Skip to main content

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့၏ (၁/ ၂၀၂၀) အစည်းအဝေးကျင်းပ

နေပြည်တော်  ဖေဖော်ဝါရီ ၇

မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့၏ ၁/၂၀၂၀ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်၊ အတွင်းရေးမှူးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ခင်ဇော်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး မွေးဖွားသည်မှ သေဆုံးသည့်အချိန်အထိ စားသုံးနေရသော အစားအစာများ အရည်အသွေးပြည့်မီ၍ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လည်းကောင်း၊ ရောဂါဖြစ်ပွားပါက သုံးစွဲရသည့် ဆေးဝါးများ အရည်အသွေးပြည့် မီရေးတို့နှင့် ပတ်သက်၍ ဤဗဟိုအာဏာပိုင် အဖွဲ့ဝင်များ၏ အကြံပြုချက်နှင့် လမ်းညွှန်ချက်များသည် နိုင်ငံတော်အဆင့်အနေဖြင့် အရေးကြီးသည်ကို သိရှိခြင်းကို နောက်ခံထား၍ မိမိတို့အားလုံး စုပေါင်းဝိုင်းဝန်းဆွေးနွေးရန်လိုပါကြောင်း။

၂၀၁၅ ခုနှစ်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ကို ပြောင်းလဲလာသော ခေတ်စနစ် နှင့်အညီ ကြီးကြပ်ကွပ်ကဲရေးကိစ္စများ စနစ်တကျ ပိုမိုလုပ်ဆောင်နိုင်ရန် ဗဟိုအာဏာပိုင်အဖွဲ့၏ ဖွဲ့စည်းပုံ၊ အဖွဲ့ဝင်အမျိုးအစားနှင့် အရေအတွက်၊ တာဝန်နှင့်ဝတ္တရားများကိုလည်းသုံးသပ်ပြီး လိုအပ်သလိုပြုပြင်ဖွဲ့စည်း ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ အစားအသောက် ဘေးကင်းလုံခြုံမှုမရှိပါက လတ်တလောကျန်းမာရေး ပြဿနာများအပြင် ရေရှည်တွင် ကင်ဆာရောဂါအမျိုးမျိုး၊ အသည်းနှင့် ကျောက်ကပ်ရောဂါများ၊ သွေးချို ဆီးချိုနှင့် သွေးတိုးရောဂါ ထိုမှတဆင့် နှလုံးနှင့် နှလုံးသွေးကြော ကျဉ်းရောဂါများ ဖြစ်ပွားနိုင်ကြောင်း၊ ဤနာတာရှည်ရောဂါများ ဖြစ်ပွားပါက ပြည်သူများ အတွက်သာမက နိုင်ငံတော်အတွက်ပါ များစွာသောဆိုးကျိုးများဖြစ်ပေါ်လာနိုင်သဖြင့် မိမိတို့ ဗဟိုအာဏာပိုင် အဖွဲ့မှ တိကျပြတ်သားစွာ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အချက်အလက်များကို အခြေခံ၍ ဆုံးဖြတ်ရမည်ဖြစ်ပါကြောင်း။

ဗဟိုအာဏာပိုင်အဖွဲ့၏ ဆုံးဖြတ်ခြင်းများသည် မြန်မာနိုင်ငံပြည်သူပြည်သား ကျန်းမာစေရမည် ဟူသောခံယူချက်ကို နောက်ခံထား၍ ဆုံးဖြတ်ချက်များ ချရမည်ဖြစ်ပါ ကြောင်း၊ အစားအသောက်၊ ဆေးဝါးများနှင့်ပတ်သက်၍ ကုန်ကြမ်းများတင်သွင်းခြင်း၊ မှတ်ပုံတင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ ခွင့်ပြုချက် လိုင်စင်ထုတ်ပေးရာတွင် အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးကို အထူးဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ပြီး အခြားကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို တတ်နိုင်သမျှလျှော့ချပြီး လွယ်ကူလျင်မြန်စွာ ခွင်ပြုချက်များ ထုတ်ပေးနိုင် ရေးအတွက် စဉ်စားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

အစားအသောက်၊ ဆေးနှင့်ဆေးပစ္စည်း၊ အလုပ်ကုန်များနှင့်ပတ်သက်၍ ထောက်ခံချက် လက်မှတ်များရယူခြင်း၊ မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်းများအတွက် လိုအပ်ချက်များ၊ အထောက်အထားများနှင့် လုပ်ထုံးလုပ်နည်းများကို အလွယ်တကူသိရှိစေနိုင်ရန်အတွက် အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အင်တာနက်စာမျက်နှာတွင် အသိပေး ကြေညာထား မည်ဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာကျင့်ဝတ်၊ ဆေးပညာရပ်ဆိုင်ရာ ကျင့်ဝတ်များနှင့် လိုက်လျောညီထွေရှိသောဆုံးဖြတ်ချက်များကိုလည်း ချမှတ်ရမည်ဖြစ်ပါ ကြောင်း။

အစားအသောက်နှင့် ဆေးဝါးများ အရည်အသွေးကို စိတ်ချစေရန်အတွက်လိုင်စင် ခွင့်ပြုချက် ထုတ်ပေးပြီးနောက်လည်း ဈေးကွက်တွင် ရောင်းချနေသော အစားအသောက်နှင့် ဆေးဝါးနမူနာ များကိုရယူပြီး ပုံမှန်စစ်ဆေးမှုကို အထူးအားဖြည့်ဆောင်ရွက်ရန် အစားအသောက် နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနအား မိမိညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ ဗဟိုအဖွဲ့ဝင်များက ဤကိစ္စနှင့် ပတ်သက်၍ ထပ်မံဆွေးနွေး အကြံပြုကြစေလိုပါကြောင်း။

စိုက်ပျိုးရေးဌာနမှလည်း မိမိတို့နေ့စဉ်စားသုံးနေသော အသီးအနှံများ ဘေးကင်းလုံခြုံစေရေးနှင့် မှန်ကန်သင့်လျော်သော ပိုးသတ်ဆေး များကိုသာ တင်သွင်းရောင်းချ အသုံးပြုစေရေးကို ဆောင်ရွက်စေလိုပါကြောင်း၊ သို့မဟုတ်ပါက ရေရှည်တွင် ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ သွေးရောဂါနှင့် ကင်ဆာရောဂါအမျိုးမျိုး မြန်မာနိုင်ငံ၌ ဖြစ်ပွားနှုန်းများတက်လာမည်ဖြစ်ပါ ကြောင်း။

ဗဟိုအာဏာပိုင်အဖွဲ့ဝင်တိုင်းသည် တန်းတူညီမျှအရေးကြီးပြီး အဖွဲ့ဝင်အားလုံးက သက်ဆိုင်ရာဌာနအလိုက် တစ်ဦးကိုတစ်ဦး အပြန်အလှန် အားဖြည့်ဆွေးနွေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏လုပ်ငန်းများ ပိုမိုထိရောက်ချောမွေ့လျင်မြန်စေရန် အတွက်ဗဟို အဖွဲ့ဝင် များအကြားတွင် ပုံမှန်ဆက်သွယ်မှုရှိရန်နှင့် ဆက်သွယ်ရေးလမ်းကြောင်းကောင်းမွန်ရေးကို မိမိတို့တည်ဆောက်မည် ဖြစ်ပါကြောင်း၊ မိမိတို့နေ့စဉ်သောက်သုံးနေရသော သောက်ရေသန့်များကို စစ်ဆေးခြင်းလုပ်ငန်းနှင့် လိုင်စင်ချပေးခြင်းလုပ်ငန်းများကို ပီပီပြင်ပြင်နှင့် စံလုပ်ထုံးလုပ်နည်းများကိုအသုံးပြု၍ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကျင့်သုံးလျက်ရှိသည့် အသုံးများသောစားသောက်ကုန်များတွင် ထောက်ခံချက်များ ကပ်ခြင်းကဲ့သို့ စားသုံးဆီများတွင် မြန်မာ FDA ထောက်ခံချက် (Myanmar FDA approved) ကဲ့သို့သောဟိုလိုဂရမ် (hologram) တံဆိပ်များ ကပ်ပေးခြင်းဖြင့် ပြည်သူများအနေဖြင့် စိတ်ချယုံကြည်စွာ ရွေးချယ်စားသုံးနိုင်မည်ဖြစ်ပြီးထောက်ခံချက် ဟိုလိုဂရမ်မရရှိသော စားသုံးဆီထုတ်လုပ်သူများမှလည်းရရှိစေရန် ကြိုးစားခြင်းဖြင့် စားသုံးဆီများ အားလုံးသည် အရည်အသွေးပြည့်ဝလာမည်ဖြစ်ပါကြောင်း၊ ဤဗဟိုအာဏာပိုင်အဖွဲ့အနေဖြင့် ပြည်သူများ၏ ကျန်းမာရေးနှင့် အကျိုးစီးပွားအတွက် ပြတ်ပြတ်သားသား ဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။

ယင်းနောက် ဗဟိုအာဏာပိုင်အဖွဲ့အတွင်းရေးမှူး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာခင်ဇော်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်၊ အလှကုန်ဆိုင်ရာ လေးနှစ်တာအတွင်း တိုးတက်ပြောင်းလဲမှုများနှင့်လည်းကောင်း၊ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင် အဖွဲ့ပြင်ဆင် ဖွဲ့စည်းမည့် ကိစ္စနှင့်ပတ်သက်၍လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေး ကော်မတီ၏ ကော်မတီ ဝင်များနှင့် လုပ်ငန်းတာဝန်များကို ပြန်လည်သုံးသပ်၍ စနစ်တကျ ဖွဲ့စည်းသွားမည့် ကိစ္စရပ်များ နှင့်ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံဆေးဝါး လုပ်ငန်းစက်ရုံမှ ပေးပို့ထားသော သွေးကြောသွင်း ဆေးရည်နှင့်ပတ်သက်၍ ဓာတ်ခွဲစစ်ဆေးတွေ့ရှိမှု အခြေအနေ များအား လည်းကောင်း ရှင်းလင်းတင်ပြသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခင်ချစ်မှဌာန၏ လက်ရှိရေးဆွဲလျက်ရှိသော ဥပဒေများနှင့် ပတ်သက်၍လည်းကောင်း၊ ဓာတ်ခွဲခန်းမှ ISO Accreditation ရရှိထားမှုအခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း တင်ပြသည်။ ဆက်လက်၍ သက်ဆိုင်ရာဌာနခွဲများအသီးသီးမှ အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်ဆိုင်ရာ ကြီးကြပ်ကွပ်ကဲခြင်းနှင့် အထွေထွေစျေးကွက်ထောက်လှမ်းရေး ကိစ္စရပ်များအားဆွေးနွေး တင်ပြလမ်းညွှန်မှုနာခံခဲ့ကြသည်။ ထို့နောက် တက်ရောက် လာကြသော အဖွဲ့ဝင်များမှ မိမိတို့ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေး တင်ပြခဲ့ကြပြီး ဆုံးဖြတ်ရန် အချက်များကို အတည်ပြုခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် မိမိတို့ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ အခက်အခဲနှင့် စိန်ခေါ်မှုများ၊ ပြဌာန်းထားသည့် ဥပဒေများ၊ ရေးဆွဲနေသည် ဥပဒေမူကြမ်းများ၊ ဖွဲ့စည်းထားသည့်ကော်မတီများနှင့် အကြံပေးအဖွဲ့များ၊ ရှေ့လုပ်ငန်းစဉ်များ၊ ပံ့ပိုးပေးရမည့် ကိစ္စရပ်များ၊ ဆုံးဖြတ်ပေးရမည့် ကိစ္စရပ်များအား ဗဟိုအာဏာပိုင်အဖွဲ့ဝင်များကို ကြိုတင်အသိပေး မျှဝေပေးရန်လိုအပ်ပါကြောင်း၊ သို့မှသာ ဗဟိုအာဏာပိုင်အဖွဲ့မှ သင့်လျော် မှန်ကန်သော အကြံပြုချက်များနှင့် ဆုံးဖြတ်ချက်များ ချမှတ်ပေးနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

(သတင်းစဉ်)