လွိုင်ကော် ဖေဖော်ဝါရီ ၈
လွိုင်ကော်မြို့၊ ချိကယ်ကျေးရွာအုပ်စု၊ ဒေါကလိုးခူကျေးရွာ၊ ဖဲဘူးဆို(ခေါ်) နတ်တောင်တော် ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့အေးချမ်းရေး သဘာဝကျောက်သား ဓာတ်ပေါင်းစုလာဘမုနိ ဆုတောင်းပြည့် ရုပ်ရှင်တော်မြတ် ဗုဒ္ဓါဘိသေက မင်္ဂလာအခမ်းအနားနှင့် အောင်ဝိဇ္ဇာညီနောင် ဆုတောင်းပြည့် ငြိမ်းချမ်းရေး ပြယုဂ် ကျောက်ဆင်တော်နှင့် ကျိုက်ခြေထောက် သဘာဝကျောက် စေတီတော် ဓမ္မာရုံအလှူဒါန အတွက် ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်က ဒေါကလိုးခူကျေးရွာ၊ ဖဲဘူးဆို(ခေါ်)နတ်တောင် ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ တက်ရောက်လာကြသည့် ဧည့်သည်တော်တို့က ဆရာတော် ၊ သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားအား ဆရာတော်၊ သံဃာတော်များနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့မှ “နမောတဿ” (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား စတင်ဖွင့်လှစ်သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ဆရာတော်၊ သံဃာတော်များထံမှ (၅)ပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော် ၊ သံဃာတော် အရှင်သူမြတ်တို့မှ ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူခြင်းများဆောင်ရွက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ဆရာတော် ၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူတော်ငွေ များကို ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ကျိုက်ခြေထောက် သဘာဝကျောက်စေတီတော်၌ သာသနိက အဆောက်အအုံ ဆောက်လုပ်ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ်(၁၀)သိန်းအား ဂေါပကထံသို့ ပေးအပ် လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဆရာတော်၊ သံဃာတော်များထံ မှ အနုမောဒနာ တရားနှင့် ရေစက်ချတရား တော်များ နာယူခဲ့ကြပြီး “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” (၃) ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါ ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ဆရာတော်၊ သံဃာတော်များ၊ ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် အလှူရှင်များ၊ ဒေါကလိုးခူကျေးရွာမှ ဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွန်းလေး