Skip to main content

စည်းလုံးညီညွတ်မှုကို အင်အားအဖြစ်တည်ဆောက်

" ငြိမ်းချမ်းမှ တည်ငြိမ်၊ တည်ငြိမ်မှ ဖွံ့ဖြိုး၊ ဖွံ့ဖြိုးမှ ခေတ်မီ" ဆိုသည့်အတိုင်းတောင်တန်း၊ ပြည်မ ခွဲခြားခြင်းမရှိဘဲ ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်လာရေး အတွက် မိမိတို့အားလုံး ညီညီညွတ်ညွတ်ဖြင့် ဆက်လက်ကြိုးပမ်းအားထုတ် ကြရမည်ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က (၇၃) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် တိုက်တွန်းပြောကြားထားသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း တိုင်းရင်းသားညီအစ်ကိုအချင်းချင်းအကြား စိတ်ဝမ်းကွဲပြား ခဲ့ကြပြီး လက်နက်ကိုင် ပဋိပက္ခများ အချို့ဒေသများတွင် ဖြစ်ပွားနေဆဲဖြစ်ရာ ငြိမ်းချမ်းရေးကို လုံးဝမရရှိသေးဟု ဆိုရမည်ဖြစ်သည်။ ပြည်သူများအားလုံး တလုံးတစည်းတည်း စည်းလုံးညီညွတ်ခြင်းသည် နိုင်ငံငြိမ်းချမ်းသာယာမှု နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အား ဖြစ်သည်ကို မြန်မာ့သမိုင်းတွင်လည်းကောင်း၊ ကမ္ဘာ့သမိုင်းတွင်လည်းကောင်း မြင်တွေ့ နိုင်သည်။

ထို့ကြောင့် မည်သည့်အရေးကိစ္စ၊ မည်သည့်အကြောင်းကိစ္စတွင်မဆို စည်းလုံး ညီညွတ်မှု သည်သာ အဓိကအားထားရာဖြစ်သည်။ မြန်မာ့သမိုင်းတွင် တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို အခိုင်အမာသက်သေပြနိုင်သောကြောင့် တစ်တိုင်းပြည်လုံး လွတ်လပ်သော နိုင်ငံဖြစ်လာခဲ့သည်။ လွတ်လပ်သော နိုင်ငံဖြစ်သော်ငြားလည်း အချို့ဒေသများတွင် မငြိမ်း ချမ်းသောကြောင့် တည်ငြိမ်အေးချမ်းမှုမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှုနှင့်အလှမ်းဝေးကာ နိုင်ငံ ခေတ်မီ ရေး၌ နောက်ကျကျန်ခဲ့သည်။ ထို့ကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ကို ပြန်လည်တည်ဆောက်နိုင်ရန် ကြိုးပမ်းလျက်ရှိရာ လွန်ခဲ့သည့် ၇၃ နှစ်က ရှမ်းပြည်နယ် ပင်လုံမြို့လေးတွင် တည်ဆောက်ခဲ့သော စည်းလုံးညီညွတ်မှုမျိုး၊ နားလည်ယုံကြည်မှုမျိုး ပြန်လည်ရရှိမည်ဟု အခိုင်အမာယုံကြည်ထားကြောင်း နိုင်ငံတော်သမ္မတက ရှမ်းပြည်နယ်နေ့ သဝဏ်လွှာတွင် အသိပေးထားသည်။

ထိုသို့ အခိုင်အမာယုံကြည်ထားသည်ဖြစ်၍ ကျွန်ုပ်တို့တိုင်းရင်းသား ညီအစ်ကိုမောင်နှမ များအားလုံး စည်းလုံးညီညွတ်ကြရန်နှင့် နိုင်ငံတော် သမ္မတ၏ အလုပ်လမ်းညွှန် မှာကြားချက် များအတိုင်း လိုက်နာဆောင်ရွက် ကြရမည်ဖြစ်သည်။ မိမိပြည်နယ်၊ မိမိဒေသ အတွက် အကျိုးရှိမည်ဆိုပါက မည်သူ၏ အတွေးအခေါ်အယူအဆ၊ သဘောထားဖြစ်ဖြစ် ကောင်းမွန်ပါက လက်ခံရမည်ဖြစ်ပါကြောင်း၊ မတူညီသည့်အယူအဆကွဲပြားနေသည့် သဘောထားများကို ညှိနှိုင်းပေါင်းစပ်ပြီး မိမိပြည်နယ်၊ မိမိဒေသအကျိုးရှိ အောင် ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားထားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားပြည်သူအားလုံး တန်းတူ ညီမျှ ဖွံ့ဖြိုး တိုးတက် လာစေရန် ရည်ရွယ်လျက် တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပေးရန် မူဝါဒ ချမှတ်ထားပြီး ဒေသအလိုက် ဖွံ့ဖြိုး တိုးတက်အောင် ပြည်သူများအဓိက လိုအပ်သည့်ကဏ္ဍအလိုက် ဆောင်ရွက်ပေးနေသည်။ ဒေသအားလုံးဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်လျှင် ဒေသအားလုံးတည်ငြိမ်အေးချမ်း လာမည်ဖြစ်သည်။ ပြည်ထောင်စုသားအားလုံး အမျိုးသားတန်းတူရေး၊ အမျိုးသား ညီညွတ် ရေး၊ ဒီမိုကရေစီနှင့် အခြေခံလူ့အခွင့်အရေးများကို အာမခံချက် အပြည့်အဝ ပေးနိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွန်း လာရေးကိုလည်း မျက်ခြည်မပြတ် ကြိုးပမ်း ဆောင်ရွက် လျက်ရှိသည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသော နိုင်ငံဖြစ်သည်။ တိုင်းရင်းသား လူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများ ကွဲပြားမှုများသည် ပြည်ထောင်စု၏အလှတရားအဖြစ်ခံယူ၍ မတူကွဲပြားသူများအကြား အတွေးအခေါ်၊ အယူအဆကွဲပြားမှုများကို ညှိနှိုင်း ပေါင်းစပ်ပြီး အင်အားအဖြစ် စုစည်းကြ ရမည်ဖြစ်သည်။ အင်အားအဖြစ် စုစည်းနိုင်မည်ဆိုပါက ကျွန်ုပ်တို့၏ပြည်ထောင်စုကြီးသည် ငြိမ်းချမ်းသာယာ ဝပြောပြီး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

သို့ဖြစ်ရာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက် ရေး ပြီးမြောက် အောင်မြင်အောင် ကျွန်ုပ်တို့ပြည်ထောင်စုသား တိုင်းရင်းသား ပြည်သူအားလုံးက စည်းလုံး ညီညွတ်မှုကို အင်အားအဖြစ် တည်ဆောက်ကာ ပြည်ထောင်စုကြီး ဟန်ချက်ညီညီ ဖွံ့ဖြိုး တိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း။ ။