Skip to main content

“သွေးချင်းတို့ရဲ့ပွဲတော်ဆီ” အခမ်းအနား ပိတ်ပွဲကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၆

မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက ဦးဆောင်၍ ကယားပြည်နယ် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပသည့် “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော် ပိတ် ပွဲအခမ်းအနားကို ယနေ့ ညနေ ၆ နာရီက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ကျိုက္ကဆံအားကစား ကွင်း၌ကျင်းပသည်။
ပိတ်ပွဲအခမ်းအနားတွင် “သွေးချင်းတို့ရဲ့မြေ” Team song သီချင်းကို နောက်ခံ ဗီဒီယို ဖြင့် တင်ဆက်ပြသသည်။
အခမ်းအနားသို့ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ၏ ဇနီး ဒေါက်တာရွှေလွှမ်း၊ တိုင်းရင်းသားလူမျိုးများရေးရာ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် ဇနီး၊ ပြည်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများ၏ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိမ်း၊ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ/တိုင်း ဦးစီးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ တိုင်းရင်းသားအသင်းအဖွဲ့များ၊ ကိုယ်စားလှယ်များ၊ အလှူရှင်များနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြသည်။
ရှေးဉီးစွာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုပွဲတော်မှ “မငြိမ်းချမ်းလို့မဖြစ်ဘူး” ဆိုသည့်အသံကို မိမိတို့ ထပ်မံကြား သိရပါကြောင်း၊ ယခုပွဲတော်မှ အမြောက်သံ ဗုံးသံ၊ သေနတ်သံအစား တိုင်းရင်းသား တေးသံများကို မိမိတို့ ကြားခဲ့ရပါကြောင်း၊ ရောင်စုံပန်းများ ဖူးပွင့်နေသည့် ပန်းဥယျာဉ်ကြီးဆီသို့ ရောက်ရှိနေသည့်အလား တိုင်းရင်းသားတို့၏ ရိုးရားယဉ်ကျေးမှု ဝတ်စားဆင်ယဉ်မှုနှင့် အသုံးအဆောင်ပစ္စည်းတို့ကို တဝကြီးကြည့်ရှုခံစားခွင့် ရပါကြောင်း၊ မိမိတို့၏ တိုင်းရင်းသားဒေသ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေမည့် ခရီးသွားလုပ်ငန်း အလားအလာကောင်းတို့ကို မျှော်မှန်းခွင့်ရရှိခဲ့ပါကြောင်း၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ဖော်ဆောင်ခွင့်ရရှိခဲ့ပါကြောင်း၊ ယခုပွဲတော်၏ ရလဒ်အပေါ် နိုင်ငံတော်အကြီးအကဲများနှင့်တကွ တိုင်းရင်းသားများအားလုံး နှစ်ထောင်းအားရ ကျေနပ်မှုရရှိခဲ့ကြောင်းကိုလည်း ကြားသိရပါကြောင်း၊
အားလုံးသိကြသည့်အတိုင်း ယခင်က ပြည်ထောင်စုနေ့အခမ်းအနားကို ကျင်းပလာခဲ့သည့် ကျိုက္ကဆံကွင်းကြီးသည် သမိုင်းဝင်နေရာတစ်ခု ဖြစ်သကဲ့သို့ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်ပြသခွင့်ရှိသော ရန်ကုန်မြို့၏ အသဲနှလုံး ဘူမိနက်သန် မြေနေရာလည်း ဖြစ်ပါကြောင်း၊ ယခုလို ရာဇဝင်တွင်သည့် နေရာမှာ ခုနှစ်ရက် ခုနှစ်ညတိုင်တိုင် သွေးချင်းတို့ရဲ့ ပွဲတော်အခမ်းအနားကို ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ် ကျင်းပခွင့်ရရှိခဲ့ပေမဲ့လည်း နှစ် (၇၀) ကျော် ကြာမြင့်နေပြီဖြစ်သည့် ပြည်တွင်းစစ်ကို လုံးဝ ချုပ်ငြိမ်းသွားအောင် ယခုအချိန်တွင် မလုပ်ဆောင်နိုင်သေးကြောင်း၊ ယခုအချိန်တွင် မလုပ်ဆောင်နိုင်သေးသော်လည်း အနာဂတ်တွင် လုပ်ဆောင်နိုင်မည့် စစ်မှန်သည့် ငြိမ်းချမ်းရေးသာ ရရှိခဲ့ပါက မပူမပင်၊ မကြောင့်ကြရဘဲ ယခုလိုမျိုး အေးချမ်းသာယာသည့် ငြိမ်းချမ်းရေး အသီးအပွင့်များကို မြင်တွေ့ခွင့် ရရှိနိုင်မည်ဆိုသည့် အသိတရား တစ်ခုကိုလည်း စစ်ရေးစစ်ရာတွင် ပါဝင်ပတ်သက် နေသူများအားလုံးနှင့် ပြည်သူလူထု၏ ရင်ထဲသို့အရောက် ထည့်ခွင့်ရရှိသည့်အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဂုဏ်ပြုကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် ကယားပြည်နယ်အစိုးရအဖွဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးယောဆက်နှင့် ကယားပြည်နယ် တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးထွန်းကျော်တို့က ပွဲတော်ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကားများ ပြောကြားကြသည်။
ဆက်လက်၍ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းအတွက် အလှူငွေကျပ် သိန်း ၅၀ ကို ကယားပြည်နယ် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းကျော်က ပေးအပ် လှူဒါန်းသည်။
ထို့နောက် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြသည့် ကုမ္ပဏီများအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အမှတ်တရ ဆုတံဆိပ်လက်ဆောင်များ ပေးအပ်သည်။
ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌနှင့်ပြည်ထောင်စု ရှေ့နေချုပ်တို့၏ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌ တရားသူကြီးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးများ၊ ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ၏ ဇနီးများ၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များဥက္ကဋ္ဌနှင့် ဇနီး၊ ဒုဥက္ကဋ္ဌနှင့် ဇနီး၊ ကယားတိုင်းရင်းသား လုပ်ငန်းရှင်ဥက္ကဋ္ဌ တို့နှင့်လည်းကောင်း၊ ကယားတိုင်းရင်းသား လုပ်ငန်းရှင်များ၏ အလုပ်အမှုဆောင်များ၊ ကိုယ်စားပြု စပွန်ဆာ ကိုယ်စားလှယ်များနှင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်များနှင့် လည်းကောင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ပြီး 2020 Miss Myanmar Ethnic ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် တိုင်းရင်းသူ လှပျိုဖြူလေးများအား ဆုများချီးမြှင့် ပေးအပ်သည်။
သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော်ကို ဇန်နဝါရီ ၁ ရက်မှ ၇ ရက်အထိ ၇ ရက် တိုင်တိုင် ကျင်းပလျှက်ရှိပြီး တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများရရှိေစရန်၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုများ တိုးတက်ဖြစ်ထွန်းစေရန်၊ ရိုးရာအစားအစာများနှင့် ယဉ်ကျေးမှုများ အချင်းချင်းဖလှယ်ကြရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။
သတင်းစဉ်