Skip to main content

၂၀၂၀ နိုင်ငံတကာ Holocaust နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရန်ကုန် ဇန်နဝါရီ ၃၀

၂၀၂၀ နိုင်ငံတကာ Holocaust နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက Holocaust ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို လေ့လာလျှင် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်သုတ်သင်ခြင်း၊ အသိုင်းအဝိုင်းအတွင်း ခွဲခြားဆက်ဆံခြင်းနှင့် အထီးကျန်စေခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုကြကြောင်း၊ ယနေ့လူသားများသည် အဆိုပါကြေကွဲ ဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်မျိုး ထပ်မံ မဖြစ်ပွားစေရေးအတွက် ကာကွယ်ရန် တာဝန် ရှိကြောင်း၊ ကုလသမဂ္ဂအဖွဲ့ကြီး၏ ဦးဆောင်မှုအောက်တွင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ယင်းသို့သော အဖြစ်အပျက်မျိုးကို တားဆီးကာကွယ်နိုင်ရန် အသိပညာပေး အစီအစဉ်များ၏ အရေးပါပုံကို သတိပြုမိကြပါကြောင်း။

၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်သော ကုလသမဂ္ဂညီလာခံ ဆုံးဖြတ်ချက် ၆၀/၇ တွင် The Holocaust and the United Nations အစီအစဉ်ကို အကောင်အထည်ဖော်ရန်နှင့် ကမ္ဘာတွင် လူမျိုးတုံးသတ်ဖြတ်မှုများကို တားဆီးကာကွယ်နိုင်ရန်အတွက် သင်ခန်းစာများ လေ့လာခြင်းကို အားပေးရန် ဖော်ပြထားကြောင်း၊ ဒုတိယကမ္ဘာစစ်သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်လျှင် ၁၉၄၃ ခုနှစ်မှ ၁၉၄၅ ခုနှစ်အကြား ဖြစ်ပွားခဲ့သော ဂျူးလူမျိုးများကို သုတ်သင်ရှင်းလင်းမှုမှာ လူ့သမိုင်း တစ်လျှောက် ကြောက်မက်ဖွယ်အကောင်းဆုံး အဖြစ်အပျက်ပင်ဖြစ်ပါကြောင်း၊ ဒုတိယကမ္ဘာစစ် အတွင်း ဖြစ်ပေါ်ခဲ့သော လူသား အမှားများကို ခံစားခဲ့ကြရသော လူကြီးများ၏ အတိတ်သမိုင်း သင်ခန်းစာများအရ လူငယ်လူရွယ်များကို ပညာပေးခြင်းသည် လူမဆန်သော ပြစ်မှုများနှင့် လူမျိုးတုံး သတ်ဖြတ်မှုများကဲ့သို့သော လူသားအမှားများ ထပ်မံ မပေါ်ပေါက်စေရေးအတွက် အကောင်းဆုံးနည်းလမ်းပင် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏တာဝန်ကျေသော အဖွဲ့ဝင်နိုင်ငံ အနေဖြင့် ကုလသမဂ္ဂ၊ ဂျာမနီ၊ ပြင်သစ်၊ အစ္စရေးသံရုံးများ၏ အကူအညီဖြင့် Holocaust Day အထိမ်းအမှတ် အခမ်းအနားများကို ရန်ကုန်တက္ကသိုလ်တွင် နှစ်စဉ် ကျင်းပပေးလျက် ရှိပါကြောင်း၊ Holocaust ဆိုင်ရာ သင်ခန်းစာပို့ချခြင်း၊ အတွေ့အကြုံ ဝေမျှခြင်းဆိုင်ရာ ဆွေးနွေးပွဲ များကျင်းပခဲ့ပါကြောင်း၊ ကွဲပြားခြားနားသော ယဉ်ကျေးမှု၊ လူမျိုး၊ ဘာသာရေး အသိုင်းအဝိုင်းများ အကြား ငြိမ်းချမ်းသင့်မြတ်စွာ အတူယှဉ်တွဲ နေထိုင်ရေးဟူသော ကလေးဘဝအသိစိတ်ဓာတ်သည် သည်းခံမှု၊ ခွင့်လွှတ်မှုတည်းဟူသော စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအရင်းအမြစ် ဖြစ်သဖြင့် အဆိုပါ Holocaust ပညာရေးကို ဝိုင်းဝန်းအားပေးမြှင့်တင်ကြရန် အရေးကြီးပါကြောင်းနှင့် မြန်မာနိုင်ငံ အနေဖြင့် Holocaust ပညာရေးကို ပူးပေါင်းအားပေးသင်ကြားရန် စီစဉ် လျက်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနေကိုယ်စားလှယ် Dr. Stephan Jost က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Antonio Guterres ၏ သဝဏ်လွှာကို ဗွီဒီယိုဖြင့် ပြသသည်။

ထို့နောက် အစ္စရေးသံအမတ်ကြီး Mr. Ronen Gilor ၊ ဂျာမနီသံအမတ်ကြီး Mr. Thomas Neisinger နှင့် ချက်နိုင်ငံသံအမတ်ကြီး Mrs. Hana Mottlova တို့က အမှာစကား ပြောကြားကြသည်။

ယင်းနောက် ကိုအောင်ပြည့်စုံနှင့် ကိုဇေယျာလင်းတို့က “When the Heart Cries” သီချင်းကို မြန်မာ့စောင်းဖြင့် တီးခတ်ဖျော်ဖြေကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနေကိုယ်စားလှယ်၊ သံအမတ်ကြီးများနှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်တို့က အထိမ်းအမှတ် ဖယောင်းတိုင်မီးကို ထွန်းညှိခဲ့ကြပြီး ဗွီဒီယိုမှတ်တမ်း ပြသခြင်း၊ အမှတ်တရသီချင်း တီးခတ်ခြင်းများ ဆောင်ရွက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

(သတင်းစဉ်)