Skip to main content

ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နှာခေါင်းစည်း ငါးသန်းဖြန့်ဝေမည်

မန္တလေး ဖေဖော်ဝါရီ ၈

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် ပြင်းထန်အဆုတ်ရောင် ရောဂါ ကူးစက်ပျံ့နှံမှုမရှိစေရေးအတွက် ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နှာခေါင်းစည်း (Surgical Mask) ငါးသန်း ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ပြောသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှစတင် ဖြစ်ပွားသည့် အဆိုပါရောဂါကို မြန်မာနိုင်ငံသို့ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၇ ရက် ည ၇ နာရီခွဲက မန္တလေးမြို့ရှိ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ရာ အဆိုပါရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့အတွက် ပြည်ပနိုင်ငံကထောက်ပံ့တဲ့ နှာခေါင်းစည်းငါးသန်း ရဖို့ ရှိတယ်။ အခု ရန်ကုန်ဆိပ်ကမ်းကို ရောက်နေပါပြီ။ မကြာခင်ဖြန့်ဝေပေးတော့မှာဖြစ်ပါတယ်။ ဒီနှာခေါင်းစည်း ငါးသန်းကို ပြည်သူတွေဆီ ဖြန့်ဝေပေးလိုက်ရင် ဈေးတင်ရောင်းချနေ တာတွေ အလိုအလျောက် ရပ်တန့်သွားမှာပါ”ဟု ၎င်းက ပြောသည်။

အဆိုပါဗိုင်းရပ်စ်ရောဂါသတင်းကြောင့် လက်ရှိတွင် မန္တလေးမြို့ရှိ ဈေးဆိုင်အချို့တွင် နှာခေါင်းစည်းပြတ်လပ်မှု များဖြစ်ပေါ်နေပြီး ရောင်းချသည့် ဆိုင်အချို့တွင်လည်း နှာခေါင်းစည်း ၁၀ ခုပါ တစ်ထုပ်လျှင် ငွေကျပ် ၂၀၀၀မှ ၃၀၀၀ အထိ ဈေးခေါ်ရောင်းချမှု များရှိနေရာ လူမှုအဖွဲ့အစည်းများ၊ ပရဟိတအသင်းများနှင့် စေတနာရှင်အလှူရှင်များကလည်း လူစည်ကားရာဈေးများ၊ ကျောင်းများနှင့် ကားဂိတ်များတွင် အခမဲ့လိုက်လံဝေငှပေးလျက် ရှိသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်နှင့် အဖွဲ့သည် ဖေဖော်ဝါရီ ၇ ရက်က မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံတွင် ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုမှုခံယူနေကြသည့် ကျောင်းသား ကျောင်းသူများ၏ ကျန်းမာရေးအခြေအနေနှင့် နေထိုင်စားသောက်ရေးကိစ္စရပ်များ နှင့် ပတ်သက်၍ လာရောက်မေးမြန်း အားပေးစကားပြောကြားခဲ့ပြီး ညပိုင်းတွင် သတင်းမီဒီယာများနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံတွင် အဆိုပါ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကာကွယ်တားဆီးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ကာ ကြိုးစားလုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ သာထွန်းကျော်နှင့်အဖွဲ့က ပြည်သူများ စိုးရိမ်ထိတ်လန့်မှု မရှိစေရန် သတင်းမှန်များကို အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ဝူဟန်မြို့မှ ပြန်လည်ခေါ်ယူလာသည့် ကျောင်းသား ကျောင်းသူ ၅၉ ဦးနှင့် ကျန်းမာရေးဝန်ထမ်းသုံးဦးကို လူထုနှင့် မထိတွေ့စေဘဲ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း၊ ၎င်းတို့ထံမှ ၁၄ ရက်အတွင်း ရောဂါ လက္ခဏာမပေါ်ခဲ့ပါက မိသားစုထံသို့ သွားရောက်နိုင်ရန် စီစဉ်ပေးထားကြောင်း ရှင်းလင်းပြောကြားကာ မီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြား ပေးခဲ့ကြောင်းသိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)