လွိုင်ကော် ဖေဖော်ဝါရီ ၇
လွိုင်ကော် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊ အဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ် များအား ပထမ(၃)လပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် လွိုင်ကော်မြို့ ၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်(၈)ခုရှိပြီး ၎င်းလုပ်ငန်းစဉ်များအနက် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသည်ဖြစ်ရာ လူမှုရေးပင်စင်အပြင်၊ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ပေးခြင်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နေ့စဉ်လူနေမှုဘဝများအတွက် အထောက်အပံ့ကောင်းများ ရရှိအောင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေနှင့် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် မှစ၍ အသက်(၉၀)နှစ်နှင့်အထက် ဘိုးဘွားများအား တစ်ဦးလျှင် တစ်လ(၁) သောင်းနှုန်းဖြင့် (၃) လတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ၂၀၁၈ - ၂၀၁၉ ခုနှစ်မှစ၍ အသက်(၈၅)နှစ်သို့ လျှော့ချပြီး လူမှုရေးပင်စင် ပေးအပ်ခြင်းများကိုဖြေလျှော့ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်တွင် ပထမ(၃) လပတ်အတွက် ကယားပြည်နယ်မြို့နယ် (၇) မြို့နယ်၌ အသက်(၈၅)နှစ်အထက် အဘိုး/ အဘွား (၆၁၇) ဦးတို့ကို လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် (၁၈၅၁၀၀၀၀)ကို ထောက်ပံ့ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့ လွိုင်ကော်မြို့နယ်တွင် အဘိုး/အဘွား (၃၁၇) ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေစုစုပေါင်း (၉၃၆၀၀၀၀) ကျပ်အား ထောက်ပံ့ပေးအပ် သွားမှာဖြစ်ကြောင်း၊ ကယားပြည်နယ်အတွင်းရှိမြို့နယ်(၇) မြို့နယ်တွင်၊ ကိုယ်ဝန်ဆောင်မိခင် (၅၂၂၉)ဦးနှင့် အသက် (၂) နှစ်အောက် ကလေး ငယ် (၅၃၅၂)ဦး ၊ စုစုပေါင်း (၁၀၅၈၁) ဦးတို့အား ထောက်ပံ့ငွေပေါင်းမှာ ကျပ်သိန်း (၄၆၃၉၉၅၀၀၀)ရှိကြောင်း၊ ယခု လွိုင်ကော်မြို့နယ်၌ ပထမ(၃)လပတ်အတွက် ကိုယ်ဝန်ဆောင်မိခင် (၁၈၇၂)ဦးနှင့် အသက်(၂) နှစ်အောက် ကလေးငယ် (၂၃၁၀)ဦး စုစုပေါင်း(၄၁၈၂)ဦးအတွက် ထောက်ပံ့ငွေကျပ်သိန်း (၁၇၇၁၃၅၀၀၀)အား ပေးအပ်သွားမှာဖြစ်ကြောင်း၊ ထောက်ပံ့ငွေမရရှိသေးသူများရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးစေလိုကြောင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။
ထို့နောက် အသက်(၈၅)နှစ်နှင့်အထက် အဘိုး/ အဘွားများအတွက် လူမှုရေးပင်စင်နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)အောက် ကလေးသူငယ်များအား ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး၊ ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးနှင့် တာဝန်ရှိသူတို့က ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ်ဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များကိုယ်စား မိခင်တစ်ဦးမှ ကျေးဇူးတင်စကားပြန် လည်ပြောကြားပြီး ပြည်နယ် ဝန်ကြီးနှင့် တာဝန်ရှိသူများက အဘိုး/အဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များကို ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေများအား ကြည့်ရှုအား ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အဘိုး/အဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့၏ ကလေးငယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ထွန်းလေး(ပြန်/ဆက်)