Skip to main content

အောင်လအန်ဆန်၏ ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရမည့် ပြိုင်ဘက် ထွက်ပေါ်

 

ရန်ကုန် ဖေဖော်ဝါရီ ၈

 

ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ မြန်မာနိုင်ငံသား အောင်လအန်ဆန်၏ ချန်ပီယံကာကွယ်ပွဲကို ယခုနှစ်အတွင်း ကျင်းပမည်ဖြစ်ပြီး ယှဉ်ပြိုင်ထိုးသတ်ရမည့် ပြိုင်ဘက် ထွက်ပေါ်လာပြီဖြစ်သည်။ အောင်လအန်ဆန်သည် ချန်ပီယံကာကွယ်ပွဲအဖြစ် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် ထိုးသတ်ရမည်ဖြစ်ပြီး ကျင်းပမည့်နေရာနှင့် ရက်ကိုမူ ONE Championship က ပြန်လည် ထုတ်ပြန်မည်ဖြစ်သည်။

ONE Championship သည် ဖေဖော်ဝါရီ ၇ ရက်က အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့်ပြိုင်ပွဲမှ အနိုင်ရရှိသူကို မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို စိန်ခေါ်ခွင့်ပေးရန် ယင်းပွဲမတိုင်မီကတည်းက ကြေညာထားပြီး အနိုင်ရသည့် ဒီရစ်ဒါက အောင်လအန်ဆန်ကို စိန်ခေါ်ခွင့်ရခဲ့ခြင်းဖြစ်သည်။

ယင်းပွဲတွင် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါက ဘရာဇီးနိုင်ငံသား လီအန်ဒရိုကို အနိုင်ရခဲ့သောကြောင့် အောင်လအန်ဆန်၏ မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို စိန်ခေါ်ခွင့်ရခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ၂၀၁၇ ခုနှစ် ဇွန် ၃၀ ရက်တွင် ရယူနိုင်ခဲ့ပြီး နှစ်နှစ်ကျော် ကာလအတွင်း ချန်ပီယံကာကွယ်ပွဲ သုံးပွဲ ထိုးသတ်ထားကာ ယခုပွဲမှာ လေးပွဲ မြောက် ချန်ပီယံဆု ကာကွယ်ပွဲလည်းဖြစ်သည်။

အောင်လအန်ဆန်သည် ရုရှားနိုင်ငံသား ဗစ်တာလီ ဘစ်ဒက်ရှ်ကို အနိုင်ယူ၍ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ချန်ပီယံကာကွယ်ပွဲ နှစ်ပွဲ၊ ၂၀၁၉ ခုနှစ်တွင် ချန်ပီယံကာကွယ်ပွဲတစ်ပွဲ ထိုးသတ်ခဲ့သည်။ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲများအဖြစ် ၂၀၁၈ ခုနှစ် ဇွန် ၂၉ ရက်တွင် ဂျပန်နိုင်ငံသား ဟဆဲဂါဝါကို နောက်ဆုံး အချီတွင်လည်းကောင်း၊ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် လက်ဘနွန်နိုင်ငံသား ကရာကီကို ပထမအချီတွင်လည်းကောင်း၊ ၂၀၁၉ ခုနှစ် မတ် ၃၁ ရက်တွင် ဂျပန်နိုင်ငံသား ဟဆဲဂါဝါကို ဒုတိယအချီတွင်လည်းကောင်း သုံးပွဲစလုံး အလဲထိုးများဖြင့် အနိုင်ရခဲ့သည်။

အောင်လအန်ဆန်သည် ၂၀၁၉ ခုနှစ်တွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲတစ်ပွဲနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲတစ်ပွဲ ထိုးသတ်ခဲ့ပြီး အောက်တိုဘာ ၁၃ ရက်က နောက်ဆုံးထိုးသတ်သည့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲတွင် စိန်ခေါ်သူ ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗီရာကို ဒုတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့သည်။ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု စိန်ခေါ်ခွင့်ရခဲ့သည့် ဒီရစ်ဒါသည် MMA ကစားသမားဘဝ ၁၁ ပွဲစလုံး အနိုင်ရထားသူဖြစ်ပြီး ၂၀၁၉ ခုနှစ်မှစတင်ကာ ONE Championship နှင့် လက်တွဲခဲ့ခြင်းဖြစ်သည်။ ဒီရစ်ဒါသည် ONE Championship နှင့် သုံးပွဲထိုးသတ်ထားပြီး သုံးပွဲစလုံး အနိုင်ရထားကာ လေးပွဲမြောက်တွင် ကမ္ဘာ့ချန်ပီယံဆု စိန်ခေါ်ခွင့်ရခဲ့ခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် ONE ၏ ဝိတ်တန်းနှစ်ခု ချန်ပီယံဖြစ်ပြီး လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံ၌ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်