(၇-၂-၂၀၂၀ ရက်နေ့၊ ည (၇:၄၅) နာရီ)
၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် 2019-nCoV လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ဂိတ်များတွင် လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့် လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံ များနှင့်ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်ရာတွင် လပွတ္တာခရိုင် အတွင်းမှ (၂၆-၁၂-၂၀၁၉) ရက်နေ့မှစတင်၍ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ဂျယ်ခေါင်မြို့သို့ အလုပ်လုပ်ရန် သွားရောက်ခဲ့ပြီး(၂၇-၁-၂၀၂၀) ရက်နေ့ တွင် လပွတ္တာမြို့သို့ ပြန်လည်ရောက်ရှိခဲ့သည့် အသက်(၅၁)အရွယ် အမျိုးသား (၁) ဦးသည် (၂၈-၁-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားနာခြင်းနှင့် ချောင်းဆိုးခြင်း လက္ခဏာများ ခံစားခဲ့ရပြီး ၎င်း၏ ဇနီးဖြစ်သူ အသက်(၃၁)နှစ်အရွယ် အမျိုးသမီးတစ်ဉီးသည်လည်း (၄-၂-၂၀၂၀)ရက်နေ့မှ စတင်၍ အဖျားရောဂါ လက္ခဏာခံစားခဲ့ရသဖြင့် ၎င်းတို့နှစ်ဦးလုံးမှ ပြင်စလူမြို့နယ်ခွဲဆေးရုံသို့ (၆-၂-၂၀၂၀) ရက်နေ့တွင် သွားရောက် ပြသခဲ့ရာ အဆိုပါလူနာနှစ်ဦးအား ယင်းနေ့တွင်ပင် လပွတ္တာခရိုင်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းညွန်းပို့၍ စောင့်ကြပ်ကြည့်ရှုကုသမှု ပေးလျက် ရှိပါသည်။ ၎င်းလူနာ (၂) ဦးတွင် ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိပါ။ အဆိုပါလူနာ(၂) ဦးထံမှ ဓာတ်ခွဲနမူနာ များရယူထားပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ပေးပို့ စစ်ဆေးသွားမည်ဖြစ်ပါသည်။
၃။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မွန်တိန်မြို့နယ်မှ (၃-၂-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည့် သဲကုန်းမြို့နယ်မှ အသက်(၃၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် (၁-၂-၂၀၂၀) ရက်နေ့မှ စတင်၍ ဖျားနာခြင်း၊ လည်ချောင်းနာခြင်းနှင့် ချောင်ဆိုးခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် (၆-၂-၂၀၂၀)ရက်နေ့၊ ညနေ(၆:၀၀) နာရီတွင် သဲကုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက် ပြသခဲ့ရာ လူနာအား ၎င်းဆေးရုံတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပါသည်။ ၄င်းလူနာတွင် ပြင်းထန်အသက်ရှူ လမ်းကြောင်းဆိုင်ရာလက္ခဏာများ မတွေ့ရှိရကြောင်းနှင့် ၎င်းထံမှ ဓာတ်ခွဲနမူနာများရယူထားပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
၄။ သို့ဖြစ်ပါ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် 2019-nCoV လတ်တလောက် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ရောဂါစောင့်ကြပ်ကြည့်ရှု့မှုနှင့် ကာကွယ်ထိန်ချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့(၇-၂-၂၀၂၀)ရက်နေ့၊ ညနေ(၇:၃၀) နာရီအချိန်အထိ သံသယလူနာ(၂)ဦးအပ်အဝင် လူနာ(၉)ဦးတို့အား ဆေးရုံတွင် ဆက်လက်၍ စောင့်ကြပ်ကြည့်ရှု့ကုသပေးလျက်ရှိပါသည်။
၅။ အဆိုပါ စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသော လူနာများအနက် လှိုင်သာယာပြည်သူ့ ဆေးရုံမှ ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကုမှုခံယူခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသား၊ အသက်(၃၂)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် မင်းပြားမြို့နယ်ဆေးရုံတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုခံယူနေသော အသက်(၃၈)နှစ်အရွယ် အမျိုးသားတစ်ဦးတို့၏ ဓာတ်ခွဲအဖြေများတွင် 2019 Novel Coronavirus ဗိုင်းရပ်ရောဂါပိုး မရှိပါကြောင်း(၇-၂-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် သိရှိရသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုသင့်၊ မပြုသင့် ဆက်လက်စောင့်ကြပ် ကြည့်ရှုလျက်ရှိပါသည်။ (ယနေ့ညနေ (၆:၄၀) တွင် သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။
၆။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် 2019 Novel Coronavirus ရောဂါစောင့်ကြည့်လူနာနှင့် သံသယလူနာများတွေ့ရှိပါက ဆက်လက်သတင်းထုတ်ပြန်သွားမည် ဖြစ်ပါသည်။
Ref; Ministry of Health and Sports, Myanmar