Skip to main content

2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ် ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၆/၂၀၂၀) ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၂

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက် (၇) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၊ ရန်ကုန်၌ ကျင်းပခဲ့သော 2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ် ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၆/၂၀၂၀) သို့ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ မြန်မာနိုင်ငံသား ပညာသင် ၆၃ ဦးအနက် (၅၉) ဦးသည် ယနေ့ နံနက် ၄ နာရီ ၁၅ မိနစ်တွင်  ဝူဟန်မြို့မှ မန္တလေးမြို့သို့ အထူးလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ ကျန်ရစ်ခဲ့သူများအနက် (၁) ဦးမှာ တရုတ်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် မညီညွတ်ခြင်းကြောင့်လည်းကောင်း၊ ၁ ဦးမှာ ပြည်နယ်ပြင်ပ ရောက်ရှိနေသော ကြောင့်လည်းကောင်း၊ ကျန် ၂ ဦးမှာ ကိုယ်အပူချိန် မြင့်မားနေသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန် လိုအပ်သောကြောင့် လည်းကောင်း လိုက်ပါလာနိုင်မှုမရှိသည့်အခြေအနေ၊ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည့် ကျောင်းသူ/ကျောင်းသားများအား မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံတွင် သီးခြားထားရှိကာ ကျန်းမာရေး စောင့်ရှောက်မှုနှင့် စနစ်တကျ စောင့်ကြည့်မှု လုပ်ငန်းစဉ်များကို မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်မှ ဦးဆောင်၍ ဆောင်ရွက်နေမှု အခြေအနေ၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ရောက်ရှိလာသော ကွမ်ကျိုးမြို့မှ ခရီးသည် (၁) ဦးအား ကိုယ်ပူချိန်အနည်းငယ်မြင့်မားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများတွေ့ရှိရသဖြင့် သီးခြားခန်း (isolation room) တွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်ထားရှိရာ (ယနေ့ နံနက်စစ်ဆေးချက်များအရ) လူနာ၏အခြေအနေမှာ တည်ငြိမ်ကောင်းမွန်နေမှု၊ အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာများ ရယူ၍ မြန်မာနိုင်ငံတွင် စစ်ဆေးနိုင် သည်များကို စစ်ဆေးထားရှိမှု၊ အဆိုပါ လူနာတွင် 2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ရှိ၊ မရှိကို အဆိုပါစစ်ဆေးမှုများ ပြုလုပ်နိုင်သော အတည်ပြုဓာတ်ခွဲစစ်ဆေးနိုင်ရေးအတွက် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှတစ်ဆင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ညှိနှိုင်း၍ ယမန်နေ့တွင် ရည်ညွှန်းဓာတ်ခွဲခန်း (၁) ခုသို့ ပေးပို့ခဲ့မှု၊ ယမန်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လာရောက်သော လေကြောင်းခရီးသည်တစ်ဦးကို ရောဂါလက္ခဏာ တစ်စုံတစ်ရာ မရှိသော်လည်း စနစ်တကျစောင့်ကြပ်ကြည့်ရှုလျက်ရှိရာ (ယနေ့ နံနက်စစ်ဆေးချက်များအရ) အဆိုပါ ခရီးသည်၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေမှု၊ အဆိုပါခရီးသည်နှင့်အတူ လိုက်ပါလာသော ခရီးသည်များအား သက်ဆိုင်ရာ တည်းခိုနေထိုင်ရာ ဟိုတယ်များ၌ အထူးသတိထား၍ စောင့်ကြပ်ကြည့်ရှုရန်နှင့် သံသယဖြစ်ဖွယ် လက္ခဏာများ တွေ့ရှိပါက ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနသို့ ချက်ချင်းတယ်လီဖုန်းဖြင့် သတင်းပေးပို့ရန် ညွှန်ကြားထားရှိမှု၊ သက်ဆိုင်ရာ ဟိုတယ်များသို့လည်း ဤရောဂါနှင့် ပတ်သက်၍ အချက်အလက်များ ကာကွယ်နိုင်သည့် နည်းလမ်းများကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တစ်ဆင့်ဖြန့်ဝေပြီးစီးမှု အခြေအနေ၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်(၃) ခုနှင့် တိုင်းဒေသကြီး/ ပြည်နယ် (၄)ခုမှ မြို့နယ် (၁၀) မြို့နယ်ရှိ တရားဝင်နယ်စပ် ဝင်၊ ထွက်ပေါက် (၂၀) တွင် ဝင်ထွက်သွားလာနေမှုများအား ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်း ဆောင်ရွက်နေမှုများ၊တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအသီးသီးမှ ပေးပို့လာသော ဆောင်ရွက်နေမှုအခြေအနေ နှင့် သတင်းပေးပို့နေမှု အခြေအနေများ၊ ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးတို့မှ ပူးပေါင်းပါဝင် ဆောင်ရွက်မည့်ကိစ္စများ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်ကျန်းမာရေးဌာနသို့ ယမန်နေ့တွင် ထပ်မံ ကွင်းဆင်း သွားရောက်၍ လုပ်ငန်းပံ့ပိုးဆောင်ရွက်မှု၊ လေဆိပ်ကျန်းမာရေးဌာနတွင် အင်အားဖြည့်တင်းလုပ်ဆောင်နေမှု၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်မှ နောက်ဆုံး (update) ထုတ်ပြန်ချက်၊ တရုတ်ပြည်သူ့သမ္မနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာ သုံးသပ်ချက်မှု၊ လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများ စုဆောင်းထားရှိမှု၊ ရရှိမှု၊ ခွဲဝေ ဖြန့်ဖြူးထားမှု အခြေအနေများ၊ ကောလာဟလ သတင်းမှားများကို အချိန်နှင့် တစ်ပြေးညီ စနစ်တကျ ပြန်လည် အသိပေးရှင်းလင်းနိုင်ရေး စသည်တို့ အပါအဝင် နောက်ဆုံးသတင်းအချက်အလက်များကို တင်ပြခြင်း၊ ဝေမျှခြင်းနှင့် ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့သည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ယခု ဖြစ်ပွားနေသော အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုနှုန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နေ့စဉ်ဆက်လက်မြင့်မားနေသည်ကို တွေ့ရှိရသည့်အတွက် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးတို့ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ “ပထမဦးစားပေး အရေးပေါ်” ကိစ္စရပ် (top priority emergency issue) အနေဖြင့် အထူးဂရုပြု၍ အားထုတ်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ ချိန်သားကိုက်ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှု (systematic and synchronized coordination) များ ပိုမိုကောင်းမွန်စွာဆောင်ရွက်ရန်ဖြစ်ကြောင်း၊

•လုပ်ငန်းကဏ္ဍအလိုက်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနအောက်ရှိ သက်ဆိုင်ရာ ဌာနခွဲများ၊ ဥပမာ - ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ အမျိုးသားကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ၊ ဝေဘာဂီအထူးကုဆေးရုံ၊ ဆေးပညာ ပါမောက္ခများ၊ ကူးစက်ရောဂါ ပါမောက္ခများ၊ ကူးစက်ရောဂါ ဗေဒပညာရှင်များသည်  လုပ်ငန်းတာဝန်ခွဲဝေဆောင်ရွက်မှု (division of labour) ကို တိကျစွာသတ်မှတ်ဆောင်ရွက်ရန်နှင့် ဆက်သွယ်မှုလမ်းကြောင်း (line of communication) ကို တိကျရှင်းလင်းပြတ်သားစွာ ချမှတ်ဆောင်ရွက်ရန်၊ ဤကိစ္စသည် အထူးအရေးကြီး ပါကြောင်း၊ သို့မဟုတ်ပါက သတင်းများ တစ်ခုနှင့်တစ်ခုတူညီမည် မဟုတ်ဘဲ ပြည်သူများ ရှုပ်ထွေးမှုဖြစ်စေခြင်း၊ မလိုလားအပ်သော ကိစ္စများနားလည်မှုလွဲခြင်းများ ဖြစ်ပေါ်နိုင်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများ၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှ ကျန်းမာရေးဌာနများ၊ နယ်စပ် ဝင်၊ ထွက်ပေါက်များမှ ကျန်းမာရေး တာဝန်ရှိသူများသည် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ (CEU) သို့ နေ့စဉ်၊ နံနက် (၁၀) နာရီမတိုင်မီ သတင်းပေးပို့ရန်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကျန်းမာရေး အသိပညာပေး နှိုးဆော်မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများကို အတိအကျ ဆောင်ရွက်ရန် ကိစ္စများကို ညွှန်ကြားထားပြီး ဖြစ်သဖြင့် ၎င်းအတိုင်း ဆောင်ရွက်မှုရှိ၊ မရှိကို နေ့စဉ် သုံးသပ်ရန်လိုကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနများ၊ အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ကျန်းမာရေးဌာနများ၊ နယ်စပ်ဝင်၊ ထွက်ပေါက်များမှ ကျန်းမာရေး တာဝန်ရှိသူများ အနေဖြင့် နေ့စဉ်၊ နံနက် (၁၀) နာရီထက် နောက်မကျစေဘဲ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ (Central Epidemiological Unit) သို့ ပေးပို့ရန် ညွှန်ကြားထားပြီးဖြစ်သဖြင့် ညွှန်ကြားချက် အတိုင်း တိကျစွာလိုက်နာရန်နှင့် ၎င်းတို့မှ ပေးပို့သော သတင်းများကို  ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ (Central Epidemiological Unit) မှ ဆန်းစစ်သုံးသပ် (analysis)ပြုလုပ်ပြီး နေ့စဉ် နံနက်တိုင်းပြုလုပ်သည့် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော အစည်းအဝေး၌ တင်ပြရန်နှင့် အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ရမည့်ကိစ္စများရှိလျှင် လည်းကောင်း၊ အရေးကြီးသော သတင်းအချက်အလက်များ ထောက်လှမ်း သိရှိရပါက လည်းကောင်း ပြည်ထောင်စုဝန်ကြီးထံသို့ တိုက်ရိုက် သတင်းပေးပို့ရန်ဖြစ်ကြောင်း၊ ရောဂါစောင့်ကြပ် ကြည့်ရှုမှုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည်ဖြစ်၍ အပြည်ပြည်ဆိုင်ရာလေဆိပ်များရှိ ကျန်းမာရေးဌာနများတွင် အဆိုင်းလိုက် အလှည့်ကျ တာဝန်ထမ်းဆောင်နိုင်ရေး အခြားဌာနခွဲများမှ ဝန်ထမ်းများကို ထပ်မံအားဖြည့်တာဝန်ပေးရမည်ဖြစ်ပါကြောင်း၊ ဤကိစ္စကို ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်မှ ယနေ့ပင် အမိန့်ညွှန်ကြားချက်ထုတ်ရန်နှင့် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ (CEU) အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ ပြန်လည်ရောက်ရှိလာပြီး သီးခြားထားရှိ စောင့်ကြပ်ကြည့်ရှုမှုဆောင်ရွက်နေသည့် မြန်မာနိုင်ငံသားပညာသင်ဦး (၅၉) ဦး၏ ကျန်းမာရေး အခြေအနေများကို နေ့စဉ် (၂) ကြိမ် သတင်းရယူ၍ ပြည်ထောင်စုဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) သို့သတင်းပေးပို့ရန်ဖြစ်ကြောင်း၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ (CEU) အနေဖြင့် နေ့စဉ် ဆက်သွယ်ရေးကွန်ရက် (တယ်လီဖုန်း၊ အင်တာနက်) ကို အသုံးပြု၍ ဌာနတွင်း တိုင်ပင်ဆွေးနွေးချိတ်ဆက်မှုများ၊ လုပ်ငန်းဆန်းစစ် သုံးသပ်မှုများ ဆောင်ရွက်ရန်နှင့် ရောဂါဖြစ်ပွားမှုအခြေအနေများနှင့် လက်ရှိနောက်ဆုံး သတင်းအချက်အလက်များကို ပြုစု၍ ပြည်သူများသိရှိရန် နေ့စဉ်၊ နံနက် (၁၀) နာရီမတိုင်မီ ထုတ်ပြန်ပေးရန်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတရုံးသို့ နေ့စဉ်သတင်း ပေးပို့နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးထံသို့ မူဝါဒနှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာမှ တည်းဖြတ်ပေးရန်အတွက် အမြန်ဆုံးတင်ပြရန်၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ (CEU) အနေဖြင့် ထူးခြားဖြစ်စဉ် သတင်းများကို ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာမှ ပြည်သူများထံ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးရန်ဖြစ်ပါကြောင်း၊ ဤကိစ္စကို ဝန်ကြီးဌာန eHealth ဌာနမှ တာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဆက်သွယ်၍ ဆောင်ရွက်ရန်၊ အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၊ မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားအသင်း အပါအဝင် နှီးနွှယ်အဖွဲ့များ သို့ ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာအချက်အလက်များ၊ ပြည်သူများမှ ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်နိုင်သည့် အချက်များကို ဖြန့်ဝေပေးအပ်ရန်၊ အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များနှင့် နှီးနွှယ်အဖွဲ့များအနေဖြင့် အဆိုပါ အချက်အလက်များကို ပြည်သူများထံ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးရန်၊ကျွမ်းကျင်မှုပိုင်းဆိုင်ရာနှင့် ပတ်သက်၍ ပြောကြားလိုသည်မှာ ယခုတရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အခြားနိုင်ငံများပညာရှင်များမှ ယခုရောဂါဖြစ်ပွားမှုကို ကွန်ပျူတာဖြင့် မျှော်မှန်းတွက်ချက်ခြင်း (modelling and simulation) လုပ်ဆောင်ရာ၌ ရောဂါဖြစ်ပွားသူတစ်ဦးထံမှ အခြားသူများထံကူးစက်ပျံ့ပွားနိုင်မှု အခြေခံနှုန်း (basic reproduction number (R0)) တန်ဖိုးသည် အချို့ပညာရှင်များက (၂.၂) ခန့်ဟု ခန့်မှန်းခဲ့ရာမှ ယခုအခါ အချို့ပညာရှင်များက (၄.၀၃) အထိရှိနိုင်သည်ဟု ခန့်မှန်းထားသည် ဖြစ်သည့်အတွက် ကူးစက်ပျံ့ပွားမှု ပိုမိုမြန်ဆန်နိုင်သည်ကို အထူးသတိပြုရမည်ဖြစ်ပါကြောင်း၊ သို့အတွက် ကမ္ဘာ့ကပ်ရောဂါအသွင် (pandemic situation) သို့ ရောက်ရှိသွားနိုင်ပါကြောင်းယခုအချိန်၌ မိမိတို့နိုင်ငံတွင် ဓာတ်ခွဲအတည်ပြု လူနာများ မရှိသေးသော်လည်း မိမိတို့သည် လူနာများ ရှိသကဲ့သို့ သဘောထား၍ လုပ်ငန်းများကို ဆောင်ရွက်ရန်၊အပြည်ပြည်ဆိုင်ရာ လေဆိပ် (၃) ခုနှင့် တိုင်းဒေသကြီး/ ပြည်နယ် (၄)ခုမှ မြို့နယ် (၁၀) မြို့နယ်ရှိ ဝင်ထွက်သွားလာနေမှုများသည် အရေးကြီးသဖြင့် ဤကိစ္စကို အမြဲတမ်းအတွင်းဝန်မှ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် မည်သို့ဆောင်ရွက်နေ သည်ကို အမြန်ဆုံးသုံးသပ်၍  ယခုထက်ပိုမိုထိရောက်မြန်ဆန်စေရန် ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးထံ အမြန်ဆုံးတင်ပြရန်၊

တိုင်းဒေသကြီး/ ပြည်နယ်များတွင် လွန်ခဲ့သော (၁၄) ရက်အတွင်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ ခရီးသွားရာဇဝင်ရှိသူများရှာဖွေစုံစမ်း၍ ရောဂါစောင့်ကြပ်ကြည့်ရှုရန်၊

လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ကြီးဌာနရှိ ဌာနပေါင်းစုံမှ ပါဝင်ဆောင်ရွက်ရန်

•ဤရောဂါသည် လူစုလူဝေး များပြားသည့် ပွဲလမ်းသဘင်များတွင် ပိုမိုကူးစက်ပျံ့ပွားနိုင်သည်ဖြစ်၍ ပွဲလမ်းသဘင်များကို ယခုကာလအတွင်း တတ်နိုင်သမျှ လျှော့ချခြင်းဖြင့် ရောဂါကူးစက်ပျံ့ပွားမှုများကို ကာကွယ်လျှော့ချနိုင်မည်ဖြစ်သည်ဆိုသည့် အချက်သည် အလေးအနက်ထား ထည့်သွင်းစဉ်းစားရမည့်အချက်ဖြစ်ပါကြောင်း၊

ယခုကဲ့သို့ နေ့စဉ် လုပ်ငန်းဆန်းစစ်သုံးသပ်မှု၊ ဆွေးနွေးတိုင်ပင် အကြံပြုမှုများ ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်)၊ ကပ်ရောဂါဗေဒဌာနမှ ပါဝင်ပြီး ဖြစ်စဉ်အခြေအနေအရပ်ရပ်ကို သုံးသပ်၍ ကပ်ရောဂါဗေဒရှုထောင့်မှ ဆွေးနွေးအကြံပြုချက်များ ပေးအပ်ရန်၊

ဝေဘာဂီအထူးကုဆေးရုံကြီးရှိ ဆောက်လုပ်ဆဲ (၂) ထပ်လူနာဆောင်သစ်နှင့် (၃) ထပ်လူနာဆောင်သစ်များ အမြန်ဆုံး ဆောက်လုပ်ပြီးစီးရေးအတွက်စီစဉ်ဆောင်ရွက်ရန် နှင့် ဝန်ကြီးဌာနမှ လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်မည်ဖြစ်ပါကြောင်း၊

 2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်းဆက်သွယ်ရေးကော်မတီ အစည်းအဝေးကို အပတ်စဉ်ပြုလုပ် ဆောင်ရွက်ရန်၊

ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင် 2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ သံသယလက္ခဏာများတွေ့ရှိပါက မဖြစ်မနေသတင်းပေးပို့ရေး (mandatory reporting) အတွက် တည်ဆဲ ဥပဒေများနှင့် အညီဆောင်ရွက်သွားနိုင်ရေးကို ထည့်သွင်းစဉ်းစားရန်၊

အထက်ပါ ကိစ္စရပ်များအားလုံးကို ထည့်သွင်းစဉ်းစားရန်နှင့် ယနေ့မိမိလမ်းညွှန်မှာကြားချက်များကို တိကျစွာ အမြန်ဆုံး ဆောင်ရွက်ရန် ပြောကြားခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊  ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားချုပ် (ပြည်သူ့ကျန်းမာရေး)၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမျူးချုပ် (ဓာတ်ခွဲ)၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး)၊ ကူးစက်ရောဂါ ကုသရေးဆိုင်ရာ ပါမောက္ခများ၊ အမျိုးသားကျန်းမာရေးဆိုင်ရာဓာတ်ခွဲမှုဌာန နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

(MoI)

Ref; Ministry of Health and Sports, Myanmar