Skip to main content

ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း ကျောက်တန်းမြို့နယ်အတွင်းရှိ မဂ္ဂါဝပ် ၃၅၀ (LNG to Power) သီလဝါဓာတ်အားပေးစက်ရုံ စီမံကိန်း ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၂

၂၀၂၀ ပြည့်နှစ် နွေရာသီတွင် နိုင်ငံတော်၏ တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်း မြို့နယ်၌ မဂ္ဂါဝပ် ၃၅၀ (LNG to Power) သီလဝါ ဓာတ်အားပေး စက်ရုံ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ယမန်နေ့ မွန်းလွဲပိုင်းတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ စီမံကိန်းရှင်းလင်းဆောင်၌ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နေသည့် V-Power Co.,Ltd. မှ တာဝန်ရှိသူများက ဓာတ်အားပေးစက်ရုံ စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ အတည်ပြုရွေးချယ်ထားသည့် မြေနေရာပေါ်တွင် ဓာတ်အားပေးစက်ရုံအသစ် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားမည်အစီအစဉ်များကို ရှင်းလင်း တင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက လာမည့်နွေရာသီကာလတွင် တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်ရေး ရည်ရွယ်၍ မကွေး၊ ရွှေတောင်၊ ကျွန်း ချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့် သာကေတတို့တွင် ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ်(၇)ခုမှ မဂ္ဂါဝပ်(၁၀၀၀)ကျော် ထုတ်လုပ်ပေးနိုင် ရန် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မဂ္ဂါဝပ် ၃၅၀(LNG to Power) ဓာတ်အားပေးစက်ရုံအသစ် စီမံကိန်းလုပ်ငန်းများကို သတ်မှတ်အချိန်ကာလထက် ဆောလျင်စွာပြီးစီး၍ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး အလေးထားဆောင်ရွက်သွားရန်၊ စီမံကိန်းလုပ်ငန်းခွင်သုံး ပစ္စည်းများကို သတ်မှတ်စံချိန် စံညွှန်းအရည်အသွေး ပြည့်ဝကောင်း မွန်ရေး စနစ်တကျ စီမံကွပ်ကဲဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဧရိယာအတွင်း LNG သင်္ဘောဆိုက်ကပ်မည့် ဆိပ်ကမ်းနှင့် Regasification Unit တည်ဆောက်နေမှု၊ Medium Speed နှင့် High Speed Generator Sets များတပ်ဆင်ရန် Foundation လုပ်ငန်းဆောင်ရွက်နေမှုများ၊ လက်မ ၂၀ Gas Pipe Line သွယ်တန်းနေမှုများ၊ ၂၃၀ ကေဗွီဓာတ်အားလိုင်း တာဝါတိုင်(၇)တိုင်၏ Foundation လုပ်ငန်းဆောင်ရွက်နေမှု များ၊ ဓာတ်အားပေးစက်ရုံစီမံကိန်း တည်ဆောက်ပြီးစီးပါက လက်ရှိဓာတ်အားထုတ်နေသော သီလဝါဓာတ်အားပေးစက်ရုံသို့ ဓာတ်အားချိတ်ဆက်မည့်နေရာတွင် ဓာတ်အားခွဲရုံတိုးချဲ့ခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှု့ စစ်ဆေးသည်။

(သတင်းစဉ်)