သီပေါ ဖေဖော်ဝါရီ ၇
(၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါ မြို့နယ် မြို့တော်ခန်းမတွင် ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်ပရိသတ်များက ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံနှင့်ရှမ်းအလံတို့အား အလေးပြုခဲ့ကြပြီး ရှမ်းပြည်နယ်နေ့ အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီ သဘာပတိ ဦးစိုင်းသာလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော သဝဏ်လွှာအား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျကလည်းကောင်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်ထံမှ ပေးပို့သော သဝဏ်လွှာအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ဦးစိုင်းထွန်းအေးကလည်းကောင်း၊ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပေးပို့လာသော သဝဏ်လွှာအား ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုင်းအောင်သိန်းက လည်းကောင်း၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ပေးပို့သော သဝဏ်လွှာအား ဦးစိုင်းလောဝ်ဆိုင်တို့က အသီးသီး ဖတ်ကြားခဲ့ကြကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးက ရှမ်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံ အကြောင်း ကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက အကအလှများဖြင့်ဖျော်ဖြေတင်ဆက် ကပြ ခဲ့ကြပြီး နောက် အခမ်းအနားတွင် ပြသထားသော တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုပြခန်းများကို ကြည့်ရှု ခဲ့ကြကာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အစားအစာများကျွေးမွေးခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် များ၊ ဌာနဆိုင်ရာများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မြို့ပေါ်နှင့်ရပ်ကွက်များနှင့် ကျေးရွာများရှိဒေသခံပြည်သူများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ မြို့မိမြို့ဖများ စုစုပေါင်း (၆၇၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)