Skip to main content

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့တွင် ရိုးရာယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေတင်ဆက်မည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ

နေပြည်တော်  ဖေဖော်ဝါရီ  ၆

နေပြည်တော်၌ ကျင်းပမည့် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုဖျော်ဖြေပွဲတွင် ရိုးရာ ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့များသည် ယနေ့တွင် နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာကြသည်။

အဖွဲ့နှစ်ဖွဲ့ခွဲ၍ လေ့လာ

တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့များသည် ယနေ့ နံနက်ပိုင်းမှ စတင်ကာ အထင်ကရ နေရာများဖြစ်သည့် အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)၊ တပ်မတော် စစ်သမိုင်းပြတိုက် (နေပြည်တော်)၊ အမျိုးသား ပြတိုက်၊ တိရစ္ဆာန်ဥယျာဉ်၊ နက္ခတ်တာရာပြခန်းနှင့် နေပြည်တော် မြို့မဈေးတို့သို့ အဖွဲ့နှစ်ဖွဲ့ခွဲ၍ သွားရောက် လေ့လာကြသည်။

ကချင်ပြည်နယ် ရိုးရာယဉ်ကျေးမှုအဖွဲ့မှ မကိုင်ဂျာက “ဒီနေ့မှာတော့ အမျိုးသားအထိမ်းအမှတ် ဥယျာဉ်၊ စစ်သမိုင်းပြတိုက်၊ အမျိုးသားပြတိုက်၊ တိရစ္ဆာန်ဥယျာဉ်၊ နက္ခတ်တာရာပြခန်းနဲ့ နေပြည်တော်မြို့မဈေးတို့ကို ကြည့်ရှု လေ့လာခဲ့ပါတယ်။ အခုပထမဆုံးအကြိမ် ရောက်ဖူးတာပါ။ အခုလို တိုင်းရင်းသားပေါင်းစုံနဲ့ လေ့လာခွင့်ရတာ စိတ်ထဲမှာ ပျော်ရွှင်ပီတိဖြစ်မိပါတယ်။ နောက်လည်း အခွင့်ကြုံရင် လာလည်ချင်ပါသေးတယ်။ လိုက်လံပို့ဆောင်ပေးတဲ့ တာဝန်ရှိသူ တွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။

ကရင်ပြည်နယ်ရိုးရာယဉ်ကျေးမှုအဖွဲ့မှ အကနည်းပြ စောအောင်ကျော်ငြိမ်းက “အခုလို လည်ပတ် လေ့လာခွင့်ရတာ မတွေ့ဖူး၊ မမြင်ဖူးတာတွေ မြင်တွေ့ရတယ်။ အမျိုးသားပြတိုက်မှာဆိုရင်လည်း ကိုယ်မသိတဲ့ ကိုယ့်နိုင်ငံက ဘုရင်တွေအုပ်ချုပ်ခဲ့တဲ့ ပုံစံလေးတွေ၊ ရှေးဟောင်းအသုံးအဆောင် ပစ္စည်းလေးတွေကို တွေ့ခဲ့ရပါတယ်။ စစ်သမိုင်းပြတိုက်မှာဆိုရင်လည်း တပ်မတော်ကို ဘယ်လို ဖွဲ့စည်းတည်ထောင်ခဲ့တယ်၊ ဘယ်လိုသမိုင်း ကြောင်းရှိခဲ့တယ်ဆိုတာကို လေ့လာခွင့်ရခဲ့ပါတယ်။ အခုလိုလည်ပတ်ခွင့်ရတာ ဗဟုသုတတွေလည်း အများကြီးရတယ်။ ပြည်ထောင်စုနေ့မှာ တိုင်းရင်းသားတွေ အားလုံး ချစ်ချစ်ခင်ခင်၊ ရင်းရင်းနှီးနှီး၊ စည်းစည်းလုံးလုံးနဲ့ ဖျော်ဖြေတင်ဆက် ခွင့်ရတဲ့အတွက် ကရင်တိုင်းရင်းသား တစ်ဦးအနေနဲ့ အများကြီး ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ အခွင့်အရေးကြုံရင် နောက်ထပ်လည်း ဖျော်ဖြေတင်ဆက် ချင်ပါသေးတယ်” ဟုပြောသည်။

လေ့လာကြမည်

တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့တွင် ကချင် ပြည်နယ်မှ ၆၂ ဦး၊ ကယားပြည်နယ်မှ ၈၀ ၊ ကရင် ပြည်နယ်မှ ၄၀ ၊ ချင်းပြည်နယ်မှ ၄၀၊ တနင်္သာရီတိုင်း ဒေသကြီးမှ ၄၀ ၊ မွန်ပြည်နယ်မှ ၃၄ ဦး၊ ရခိုင်ပြည်နယ်မှ ၃၆ ဦး၊ ရှမ်းပြည်နယ်မှ ၇၉ ဦး စုစုပေါင်း ၄၁၁ ဦး ပါဝင် ကြောင်းသိရပြီး လေ့လာရေးဒုတိယနေ့အဖြစ် ဖေဖော် ဝါရီ ၇ ရက်တွင် ဥပ္ပါတသန္တိစေတီတော်၊ နေပြည်တော် ဗုဒ္ဓဂယာ၊ ရေပန်းဥယျာဉ်၊ ကျောက်မျက်ရတနာပြတိုက်၊ Junction Centre နှင့် လွှတ်တော် အဆောက်အအုံတို့သို့ သွားရောက်လေ့လာကြမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရိုးရာယဉ်ကျေးမှု အဖွဲ့များကို ပြည်ထောင်စုနေ့ အခမ်းအနား များသို့ တက်ရောက်ရန် နှစ်စဉ်ဖိတ်ကြားခြင်းမှာ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအကများကို အပြန်အလှန်ဖလှယ် နိုင်စေရန်နှင့် ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရန် ဖိတ်ကြား ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း-ဟန်လင်းနိုင်၊ ဟိန်းမင်းစိုး

ဓာတ်ပုံ-ထန်းဖုန်