နေပြည်တော် ဖေဖော်ဝါရီ ၈
မြန်မာနိုင်ငံတွင် (၆) ကြိမ်မြောက်ကျင်းပမည့် ဂျပန်-မြန်မာပွဲတော် ၂၀၂၀ အကြို ညစာစားပွဲ အခမ်းအနားကို ယနေ့ည (၇) နာရီက ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ကျင်းပသည်။
ညစာစားပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နှုတ်ခွန်းဆက်စကား ပြောကြားပြီး ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး မစ္စတာအိချိရိုမာရုရာမ က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်-မြန်မာ ပွဲတော် ၂၀၂၀ အတွက် ပေးပို့သည့် အမှာစကား သဝဏ်လွှာ ဗီဒီယိုဖိုင်ကို ဖွင့်လှစ်ပြသသည်။
ယင်းနောက် မြန်မာ-ဂျပန် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ မစ္စတာမာနို ဟိုက် ဒီတိုရှီမာနို က ကျေးဇူးတင်စကားပြောကြားသည်။
ယနေ့ကျင်းပသည့် အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာ-ဂျပန် ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဂျပန်-မြန်မာပွဲတော်သည် မြန်မာနှင့် ဂျပန် ပူးပေါင်းဖလှယ်မှုမှတစ်ဆင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးတက်ခိုင်မြဲစေရန် ရည်ရွယ်၍ကျင်းပသည့် ပွဲတော်ဖြစ်ပြီး ၂၀၁၄ ဒီဇင်ဘာမှ စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။ ဂျပန်-မြန်မာပွဲတော် ၂၀၂၀ ကို ဖေဖော်ဝါရီ (၉) ရက်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏဘူမိ Event Park ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်