“တိုင်းရင်းသားပြည်သူများအပေါ် ခွဲခြားဆက်ဆံခြင်းမရှိဘဲ ဘက်လိုက်မှုကင်းပြီး ဥပဒေနှင့်အညီ တရားမျှတသော စီမံဆောင်ရွက်မှု၊ စီမံခန့်ခွဲမှုမျိုး ကို လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ယင်းမှာ ဒီမိုကရေစီ၏ အခြေခံအခွင့် အရေးဖြစ်ပါကြောင်း” ဖေဖော်ဝါရီလ ၇ ရက်နေ့ကတောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများနှင့် တွေ့ဆုံပွဲ၌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတသည် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး(၃)ရပ်တွင် တာဝန်ထမ်းဆောင်နေကြသည့် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများအား နိုင်ငံတော်၏မူဝါဒအား တိတိကျကျ မှန်မှန်ကန်ကန် အကောင်အထည် ဖော်ပေးနိုင်စေရန်၊ တိုင်းရင်းသား ပြည်သူများ၏ အခက်အခဲများကို ဦးစားပေးဖြေရှင်းဆောင်ရွက်ပေးနိုင်စေရန် ယင်းသို့အသိပေး ပြောကြားခဲ့ခြင်းဖြစ်သည်။
အမျိုးသားခေါင်းဆောင်ကြီးများ၊ တိုင်းရင်းသားခေါင်းဆောင်ကြီးများနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးသည် စည်းလုံး ညီညွတ်မှုကို အခိုင်အမာစိုက်ထူ၍ တောင်တန်း၊ မြေပြန့်မခွဲခြားဘဲ ဒီမိုကရေစီအခွင့်အရေးများ ရရှိစေရန်ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့သည်။ ထိုအခွင့်အရေး မျှော်လင့်ချက်များနှင့် တိုင်းရင်းသားသွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့သဖြင့် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော သန္နိဋ္ဌာန်ကိုစိုက်ထူကာ လွတ်လပ်ရေးကို အရယူနိုင်ခဲ့သည်။
ကျွန်ုပ်တို့သည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ခိုင်မာအောင်တည်ဆောက်ရာ၌ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရာ၌ လွတ်လပ်ရေး၏ အနှစ်သာရများ ဖြစ်သော လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်း စသည်တို့ပါဝင်သည့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ကြရမည် ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်မည်ဟု မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိသည်။ တိုင်းရင်းသားပြည်သူ အားလုံးအခွင့်အရေး တန်းတူညီမျှရရှိစေမည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်မည်ဟုလည်း သန္နိဋ္ဌာန်ချမှတ်ထားသည်။
ဒီမိုကရေစီ နိုင်ငံတည်ဆောက်နိုင်မှလည်း ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူအားလုံး တန်းတူညီမျှသည့် အခွင့်အရေးများ ရရှိကြမည်ဖြစ်သည်။ ဒီမိုကရေစီ အခွင့်အရေးရှိမှ လူ့အခွင့်အရေး ခံစားခွင့်များရရှိမည်ဖြစ်ပြီး တရားဥပဒေ စိုးမိုးမှုရှိမည်ဖြစ်သည်။ အကယ်၍ လူ့အခွင့်အရေး ချိုးဖောက်ခံရလျှင် ဒီမိုကရေစီအခွင့်အရေးများ ဆုံးရှုံးမည်ဖြစ်ပြီး တရားဥပဒေ စိုးမိုးမှုကင်းမဲ့ လာမည်ဖြစ်သည်။ တစ်နည်းဆိုလျှင် တရားဥပဒေစိုးမိုးမှုမရှိပါက လူ့အခွင့်အရေး ချိုးဖောက်ခံရမည်ဖြစ်ပြီး ဒီမိုကရေစီ အခွင့်အရေး များလည်း ဆိတ်သုဉ်းသွားမည်ဖြစ်သည်။ ယင်းအချက်သုံးချက်သည် အပြန်အလှန်ချိတ်ဆက်နေသဖြင့် နိုင်ငံတော်သမ္မတက မဏ္ဍိုင်ကြီး(၃)ရပ်တွင် တာဝန်ထမ်းဆောင်နေကြသူများအား ယင်းအချက်များကို အထူးဂရုစိုက်ရန် အသိပေးခဲ့ခြင်း ဖြစ်သည်။
တိုင်းရင်းသားပြည်သူများ၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီနိုင်ငံ၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရာတွင် မဏ္ဍိုင်ကြီး(၃)ရပ်တွင် ပါဝင်ထမ်းဆောင် နေကြသူများအနေဖြင့် တိုင်းပြည်ပြုပြင် ပြောင်းလဲရေးလုပ်ငန်း များအား မည်မျှပြုပြင် ပြောင်းလဲလုပ်ကိုင်နိုင်ကြသည်ကို ပြန်လည်ဆန်းစစ် သုံးသပ်ရန်လိုအပ်သည်။ တာဝန် ထမ်းဆောင်ရာတွင် တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးနိုင်မှ၊ တရားမျှတသည့် လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မှ ဒီမိုကရေစီ တည်တံ့ ခိုင်မြဲမည်ဖြစ်သည်။ ဒီမိုကရေစီတည်တံ့ ခိုင်မြဲအားကောင်းခိုင်မာမှ တိုင်းရင်းသားပြည်သူအားလုံး မျှော်လင့်သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက် နိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ မျှော်လင့်ချက်ဖြစ်သော ဒီမိုကရေစီ အခြေခံအခွင့်အရေးများ အပြည့်အဝရှိသည့် ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရန် ခိုင်မာသည့်ယုံကြည်ချက်၊ ခံယူချက်များ ထားရှိကြမည်ဆိုလျှင် ငြိမ်းချမ်းရေး ရရှိမည်ဖြစ်ပြီး ငြိမ်းချမ်းရေးရရှိလျှင် ပြည်ထောင်စုကြီးတစ်ခုလုံး ဖွံ့ဖြိုးအောင်၊ ခေတ်မီတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်၍ အားလုံးတက်ညီလက်ညီ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲဆောင်ရွက်သွားကြပါရန် တိုက်တွန်းအပ်ပါသည်။