမ်းလွန်ရောင်ခြည်များမှ ကာကွယ်ပေးကာ ကမ္ဘာပေါ်ရှိသက်ရှိများ ရှင်သန်ရေးအတွက် အထောက်အကူပြုပါသည်။ ကျွန်ုပ်တို့လူသားများအပါအဝင် သက်ရှိသတ္တဝါနှင့်အပင်များကို အလွန်အန္တရာယ်ဖြစ်စေနိုင်သည့် နေရောင်ခြည်တွင်ပါလာသော ခရမ်းလွန်ရောင်ခြည် (Ultraviolet Radiation- UV) ကို ကမ္ဘာ့အိုဇုန်းလွှာက ထီးသဖွယ်ကာကွယ်တားဆီးပေးပါသည်။ ထိုကဲ့သို့ သဘာဝကဖန်တီးပေးထားသည့် အိုဇုန်းလွှာထိခိုက်ပျက်စီးသွားမည်ဆိုပါက နေရောင်ခြည်နှင့်အတူပါလာမည့် ခရမ်းလွန်ရောင်ခြည်များ မြေပြင်ပေါ်သို့ ကျရောက်လာပြီး လူနှင့် သတ္တဝါများအားလုံး ရောဂါဘေးအန္တရာယ်များစွာနှင့် မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ကြရမည်ဖြစ်ပါသည်။

လူသားတို့၏ကျန်းမာရေးအတွက် အကာအကွယ်အပြည့်အဝပေးနိုင်ရန် အိုဇုန်းလွှာ၏ ပျမ်းမျှရှိရမည့် အထူ ၃၀၀ ဒေါ့ဘ်ဆန်ယူနစ် ရှိရမည့်အစား ၁၉၈၁- ၁၉၈၂ ခုနှစ်တွင် ၂၂၀ ဒေါ့ဘ်ဆန်ယူနစ်အောက် သာရှိကြောင်း တွေ့ရှိချက်အရ အန္တာတိကတိုက်ပေါ်ရှိ အိုဇုန်းလွှာပါးလွှာမှုကို ပထမဆုံးအိုဇုန်းအပေါက်ဟု ခေါ်ဝေါ်သိရှိခဲ့ကြခြင်းဖြစ်ပါသည်။

ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ

ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးလှုပ်ရှားမှုများသည် ၁၉၇၀ နှင့် ၁၉၈၀ ပြည့်နှစ်များအတွင်း အန္တာတိကတိုက်အပေါ်ဘက်ရှိ လေထု၏ ဒုတိယအလွှာ (Stratosphere) တွင်တည်ရှိသည့် အိုဇုန်းလွှာအပေါက်ဟုခေါ်သော သာမန်ထက်အလွန်ပါးလွှာသည့်နေရာတစ်ခုကို သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိရာမှစတင်၍ အစပြုခဲ့ခြင်းဖြစ်ပါသည်။

အိုဇုန်းလွှာ၏အရေးပါမှုနှင့် အိုဇုန်းလွှာကိုကာကွယ်ရန် လိုအပ်သည့် လုပ်ဆောင်ချက်များကို အသိပညာပေးရန်ရည်ရွယ်၍ “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့” ကို စက်တင်ဘာလ ၁၆ ရက်နေ့တွင် နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပါသည်။

အိုဇုန်းလွှာပျက်စီးခြင်းနှင့် ရာသီဥတုပြောင်းလဲမှု

သာမန်အားဖြင့် အိုဇုန်းလွှာပျက်စီးမှုနှင့် ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေခြင်းမျိုးမရှိသော်လည်း အအေးပေးစနစ်များနှင့် မီးသတ်ဆေးဘူးများတွင်အသုံးပြုသော ပေါင်းစပ်ဓာတ်ငွေ့အရည် (သို့မဟုတ်) အအေးပေးဒြပ်ပစ္စည်းများ လေထုထဲသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိသွားသောအခါ အိုဇုန်းလွှာကို ထိခိုက်ပျက်စီးစေသကဲသို့ ကမ္ဘာ့လေထုအပူချိန်ကိုပါ ပိုမိုတိုးပွားစေသည့်အာနိသင်ကြောင့် ရာသီဥတုစနစ်အတွင်း ပြောင်းလဲမှုများကို ဖြစ်ပွားစေပါသည်။ ကလိုရိုဖလူရိုကာဗွန် (CFCs)၊ ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs) စသည့် ကလိုရင်းပါဝင်သောဓာတ်ငွေ့များသည် အိုဇုန်းလွှာပျက်စီးစေသော အဓိကဒြပ်ပစ္စည်းများဖြစ်သကဲ့သို့ ကမ္ဘာ့ပူနွေးမှုအလားအလာ (Global Warming Potential-GWP) မြင့်သည့် မှန်လုံအိမ်အာနိသင်ရှိသော ဓာတ်ငွေ့များဖြစ်သည့်အတွက်နေမှ ကမ္ဘာမြေမျက်နှာပြင်ပေါ်သို့ ဖြာထွက်ကျလာသော ရောင်ခြည်များမှ အပူစွမ်းအင်နှင့် ကမ္ဘာ့မျက်နှာပြင်မှ ပြန်ထွက်လာသောအပူကို ဖမ်းယူထားပြီး ကမ္ဘာ့လေထုကို ပိုမိုပူနွေးစေပါသည်။ ကလိုရိုဖလူရိုကာဗွန် (CFCs) ဓာတ်ငွေ့များသည် လေထုအတွင်း ၅၅ နှစ်‌မှ နှစ်ပေါင်း ၁၄၀ အထိ လည်းကောင်း၊ ဟိုက်ဒရိုကလိုရို ဖလူရိုကာဗွန် (HCFCs) ဓာတ်ငွေ့များသည် ၁၃ နှစ် အထိလည်းကောင်း တည်ရှိနိုင်သည့်အပြင် ၎င်းတို့တွင်ပါဝင်သည့် ကလိုရင်းအက်တမ်တစ်လုံးသည် စထရာတိုစဖီးယား လေထုအလွှာရှိ အိုဇုန်းမော်လီကျူးအရေအတွက် ၁၀၀၀၀၀ အထိကို ဖြိုခွဲဖျက်ဆီးနိုင်သဖြင့် အိုဇုန်းလွှာပျက်စီးစေသော ဖြစ်စဉ်များနှင့်အတူ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကို တွန်းအားပေးနေကြောင်း သိပ္ပံဆိုင်ရာသုတေသနများအရ တွေ့ရှိရပါသည်။

အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ သဘောတူစာချုပ်များနှင့် ပြင်ဆင်ချက်များ

အိုဇုန်းလွှာပျက်စီးမှုနှင့် အကျိုးဆက်များဖြစ်သည့် လူသားတို့၏ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်အပေါ်သက်ရောက်မှုများကို ထိန်းချုပ်ရန် ၁၉၈၅ ခုနှစ်တွင် ဖွံ့ဖြိုးပြီးနိုင်ငံအချို့နှင့် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်တို့ ဦးဆောင်ပြီး အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း (The Vienna Convention for the Protection of the Ozone Layer) ကို ချမှတ်နိုင်ခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် အိုဇုန်းလွှာပျက်စီးစေ သော ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ် (The Montreal Protocol on Substances that Deplete the Ozone Layer) ကို ချုပ်ဆိုနိုင်ခဲ့ပါသည်။ ဆက်လက်၍ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းအသစ်များကို ထပ်မံတွေ့ရှိလာရသည့်အတွက် မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်၏ ပြင်ဆင်ချက်များဖြစ်သည့် ၁၉၉၀ ပြည့်နှစ် လန်ဒန်ပြင်ဆင်ချက် (London Amendment)၊ ၁၉၉၂ ခုနှစ် ကိုပင်ဟေဂင်ပြင်ဆင်ချက် (Copenhagen Amendment)၊ ၁၉၉၇ ခုနှစ် မွန်ထရီရယ်ပြင်ဆင်ချက် (Montreal Amendment)၊ နှင့် ၁၉၉၉ ခုနှစ် ပေကျင်းပြင်ဆင်ချက် (Beijing Amendment) ဟူ၍ လေးကြိမ်တိုင်တိုင် ထပ်မံပြင်ဆင်ကာ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ (Ozone Depleting Substances) ထုတ်လုပ်မှုနှင့်သုံးစွဲမှုများကို ကန့်သတ်ထိန်းချုပ်၍ ဆောင်ရွက်လျက်ရှိပါသည်။ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်အရ အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများအဖြစ် ကလိုရိုဖလူရိုကာဗွန် (CFCs) နှင့် ဟေလွန်အမျိုး အစား ဒြပ်ပစ္စည်း ရှစ်မျိုးတို့ကို စတင်ထိန်းချုပ် ကန့်သတ်ခဲ့ပါသည်။

အိုဇုန်းလွှာပျက်စီးမှုကို ကာကွယ်ထိန်းချုပ်ခြင်းနှင့်အတူ ကမ္ဘာ့ပူနွေးမှုအလားအလာမြင့်မားသည့် ဒြပ်ပစ္စည်းများကိုပါ လျှော့ချနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ရဝမ်ဒါနိုင်ငံကီဂါလီမြို့၌ ပြုလုပ်ခဲ့သည့် မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်အဖွဲ့ဝင်နိုင်ငံများ၏ (၂၈) ကြိမ်မြောက် အစည်း အဝေး ဆုံးဖြတ်ချက်အရ သဘောတူချမှတ်ခဲ့သည့် ဟိုက်ဒရိုဖလူရို ကာဗွန် (HFCs) သုံးစွဲမှုလျှော့ချရေးဆိုင်ရာ ကီဂါလီပြင်ဆင်ချက်ကို မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်၏ ပဉ္စမအကြိမ်မြောက် ပြင်ဆင်ချက်အဖြစ် ပြုလုပ်ခဲ့ပါသည်။

အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာကွန်ဗင်းရှင်း၊ နောက်ဆက်တွဲစာချုပ်နှင့် ပြင်ဆင်ချက်များတွင် မြန်မာနိုင်ငံမှ ပါဝင်ဆောင်ရွက်မှု

အိုဇုန်းလွှာပျက်စီးမှုနှင့် အကျိုးဆက်များဖြစ်သည့် လူသားတို့၏ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကိုထိန်းချုပ်ရန် အိုဇုန်းလွှာကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းကို မြန်မာနိုင်ငံကလည်း ပူးပေါင်း‌ဆောင်ရွက်မည်ဖြစ်ကြောင်း ကတိပြုသည့်အနေဖြင့် ၁၉၉၃ ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ ထိန်းချုပ်ခြင်းဆိုင်ရာ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်နှင့် လန်ဒန်ပြင်ဆင်ချက်တို့ကို ၁၉၉၃ ခုနှစ်တွင်လည်းကောင်း၊ ကိုပင်ဟေဂင်ပြင်ဆင်ချက်ကို ၂၀၀၉ ခုနှစ်တွင်လည်းကောင်း၊ မွန်ထရီရယ်ပြင်ဆင်ချက်နှင့် ပေကျင်းပြင်ဆင်ချက်တို့ကို ၂၀၁၂ ခုနှစ်တွင်လည်းကောင်း အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ လျှော့ချရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံနှင့် ကီဂါလီပြင်ဆင်ချက်

မြန်မာနိုင်ငံသည် အိုဇုန်းလွှာပျက်စီးစေသည့်ဒြပ်ပစ္စည်းများ လျှော့ချရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ကီဂါလီပြင်ဆင်ချက်အား အတည်ပြုလက်မှတ်ရေးထိုးနိုင်ရေးကြိုတင်ပြင်ဆင်မှုများအနေဖြင့် ဟိုက်ဒရိုဖလူရိုကာဗွန် (HFCs) သုံးစွဲမှုနှင့်ပတ်သက်သည့် အချက်အလက်များ ကောက်ယူခြင်း၊ နိုင်ငံအဆင့် အစီရင်ခံစာရေးသားခြင်း၊ နိုင်ငံအဆင့်အစီရင်ခံစာပါ အချက်အလက်များကို အတည်ပြုနိုင်ရေး ညှိနှိုင်းအလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

မွန်ထရီရယ်သဘောတူစာချုပ်၏ ပဉ္စမအကြိမ်မြောက် ပြင်ဆင်ချက်ဖြစ်သည့် ကီဂါလီပြင်ဆင်ချက်သည် ကမ္ဘာ့ပူနွေးမှုအလားအလာမြင့်မားသည့် ဟိုက်ဒရိုဖလူရိုကာဗွန် (HFCs) အမျိုးအစားအအေးပေးဒြပ်ပစ္စည်းများသုံးစွဲမှုကို လျှော့ချခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုကို လျှော့ချပေးနိုင်ခြင်း၊ ကမ္ဘာကြီးပူနွေးလာကာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်မည့် ပြင်းထန်သဘာဝဘေးအန္တရာယ်များကို လျှော့ချပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံသည် အခြားကမ္ဘာ့နိုင်ငံများနည်းတူ အဆိုပါပြင်ဆင်ချက်ကို အတည်ပြုလက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့ အထိ ကီဂါလီပြင်ဆင်ချက်ကို အတည်ပြုလက်မှတ်ရေးထိုးပြီးသည့် နိုင်ငံပေါင်း ၁၆၄ နိုင်ငံရှိပါသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက်မှ ကီဂါလီပြင်ဆင်ချက်ကို အတည်ပြုလက်မှတ်ရေးထိုးပြီးသည့် နိုင်ငံပေါင်းရှစ်နိုင်ငံရှိပြီး မြန်မာနိုင်ငံနှင့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံတို့သည် အဖွဲ့ဝင်အဖြစ်ဝင်ရောက်ရန် ကျန်ရှိနေပါသည်။

၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့

ကျွန်ုပ်တို့လူသားများနှင့် ကမ္ဘာမြေကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် အိုဇုန်းလွှာ၏အရေးပါမှုနှင့် အိုဇုန်းလွှာကို ကာကွယ်ရန်လိုအပ်သည့် လုပ်ဆောင်ချက်များကို မွန်ထရီရယ်သဘောတူစာချုပ်၏ အရေးကြီးသောလုပ်ငန်းစဉ်များအဖြစ် အများပြည်သူအကြား ပိုမိုသတိပြုမိစေရန် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ်ကျင်းပဆောင်ရွက်ရခြင်းဖြစ်ပါသည်။

မွန်ထရီရယ်သဘောတူစာချုပ်သည် အားကောင်းသော ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆိုင်ရာ လှုပ်ရှားမှုတစ်ရပ်အဖြစ် အသိအမှတ်ပြုပြီး အိုဇုန်းလွှာကာကွယ်မှု မည်မျှတိုးတက်လာသည်ကို သတိပြုမိစေရန် ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်အဖြစ် “အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံးမြှင့်တင်ဆောင်ရွက်ပေး” “From science to global action” ဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။

ယနေ့ကမ္ဘာတွင် စံချိန်တင်အပူချိန်မှတ်တမ်းများ ဆက်တိုက်ဖြစ်ပေါ်နေပြီး ကမ္ဘာကြီးသည် အပူချိန်ဆက်လက်မြင့်တက်လာသည်နှင့်အမျှ အအေးပေးရန် လိုအပ်ချက်သည်လည်း လျင်မြန်စွာ တိုးတက်လျက်ရှိပါသည်။ ကမ္ဘာကြီးပူနွေးလာမှုကို လျော့ပါးသက်သာစေရန် နည်းလမ်းများရှာဖွေရာတွင် သိပ္ပံပညာရပ်ဆိုင်ရာသုတေသနသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။ သိပ္ပံပညာရပ်ဆိုင်ရာသုတေသန တွေ့ရှိချက်များနှင့်အညီ ပြင်ဆင်ချမှတ်ခဲ့သည့် ကီဂါလီပြင်ဆင်ချက်သည် သိသာထင်ရှားသော ရာသီဥတုဆိုင်ရာလုပ်ဆောင်ချက် တစ်ရပ်ဖြစ်ပြီး ယင်းကို ကမ္ဘာလုံးဆိုင်ရာအတည်ပြု၍ စွမ်းအင်အကျိုးရှိ ထိရောက်စွာအသုံးပြုခြင်းများအပါအဝင် ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို အပြည့်အဝအကောင်အထည်ဖော်နိုင်မည်ဆိုပါ က ရာစုနှစ်အကုန်တွင် ကမ္ဘာကြီးပူနွေးလာမှုကို ၁ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခြင်းမှ ရှောင်ရှားနိုင်မည်ဖြစ်ပါသည်။

မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်၏ အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ထိန်းချုပ်ကြိုးပမ်းမှုများကြောင့် ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း ကာဗွန်ဒိုင်အောက်ဆိုက် ၁၃၅ ဘီလီယံတန်နှင့်ညီမျှသည့် အိုဇုန်းလွှာပျက်စီးစေသောဓာတ်ငွေ့များ လေထုအတွင်း ထုတ်လွှတ်မှုကို တားဆီးပေးနိုင်ခဲ့ခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုကိုလည်း ခုခံတိုက်ဖျက်နိုင်ခဲ့ပါသည်။ ယခုအခါမွန်ထရီရယ်နောက်ဆက်တွဲ စာချုပ်အရ အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများ၏ ၉၉ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီးဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းမှ သိပ္ပံပညာရှင်များနှင့် သုတေသနပညာရှင်များသည် အိုဇုန်းလွှာ၏ ဖြစ်ပေါ်တိုးတက်မှုများကို ဆက်လက်သုတေသနပြုဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် သိပ္ပံနည်းကျဆန်းစစ်မှုများအရ အိုဇုန်းလွှာပျက်စီးမှုသည် ၂၀၀၀ ပြည့်နှစ်၏နောက်ပိုင်း၌ ဆယ်စုနှစ်တစ်ခုစီတိုင်းတွင် တစ်ရာခိုင်နှုန်းမှ သုံးရာခိုင်နှုန်းအထိ ပြန်လည်ကောင်းမွန်လာကြောင်း တွေ့ရှိရပါသည်။ သိပ္ပံဆိုင်ရာခန့်မှန်းချက်များအရ မြောက်ကမ္ဘာခြမ်းနှင့် အလယ်ပိုင်းဒေသများရှိ အိုဇုန်းလွှာသည် ၂၀၃၀ ပြည့်လွန်နှစ်များတွင် လည်းကောင်း၊ တောင်ကမ္ဘာခြမ်းရှိ အိုဇုန်းလွှာသည် ၂၀၅၀ ပြည့်လွန်နှစ်များတွင်လည်းကောင်း၊ ဝင်ရိုးစွန်းဒေသရှိ အိုဇုန်းလွှာသည် ၂၀၆၀ ပြည့်နှစ်တွင်လည်းကောင်း ပိုမိုကောင်းမွန် လာမည်ဖြစ်ကြောင်း သိရှိရပါသည်။ ထပ်မံတွေ့ရှိရသည့် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများကို မွန်ထရီရယ်သဘောတူစာချုပ်ဆိုင်ရာ နောက်ဆက်တွဲပြင်ဆင်ချက်များဖြင့် ထိန်းချုပ်ရာတွင် အောင်မြင်မှုရရှိခဲ့ရာ အန္တာတိကတိုက်၏အပေါ်ဘက်ရှိ အိုဇုန်းပမာဏသည် ၂၀၆၆ ခုနှစ်တွင် ၁၉၈၀ ပြည့်နှစ်က ရှိခဲ့သောအခြေအနေသို့ ပြန်လည်ရောက်ရှိသွားကာ အိုဇုန်းလွှာသည် ပြန်လည်ကျန်းမာကောင်းမွန်လာနိုင်မည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းထားကြပါ သည်။

မြန်မာနိုင်ငံသည် မွန်ထရီရယ်သဘောတူစာချုပ်၏ နောက်ဆက်တွဲပြင်ဆင်ချက်များအရ ရေခဲသေတ္တာနှင့် လေအေးပေးစက်များတွင် အဓိကအသုံးပြုသည့် ဒြပ်ပစ္စည်းများဖြစ်သော ကလိုရိုဖလူရိုကာဗွန် (CFCs) ကို အပြီးသတ်တားမြစ်ခဲ့ပြီးဖြစ်၍ ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs) နှင့် ဟိုက်ဒရိုဖလူရိုကာဗွန် (HFCs) တို့ကို အစားထိုးသုံးစွဲခွင့်ပြုခဲ့ပါသည်။ ယင်းအပြင် ရေခဲသေတ္တာနှင့် လေအေးပေးစက်များ ပြုပြင်ခြင်းကဏ္ဍတို့တွင် တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည့် အိုဇုန်းလွှာပျက်စီးစေသည့် အဓိကဒြပ်ပစ္စည်းတစ်မျိုးဖြစ်သော R-22 အပါအဝင် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs) များ တင်သွင်းအသုံးပြုမှုကို ၂၀၄၀ ပြည့်နှစ်တွင် အပြီးသတ်ရပ်ဆိုင်းသွားနိုင်ရန် ၂၀၁၅ ခုနှစ်မှ စတင်၍ ကန့်သတ်ပမာဏအတိုင်း ခွဲတမ်းစနစ်ဖြင့် တင်သွင်းခွင့်ပြုကာ လျှော့ချထိန်းချုပ်ဆောင်ရွက်လျက်ရှိပါသည်။ ထို့အတူ မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆိုင်ရာ လှုပ်ရှားမှုများတွင် ကမ္ဘာ့နိုင်ငံများနည်းတူ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ကီဂါလီပြင်ဆင်ချက်ကို အတည်ပြုလက်မှတ်ရေးထိုးပြီးပါက ကမ္ဘာ့ပူနွေးမှုအလားအလာ (Global Warming Potential-GWP) မြင့်မားသည့် ဟိုက်ဒရိုဖလူရိုကာဗွန် (HFCs) သုံးစွဲခွင့်ကို လျှော့ချမည်ဖြစ်ပြီး ကမ္ဘာ့ပူနွေးမှုအလားအလာနည်းပါးသည့် ဟိုက်ဒရိုကာဗွန် (HC) သို့မဟုတ် အမိုးနီးယားကဲ့သို့သော အစားထိုးအအေးပေးပစ္စည်းတို့ကို အသုံးပြုရမည်ဖြစ်ပါသည်။

အိုဇုန်းလွှာထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များအပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များသည် ပြည်သူတစ်ဦးတစ်ယောက်ချင်းမှစ၍ အားလုံးတက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာလျှင် ရည်မှန်းချက်ပန်းတိုင်သို့ ချောမွေ့အောင်မြင်စွာ ရောက်ရှိနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မွန်ထရီရယ်သဘောတူစာချုပ်နှင့် နောက်ဆက်တွဲ ပြင်ဆင်ချက်များအတိုင်း အိုဇုန်းလွှာထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိဘပြည်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ ကဏ္ဍအလိုက်ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့တတ်နိုင်သည့်နေရာမှ ပါဝင်ဆောင်ရွက်ကြပါရန် ယခုနှစ်၏ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဆောင်ပုဒ် “အိုဇုန်းလွှာကာကွယ်ရေးသိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံးမြှင့်တင်ဆောင်ရွက်ပေး” “From science to global action” နှင့်အတူ ထပ်မံအသိပေးနှိုးဆော်လိုက်ရပါသည်။ ။

ကျမ်းကိုးစာရင်း

၁။ https://en.m.wikipedia.org

၂။ https://ozone.unep.org/news

၃။ https://www.oliveboard.in/blog/world-ozone-day- 2025/

၄။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာပညာပေးစာအုပ်

၅။ ဝင်းချစ်(အမျိုးသားစာပေဆုရ)၏ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အခြေခံများ အတွဲ(၁)