Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ကော်မတီဥက္ကဋ္ဌများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ ၃၀

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ကော်မတီဥက္ကဋ္ဌများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀) ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ မိမိတို့ လွှတ်တော်သက်တမ်းသည် လာမည့် ဇန်နဝါရီ ၃၁ ရက်တွင် (၄) နှစ်ပြည့်မြောက်မည်ဖြစ်ပါကြောင်း၊ ယခုလွှတ်တော် သက်တမ်းကာလအတွင်း ဥပဒေပြုရေး၊ အပြန်အလှန် ထိန်းကျောင်းရေးနှင့် ကိုယ်စားပြုရေး တာဝန်များကို ထမ်းဆောင်ခဲ့ကြသည်မှာ ကာလအရွေ့တစ်ခုသို့ ရောက်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ အလားတူ ဥပဒေပြုရေး တာဝန်များကို ထမ်းဆောင်ခဲ့ရာတွင်လည်း ဒုတိယအကြိမ်လွှတ်တော် သက်တမ်းကာလ အတွင်း ဥပဒေပေါင်း (၁၂၄) ခု၊ ယခင်ပထမအကြိမ် လွှတ်တော်သက်တမ်းကာလနှင့် ပေါင်းလိုက်လျှင် ဥပဒေပေါင်း (၃၅၆) ခု ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ မိမိတို့၏ ဥပဒေပြုရေး လုပ်ငန်းများနှင့် ရည်မှန်းချက်များကို အားလုံးညီညီညွတ်ညွတ်၊ စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်ကြမှသာ ကြုံတွေ့နေရသည့် အခက်အခဲများကို ကျော်လွှားသွားနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသည့် ကော်မတီဥက္ကဋ္ဌများနှင့် လွှတ်တော်ရေးရာ စွမ်းရည် မြှင့်တင်ရေး အကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင်တို့က သက်ဆိုင်ရာ ကော်မတီများအလိုက် ဆောင်ရွက်လျက်ရှိသည့် ဥပဒေကြမ်းများ၊ တိုင်ကြားစာများ၊ အစီရင်ခံစာပါ တွေ့ရှိချက်များနှင့် သုံးသပ်အကြံပြု ဆွေးနွေးချက်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က သက်ဆိုင်ရာ ကော်မတီများ အလိုက် ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများ၊ လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ ကော်မတီ အတွင်းရေးမှူးများနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)