နေပြည်တော် ဖေဖော်ဝါရီ ၆
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းသည် ပြည်သူများအတွက် မလွဲမသွေဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပါကြောင်း၊ လူမှုကာ ကွယ်စောင့်ရှောက်ရေးသည် ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရသောကြောင့် ငွေကြေးထောက်ပံ့မှုများ၊ နည်းပညာများဖြင့် ပံ့ပိုးကူညီမှုများ ပါဝင်ပါကြောင်း၊ ပြည်သူများ တိုက်ရိုက်အကျိုးရှိသည့် လုပ်ငန်းဖြစ်သောကြောင့် အရှိန်အဟုန်မြှင့် တိုးချဲ့သင့်ကြောင်းနှင့် ဘဏ္ဍာငွေလိုအပ်ချက်ကို သီးခြား အစီအစဉ်တစ်ရပ်အနေဖြင့် ဆောင်ရွက်သင့်ကြောင်းကို အမျိုးသားကော်မတီအစည်းအဝေးတွင် လမ်းညွှန်မှုရှိပါကြောင်း၊ ငွေကြေး ထောက်ပံ့မှု အစီအစဉ်များသည် လူမှလူသို့ ထောက်ပံ့သည့် စနစ်ကို ကျင့်သုံးခြင်းကြောင့် လိုအပ်ချက်များ စွာရှိပါကြောင်း။
အဆိုပါစနစ် ပြောင်းလဲကျင့်သုံးပါက စာရင်း စစ်ဆေးခံယူရာ၌ ဒီဂျစ်တယ် နည်းဖြင့် စစ်ဆေးခံနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားရန်နှင့် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းအတွက် နှစ်စဉ် ဘဏ္ဍာငွေတိုးချဲ့ တောင်းခံရာ၌ သီးခြားအစီအစဉ် အနေဖြင့် ဆောင်ရွက်ရန်တို့ကို ယနေ့ ညှိနှိုင်းဆွေးနွေး ကြမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီး ဌာနတွင် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်း၏ စီမံချက် တစ်ခုချင်းစီအတွက် ကာလလတ် ကုန်ကျစရိတ် တွက်ချက်ထားမှုများရှိပြီးဖြစ်ရာ ရန်ပုံငွေရရှိရေးအတွက် ရေရှည်ရန်ပုံ ငွေရရှိရေး မဟာဗျူဟာ တစ်ရပ်ကို ရေးဆွဲဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် မဟာဗျူဟာကို အကောင်အထည် ဖော်ရမည့်သူများသည် ပြည်သူနှင့်တိုက်ရိုက် ထိတွေ့ရမည်ဖြစ်သောကြောင့် ရပ်ရွာအခြေပြု စေတနာလူမှုဝန်ထမ်းကြသူ (Voluntary Community Social Workers) များ ထွက်ပေါ်လာရေး အတွက်လည်း ရေရှည်မဟာဗျူဟာတစ်ရပ် လိုအပ်လာပါကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ရာ၌ ပေါင်းစပ် ညှိနှိုင်းမှုများ ဆောင်ရွက်မှုများအတွက် လမ်းညွှန်ချက်များ၊ လုပ်ငန်းအစီအစဉ်များ ရေးဆွဲပြီး တိတိကျကျ ဆောင်ရွက်ရန်လည်း လိုပါကြောင်းနှင့် ယနေ့ အစည်းအဝေးတွင် အဆိုပါ ကိစ္စများကို ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လူမှုကာကွယ် စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်၏ အဓိကလုပ်ငန်း(၈)ရပ်ကို ရှင်းလင်းတင်ပြပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေး ထောက်ပံ့ခြင်း (MCCT) အစီအစဉ်ကို ၂၀၁၉ − ၂၀၂၀ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်မှစ၍ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် တိုးချဲ့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့် ကိစ္စများ၊ လူမှုရေးပင်စင်ကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား ( ၁၉၇,၈၅၄)ဦးကို ထောက်ပံ့ပေးနိုင်မည့် ကိစ္စများ၊ လူမှုအားမာန်အဖွဲ့ (၁၅၀)ကို ရန်ပုံငွေ ထောက်ပံ့ပေးနိုင်မည့် ကိစ္စများ၊ သက်ကြီးရွယ်အိုများဆိုင်ရာ နည်းဥပဒေ (မူကြမ်း)ကို အတည်ပြုနိုင်ရေး ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ တင်ပြထားကိစ္စများ၊ အမျိုးသားအဆင့် လူမှုကာကွယ် စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်၏ အဓိကလုပ်ငန်း(၈) ရပ်ကို အခြေခံ၍ ကာလလတ် ကုန်ကျစရိတ် တွက်ချက်ထားသော လူမှုကာကွယ်စောင့် ရှောက်ရေး ကဏ္ဍစီမံကိန်း ( ၂၀၁၈ − ၂၀၂၃) ကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် (MCCT) အကောင်အထည်ဖော် မှုဆိုင်ရာ ဆန်းစစ်ချက်အစီရင်ခံစာ၏ ထုတ်နှုတ်ချက် ဗီဒီယိုကိုပြသသည်။
ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူက အီလက် ထရောနစ် နည်းစနစ်ဖြင့် ငွေကြေးလွှဲပြောင်းသည့် အစီအစဉ် စတင်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ စီမံခန့် ခွဲမှုဆိုင်ရာ သတင်းအချက်အလက် (MIS) တည်ဆောင်သွားမည့် အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် တက်ရောက်လာကြသော လုပ်ငန်းကော်မတီအဖွဲ့ဝင်များက အမျိုးသား ကော်မတီ၏ ဆုံးဖြတ်ချက်ဖြစ်သည့် အီလက်ထရောနစ် နည်းစနစ်ဖြင့် ငွေကြေးလွှဲပြောင်း သည့်အစီအစဉ်တွင် စာရင်းစစ်ဆေးခံယူရာ၌ ဒီဂျစ်တယ်နည်းဖြင့် စစ်ဆေးခံနိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန် မိမိတို့ဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အီလက်ထရောနစ် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သည့် ဆက်စပ်ဝန်ကြီးဌာနများနှင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်မည့် အခြေအနေများ၊ နှစ်စဉ်တိုးချဲ့သွားမည့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များအတွက် ရန်ပုံငွေတင်ပြတောင်းခံမှုတွင် သီးခြားအစီအစဉ် တစ်ရပ်အနေဖြင့် ဦးစားပေး ဆောင်ရွက်ရန် ကိစ္စနှင့်စပ်လျဉ်း၍ ရေရှည်ရန်ပုံငွေရရှိရေး မဟာဗျူဟာ တစ်ရပ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတို့က ပူးပေါင်း ရေးဆွဲ၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ရယူကာ ဆက်လက်ဆောင်ရွက်နိုင်ရေး ကိစ္စများနှင့်ပတ်သက်၍ အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)