Skip to main content

ချင်းပြည်နယ် ကုလားတန်မြစ်ကူးတံတား(ပလက်ဝ) ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ မကြာမီဖွင့်လှစ်တော့မည်

ရန်ကုန် ဖေဖော်ဝါရီ ၈

ချင်းပြည်နယ်(မြောက်ပိုင်း) မင်းတပ် ခရိုင် မတူပီ - ပလက်ဝလမ်းပေါ် ရှိ ကုလားတန်မြစ်ကူးတံတား (ပလက်ဝ) သည် တံတားတည် ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ပြည်သူများ အသုံးပြုသွားလာနိုင်ရန် မကြာမီဖွင့်လှစ်တော့မည် ဖြစ်သည်။

ပလက်ဝမြို့သည် ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် ၅၄ မိုင်ခန့် ဝေးပြီး ကုလားတန်မြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိသည်။ ပလက်ဝမြို့သို့ ကုန်းလမ်းခရီးဖြင့်လာပါက ကုလားတန်မြစ်၏ အရှေ့ဘက်ကမ်းအထိသာ မော်တော်ယာဉ်များ သွားလာ၍ရရှိပြီး စက်လှေဖြင့် ရေကြောင်းခရီး လေးမိုင်ခန့် ထပ်မံစီးမှသာလျှင် ပလက်ဝမြို့သို့ ရောက်ရှိသည်။ သို့ဖြစ်၍ ပလက်ဝမြို့ရှိ ပြည်သူများ သွားလာရေးလွယ်ကူစေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည် ဆောက်ရေးအဖွဲ့(၁) က ၁-၅-၂၀၁၇ မှ စတင်၍ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

တံတားအရှည်မှာ ၅၉၂ မီတာ (၁၉၄၂ ပေ) ဖြစ်ပြီး ယခုအခါတွင် ပင်မတံတားသံပေါင် တပ်ဆင်ခြင်း လုပ်ငန်းမှာ ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်သည်။ ဆက်လက်၍ ပင်မတံတား သံပေါင်ပေါ်တွင် သံကူကွန်ကရစ် ကြမ်းခင်း ကျောက်ပြားခင်းခြင်း လုပ်ငန်း၊ လက်ရန်းတပ်ဆင်ခြင်း လုပ်ငန်းနှင့် အချောသပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

တံတားကြီး တည်ဆောက်ပြီးစီးပါက ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် စစ်တွေမြို့သို့ လည်းကောင်း၊ ချင်းပြည်နယ် မတူပီမြို့၊ မင်းတပ်မြို့နှင့် ဟားခါးမြို့သို့ လည်းကောင်း ကုန်းလမ်းခရီးဖြင့် အချိန်မရွေးသွားလာနိုင်ပြီး ကုန်စည်စီးဆင်းမှုလည်း မြန်ဆန်ခြင်းနှင့် ပြည်သူများ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး ပိုမို တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

 

ခရမ်းစိုးမြင့်