Skip to main content

“သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော်ကြီးကတစ်ဆင့် ရရှိတဲ့ စည်းလုံးမှုဟာ လာမယ့်အနာဂတ်မှာ အကျိုးဖြစ်ထွန်းမယ်

ရန်ကုန်  ဖေဖော်ဝါရီ  ၇


မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက ဦးဆောင်၍ ကယားပြည်နယ်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။

ပွဲတော် နောက်ဆုံးညဖြစ်သည့် ယနေ့ညတွင် အင်ပါယာတီးဝိုင်းနှင့် အတူ Runner, The Key , K blood တီးဝိုင်းတို့ ပါဝင်ပြီး နိုင်ငံကျော် တေးသံရှင်များ ဖြစ်ကြသည့် ဇော်ဝင်းထွဋ်၊ ဝေလ၊ သာဒီးလူ၊ အောင်ထက်၊ နီနီခင်ဇော်နှင့် ချမ်းချမ်း တို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ပွဲတော် နောက်ဆုံးနေ့တွင် လာရောက် ဖျော်ဖြေခဲ့ကြသည့် အနုပညာရှင်၊ လုပ်ငန်းရှင်များနှင့် လာရောက် လည်ပတ် ခဲ့ကြသူများ၏ စကားသံများကို ဖော်ပြလိုက်ပါသည်။

စောမိုရှေး(ဒုတိယဥက္ကဋ္ဌ)

ကယားတိုင်းရင်းသား လုပ်ငန်းရှင် များအသင်း

ကျွန်တော်တို့ ပြည်နယ် သေးသေးလေးအနေနဲ့ အခုလို ကြီးမားတဲ့ပွဲတော်ကြီးကို ကျင်းပခွင့် ပြုပေးတဲ့ မြန်မာ နိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၊ တိုင်းရင်း သားလူမျိုးများရေးရာ ဝန်ကြီးဌာန တို့အပြင် လိုအပ် တာတွေကို အစစ အရာရာ ကူညီပေးတဲ့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နဲ့ ကယား ပြည်နယ် အစိုးရ အဖွဲ့ကို အထူးပဲ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ လာမယ့်နှစ်မှာ ကရင်တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းက ကျင်းပ ခွင့်ရတယ်ဆိုတော့ သူတို့ကိုလည်း ပွဲတော်ရဲ့ အတွေ့အကြုံတွေကို ကျွန်တော်တို့ တတ်နိုင် သလောက် ဝေမျှပေးမယ်။ နောင်နှစ်တွေမှာ လည်း ဒီထက်ပိုကောင်းအောင် ပိုစည်ကားအောင် ကျင်းပနိုင်မယ်လို့ မျှော်လင့်ပါတယ်။

မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း အောက်မှာ ရှိတဲ့ အသင်း ၁၄ သင်းနဲ့ ပူးပေါင်းပြီး ဒီပွဲတော်ကို ကျင်းပခွင့်ရတဲ့အတွက် ကျွန်တော်တို့မှာ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ ရခဲ့ပါတယ်။ တိုင်းရင်းသား တစ်မျိုးနဲ့တစ်မျိုး ယဉ်ကျေးမှုတွေ ဓလေ့ထုံးစံတွေ မတူကြပါဘူး။ မတူသော်လည်း ဒီပွဲတော်ဖြစ် မြောက်အောင် အားလုံး က မတူတာတွေကို ထားခဲ့ပြီး တူတာ တွေကို ပေါင်းစပ် ဆောင်ရွက်ကြတဲ့ အတွက် ဒီပွဲတော်ကြီးကတစ်ဆင့် ရရှိတဲ့ စည်းလုံးမှုဟာ လာမယ့် အနာဂတ်မှာလည်း အများကြီး စည်းလုံးမှု အကျိုးဖြစ်ထွန်းမယ်လို့ ယုံကြည်ပါတယ်။

ချမ်းချမ်း(တေးသံရှင်)

ဒီနှစ်က ရန်ကုန်မှာရော၊ ကယား ပြည်နယ်မှာရော နှစ်နေရာလုံး ဖျော်ဖြေဖြစ်တယ်။ ဒီပွဲတော်က တိုင်းရင်း သားတွေရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့တွေကို တစ်နေရာတည်းမှာ လေ့လာခွင့်ရတယ်။ အစားအသောက် တွေလည်းပါတော့ မစားဖူးသေးတဲ့ အစားအစာတွေကိုလည်း မြည်းစမ်း ခွင့်ရတယ်။ ပျော်စရာပွဲတော်တစ်ခု တည်းမဟုတ်ဘဲ ဗဟုသုတလည်း ရမယ်၊ စတိတ်ရှိုးလည်း အခမဲ့ကြည့် ရမယ်။ ညီမလည်း တိုင်းရင်းသူ တစ်ယောက်ပဲ။ မိသားစုဝင်တွေ၊ ဆွေမျိုးတွေကို လေ့လာလို့ရသလို အခြား မတူညီကွဲလွဲတဲ့ ရိုးရာတွေကို လေ့လာလို့ရတယ်။


ဒေါ်လေးပျို

ပန်းကံ့ကော်တိုင်းရင်းသားပိုးထည် ချည်ထည်ရောင်းဝယ်ရေး

သွေးချင်းတို့ရဲ့ ပွဲတော်ကို ဒီနှစ်မှ စပြီး ပါဝင်ရောင်းချဖြစ်တာပါ။ ဒီပွဲက အခြားပွဲတွေနဲ့ မတူပါဘူး။ လူဝင်များ တဲ့အတွက် ရောင်းလို့ ဝယ်လို့ကောင်း ပါတယ်။

မကေသွယ် (ဗဟန်းမြို့နယ်)

ပွဲတော်လာရောက်ကြည့်ရှုသူ


တိုင်းရင်းသားတွေရဲ့ ရိုးရာ ဓလေ့ထုံးစံတွေကို သိမြင်ခွင့်ရတဲ့ အတွက် ဗဟုသုတရစရာအများကြီး ရှိတာကြောင့် လာရောက်လေ့လာဖြစ် တာပါ။ အရင်ရက်တွေက မကြည့် ဖြစ်တဲ့ တိုင်းရင်းသားပြခန်းတွေကို ဆက်ကြည့်တယ်။ ရိုးရာထည်တွေ ဝယ်ဖြစ်တယ်။ မသိသေးတဲ့ တိုင်းရင်း သား ရိုးရာအစားအစာတွေကိုလည်း ဝယ်စားဖြစ်တယ်။

ဦးအောင်ငွေ(ဒုတိယအထွေထွေ
မန်နေဂျာ၊ ရွှေဆည်တော်ကိုးသုံးလုံးရောင်းဝယ်ရေးကုမ္ပဏီ)

သွေးချင်းတို့ရဲ့ ပွဲတော်ကို မနှစ်ကလည်း ပါဝင်ဖြစ်ပါတယ်။ ကျွန်တော်တို့ ထုတ်ကုန်တွေရဲ့ ဈေးနှုန်းက ပုံမှန်ဖြန့်ဖြူး ရောင်းချ တာတွေထက် ဈေးနှုန်းချပြီးရောင်းချ ပေးတယ်။ ပစ္စည်းတွေကိုလည်း လက်ဆောင် ပေးပြီး ရောင်းချပါတယ်။ မနှစ်ကတော့ ကချင်ပြည်နယ်က ဦးစီး ကျင်းပခွင့်ရခဲ့တယ်။ ယခုနှစ်ကတော့ ကယား ပြည်နယ်က ဦးစီးကျင်းပ တယ်။ ဒီလိုပွဲတော်တွေကို နှစ်စဉ် နှစ်တိုင်း ကျင်းပစေချင်ပါတယ်။ ကျွန်တော် တို့ရဲ့ ကုန်ပစ္စည်းတွေကို စားသုံးသူတွေ ဈေးသက်သက်သာသာ နဲ့ ဝယ်ယူခွင့်ရပြီး ပြည်သူနဲ့လည်း ထိတွေ့ခွင့် ရတယ်။ ပျော်ပျော်ပါးပါး ရှိကြတယ်။

မအိဖြိုးချယ်ရီ

စီးပွားရေးလုပ်ငန်းရှင်

အခုည စတိတ်ရှိုးမှာ ညီမတို့ ကြိုက်တဲ့ အဆိုတော်တွေပါတဲ့ အတွက် ကြိုက်ပါတယ်။ ဦးညီထွဋ်ကို ကြိုက်တယ်။ နီနီခင်ဇော်တို့လည်း ပါတယ်။ ညီမတို့ကလည်း ကယား လူမျိုးတွေဆိုတော့ စည်းလုံးခြင်းက အလွန်အရေးကြီးတယ်။ စည်းလုံးမှ လည်း တိုင်းပြည်ငြိမ်းချမ်းမှာလေ။

တွေ့ဆုံမေးမြန်း-
ဝင်းဝင်းမော်၊ ညွန့်ကိုကို

ဓာတ်ပုံ-ဇော်မင်းလတ်