Skip to main content

မဟာဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပမည့်ရက် ရွှေ့ဆိုင်း

နေပြည်တော် ဖေဖော်ဝါရီ ၂

(၃၄)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း (၁၄)ရက်၊ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ လ ၇ ရက်(သောကြာနေ့) မွန်းတည့် ၁၂ နာရီတွင် မန္တလေးမြို့၊ မဟာအတုလဝေယံ(အတုမရှိ) ကျောင်းတော်ကြီး၌ ကျင်းပမည်ဖြစ်ကြောင်း သက်ဆိုင်ရာစာအောင်ပုဂ္ဂိုလ်များနှင့် ပင့်သံဃာတော်များအား သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ပင့်လျှောက်ထားခဲ့သည်။

ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့တွင် Novel Coronavirus (အဆုတ်ရောင်ရောဂါ)များ ဖြစ်ပွားလျက်ရှိသဖြင့် 2019 Novel Coronavirus (2019-nCoV) စောင့်ကြည့်စစ်ဆေးကုသရေးကော်မတီ၏ တင်ပြချက်အရ ဇန်နဝါရီ ၃၁ ရက် ညနေ ၄ နာရီခွဲတွင် ကျင်းပသော “မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးက မန္တလေးတိုင်း ဒေသကြီးအတွင်း၌ လူစုလူဝေးအင်အားအများအပြားဖြင့် ကျင်းပမည့်အခမ်းအနားများ ကျင်းပခြင်းမပြုသေးရန်”ဟု ဆုံးဖြတ်ခဲ့သည်။

သို့ဖြစ်ပါ၍ အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်အရ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မဟာဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းကျင်းပလိုကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ မေတ္တာရပ်ခံလာခဲ့ရာ သာသနာရေးဦးစီးဌာနက ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တာဝန်ကျဆရာတော်ကြီးများအား လျှောက်ထား ခဲ့သည်။

နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများက မဟာဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းကျင်းပရန် သဘောတူညီခဲ့ကြသည်။ သို့ဖြစ်ပါ၍ (၃၄)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပမည့်ရက်ကို သာသနာရေးဦးစီးဌာနက ပြန်လည် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်